Friday, April 18, 2014

သီလဆိုသည်မှာ



( ဆရာကြီးရွှေဥဒေါင်း၏ ဂျန်းတယ်လ်မဲန်း အယူအဆနှင့်တွဲ၍ ဖတ်ပါရန် ) 
 
ကိုယ်၊ နှုတ်နှစ်ပါးနှင့်စပ်၍ အပြစ်များ မပေါ်ပေါက်ရအောင် ကိုယ်၊ နှုတ် နှစ်ပါးတို့ကို ကောင်းစွာထားခြင်းကို (ဝါ) ကိုယ်၊ နှုတ်နှစ်ပါးတို့ကို ကောင်းစွာ ထိန်းသိမ်းစောင့်စည်းခြင်းကို သီလ ဟုခေါ်ပါသည်။
          အပြစ်ဆိုသည်မှာ ထိခိုက်နစ်နာမှုပင် ဖြစ်သည်။ မိမိကိုဖြစ်စေ သူတစ်ပါးတို့ကိုဖြစ်စေ ထိခိုက်နစ်နာစေသောအပြုအမူ၊ အပြောအဆိုများသည် အပြစ်ရှိသောအပြုအမူ၊ အပြောအဆိုများ ဖြစ်သည်။ ထိုအပြုအမူ၊ အပြောအဆိုတို့ကား သူတစ်ပါးတို့ကို သတ်ဖြတ်ညှဉ်းဆဲမှု၊ သူတစ်ပါးဥစ္စာ ပစ္စည်းတို့ကို ခိုးယူ၊ လုယူ၊ တိုက်ယူ၊ သိမ်းယူမှု၊ ကာမဂုဏ်တို့၌ မှားမှားယွင်းယွင်း ယုတ်ယုတ်မာမာကျင့်မှု၊ အရက်သေစာ သောက်စားမှု၊ လိမ်လည်လှည့်ဖြား၊ မုသားပြောဆိုမှု၊ တစ်ဦးနှင့် တစ်ဦး မုန်းသွားအောင် ကုန်းချောမှု၊ ဆဲရေးတိုင်းထွာမှု၊ အနှစ်မရှိ အပြစ်ဖြစ်သော စကားမျိုးကို ပြောဆိုမှု စသည်တို့ဖြစ်ပါသည်။
          သီလဆိုသည်မှာ ကိုယ်နှုတ်နှစ်ပါးတို့နှင့် စပ်၍ ပြစ်မှုများ၊ ထိခိုက်နစ်နာမှုများ မဖြစ်ပွါးရအောင် ထိန်းသိမ်းကျင့်ကြံရခြင်း ဖြစ်၍ လူတို့၏ ကိုယ်ကျင့်တရားပင်ဖြစ်သည်။

သီလ ( ၂ ) မျိုး
-       ဝါရိတ္တသီလ
-       စာရိတ္တသီလ

ဝါရိတ္တသီလ
-       လွန်ကျူးလျှင် အပြစ်ရှိ၍ ရှောင်နိုင်၊ စောင့်ထိန်းနိုင်လျှင် အကျိုးရှိသောကြောင့် ဧကန်မပြုလုပ်ရဟု တားမြစ်ထားသည့်သီလကို ခေါ်ပါသည်။
-       သူ့အသက်သတ်ခြင်း၊ ဥစ္စာခိုးယူခြင်း၊ လိမ္မာပြောဆိုခြင်း စသော အပြုအမူ၊ အပြောအဆိုတို့ကို စောင့်ထိန်းထားသောကြောင့် ဝါရိတ္တသီလ ဆိုလိုပါသည်။
ဝါရိတ္တ- တားမြစ်ထားသည်ကို + သီလ- စောင့်ထိန်းခြင်း

စာရိတ္တသီလ
-       စာရိတ္တသီလကား မျိုးရိုးဓလေ့ထုံးစံလာ ကောင်းသော အကျင့်ဟူသမျှနှင့် ဝိနည်း၊ ခန္ဓကဝတ် စသည်တို့၌ လာသော ရဟန်းသာမဏေတို့၏ ကျင့်ဝတ်များ၊ သိင်္ဂါလောဝါဒသုတ်၊ မင်္ဂလသုတ် စသည်တို့၌လာသော လူ့ကျင့်ဝတ်များ စောင့်ထိန်းရမည့် သီလဖြစ်ပါသည်။
-       စာရိတ္တသီလကား ကျင့်ဝတ်တရားဖြစ်၍ လောကုတ္တရာ ကြီးပွါးချမ်းသာရေးထက် လောကီကြီးပွါးချမ်းသာရေးကို ပို၍ အကျိုးပြုပေသည်။
-       ထိုသို့အချင်းချင်း ပေါင်းသင်းဆက်ဆံကြရာ၌ တစ်ဦးအပေါ်တစ်ဦး လိုက်နာပြုကျင့်ကြရမည့် လူ့ကျင့်ဝတ်၊ လူ့စည်းကမ်းများရှိကြပေသည်။ ထိုလူ့ကျင့်ဝတ်များကို မိဘကျင့်ဝတ်၊ သားသမီးကျင့်ဝတ်၊ ဆရာကျင့်ဝတ်၊ တပည့်ကျင့်ဝတ်၊ လင်ကျင့်ဝတ်၊ မယားကျင့်ဝတ် စသည်ဖြင့် သိင်္ဂါလောဝါဒသုတ် စသော သုတ်တို့၌ ဗုဒ္ဓရှင်တော်မြတ်ဘုရား အပြည့်အစုံ ဟောကြားတော်မူထားခဲ့ပါသည်။
-       စာရိတ္တ- မျိုးရိုးဓလေ့ထုံးစံအရကျင့်အပ်သော + သီလ- စောင့်ထိန်းခြင်း
( ဓမ္မာစရိယဦးအေးနိုင်ရေးသားပြုစုသော မြတ်ဗုဒ္ဓ၏ကြီးပွါးချမ်းသာရေး လမ်းညွှန်ချက်များ စာအုပ်မှ ကောက်နုတ်ဖေါ်ပြပါသည်။ )

No comments:

Post a Comment