Sunday, April 27, 2014

စန္ဒရားတေးသံချို



         မိသားစုကြီးတစ်ခုမှာ ကြီးပြင်းခြင်းအတွက် ကောင်းကျိုး၊ မကောင်းကျိုးတွေ ဒွန်တွဲလျှက်ပါ။ မိသားစုကြီးတစ်ခုကို မိဘတစ်ဦးတည်း ရုန်းကန်ကျွေးမွေးခြင်းနဲ့ မိဘနှစ်ဦးရုန်းကန်ကျွေးမွေးခြင်းကလဲ ကွာခြားပါတယ်။ သိသိသာသာ မကောင်းတဲ့အချက်ကတော့ မိသားစုဝင်တစ်ယောက်ကောလိပ် ထွက်ချင်ပြီဆို ဘယ်သူမှ အတင်းအကျပ် မတားကြပါဘူး။ အသက်အာမခံတစ်နှစ်စာအတွက်တောင် မိဘတွေအတွက် ခက်ခဲပါတယ်။ 

          ကျမအမေ ကျမကို ကျောင်းဆက်ထားပြီး၊ မထောက်ပံ့နိုင်တော့မှန်းသိပါတယ်။ အမေက ကုန်စုံဆိုင်တစ်ဆိုင်မှာ လုပ်ပါတယ်။ ဝင်ငွေရ အခြားကလေးတွေ ကို ကျွေးမွေးဖို့ ပြေစာတွေဆောင်ဖို့ လောက်ရုံပါ။ ကျမ ကောလိပ်တက်ချင်ရင်တော့ ဘယ်လိုတက်နိုင်မလဲဆိုတဲ့နည်းလမ်းကို ကျမ ကိုယ်တိုင်ရှာရပါလိမ့်မယ်။ 

          ကျမတို့မိသားစုအရွယ်အစား၊ ကျမအမေရဲ့ဝင်ငွေ၊ ကျမရဲ့ SAT အမှတ်တွေနဲ့ ကိုက်ညီတဲ့ ပညာသင်ဆုတချို့ကို ရဖို့ ကျမ အရည်အချင်းမှီပါတယ်။ ပညာသင်ဆုတွေက ကျောင်းလခ၊ စာအုပ်ဖိုးအတွက် လုံလောက်မှုရှိပါတယ်။ ဒါပေမယ့် အခန်းခနဲ့ စာမေးပွဲကြေးအတွက် မလုံလောက်ပါဘူး။ အလုပ်လုပ်-ကျောင်းတက်အစီအစဉ်ရဲ့ တစိတ်တပိုင်းအဖြစ် ကျမ အလုပ်လုပ်ရပါတယ်။ ရင်ခုန်စရာကောင်းတဲ့အလုပ်တော့ မဟုတ်ဘူးပေါ့။ ဒါပေမယ့် ကျမ လုပ်နိုင်ပါတယ်။ ကျောင်းကော်ဖီဆိုင်မှာ ကျမ ပန်းကန်ဆေးပါတယ်။

          ကျမ ကိုယ့်ဘာသာ စာကြည့်ပါတယ်။ ကဒ်လေးတွေလုပ်တယ်။ သတ္တုပန်းကန်ဆေးစင်ကြီးမှာ ကပ်ပါတယ်။ စင်တွေတင်ချိန်မှာ အဲဒီနားမှာ ကျမ ခဏရပ်ပြီး စာကျက်ပါတယ်။ ကျမဘေးက ရေတွေ ရေနွေးငွေ့အဖြစ် ပြောင်းချိန်မှာ ကဒ်လေးတွေကို ကြည့်ပြီးစာကျက်ပါတယ်။ စင်ပေါ်ကို ပန်းကန်းတွေတင်ချိန်မှာ သချာင်္ညီမျှခြင်းတွေ လေ့လာပါတယ်။ လက်ချောင်းလေးတွေသုံးပြီး ကဒ်တွေကို လှန်တယ်။ ကျမဦးနှောက် ပင်ပန်းလာရင်တော့ ကြမ်းပြင်ကို ဖန်ခွက်တစ်ခုံးတော့ ကျကွဲတော့တာပဲ။ ကျမရဲ့ ဂရိတ်တွေလဲ တက်လိုက်၊ ကျလိုက်ဖြစ်တတ်ပါတယ်။ ဒီအလုပ်က ကျမလုပ်ကိုင်ဖူးသမျှမှာ အပင်ပန်းဆုံးအလုပ်ပါ။ 

          နောက်ဆုံးအဆင့်ရောက်ရင် ကျောင်းထွက်လိုက်တော့မယ်လို့ ကျမ စဉ်းစားပါတယ်။ ထိုအချိန်မှာ ကယ်တင်ရှင်တစ်ပါးရောက်လာပါတယ်။ လူသားကယ်တင်ရှင်တစ်ဦးပါ။ အတောင်ပံတွေတော့ မပါဘူးပေါ့။
          “မင်း အကူအညီလိုနေတယ်လို့ ငါ ကြားတယ်” လို့ သူပြောပါတယ်။           
          “ရှင်က ဘာကိုဆိုလိုတာလဲ” လို့ ကျမမေးလိုက်တယ်။ သူ ဆိုလိုတာ ကျမဘဝရဲ့ဘယ်အစိတ်အပိုင်းကိုလဲ။
          “ကျောင်းဆက်တက်ဖို့အတွက် ငွေကြေးပိုင်းပေါ့”
          “ကျမ အဆင်ပြေပါတယ်။ အလုပ်တွေလုပ်နေရတော့ စာကျက်ဖို့တော့ ခက်တာပေါ့လေ။”
          “အင်း၊ ငါမှာ မင်းကို ကူညီဖို့နည်းလမ်းရှိပါတယ်”

          စနေ၊ တနင်္ဂနွေတွေမှာ သူ့အဖိုး၊ အဖွါးတွေအတွက် အကူအညီလိုအပ်တယ်လို့ သူရှင်းပြပါတယ်။ ကျမ လုပ်ကိုင်ပေးရမှာကတော့ ထမင်းချက်ရမယ်၊ မနက်ပိုင်း၊ ညနေပိုင်းတွေမှာ အိပ်ယာအဝင်၊ အထွက် သူတို့ကို ကူညီပေးရမယ်လို့ ပြောပါတယ်။ တလကို ဒေါ်လာလေးရာ ရပါမယ်။ အခု ပန်းကန်တွေ ဆေးနေတာထက် နှစ်ဆရမှာပါ။ ကျမအတွက် စာကျက်ဖို့လဲ အချိန်ရသွားမယ်။ ကျမ သူ့အဖိုး၊ အဖွါးတွေကို သွားကြည့်ပြီး အလုပ်ကို လက်ခံလိုက်ပါတယ်။

          ကျမပထမဆုံးတွေ့ရတာက သူ့အဖွါးရဲ့ ဂီတအပေါ်အရူးအမူး စွဲလမ်းမှုပါ။ အဖွါးက သူရဲ့အသံကြောင်နေတဲ့ စန္ဒရားအိုလေးကို နာရီပေါင်းများစွာကြာအောင် တီးခတ်ပါတယ်။ တနေ့မှာ အဖွါးက ကျမဘဝမှာ ပျော်ရွှင်စရာမရှိဘူးလို့ပြောပြီး၊ ကျမကို အနုပညာ သင်ပေးမယ်လို့ပြောပါတယ်။ ကျမကျောင်းမှာ ဂီတအဓိကဘာသာရပ်ယူတဲ့ ကျောင်းသားတွေ လေ့ကျင့်ဖို့စန္ဒရားတွေထားတဲ့ အခန်းတွေ အများကြီးရှိပါတယ်။ အဲဒီအခန်းတွေကို ကျမ ပိုပြီးရောက်ဖြစ်ပါတော့တယ်။
          အဖွါးက ကျမရဲ့အရည်အချင်းကို အထင်ကြီးပြီး၊ ကျမကို ဆက်လက်လေ့လာဖို့ တိုက်တွန်းပါတယ်။ စနေ၊ တနင်္ဂနွေနေ့တွေမှာတော့ စာအုပ်တွေဖတ်၊ ထမင်းတွေချက်တာထက်ပိုတဲ့အလုပ်တွေ လုပ်ကြပါတယ်။ အိမ်ထဲမှာ အသံကြောင်နေတဲ့စန္ဒရားသံရယ်၊ အရမ်းကို အသံကြောင်နေတဲ့အဆိုတော် နှစ်ယောက်ရယ် ဆူညံနေတာပါပဲ။ 

          ခရစ်စမတ်ကျောင်းပိတ်ရက် စပါပြီ။ အဖွါး ရင်ဘတ်အအေးမိပါတယ်။ ကျမ အဖွါးကို ထားခဲ့ရမှာ လန့်နေပါတယ်။ အလုပ်သမားနေ့ပိတ်ရက်မှစလို့ ကျမ အိမ်မပြန်ဖြစ်တာကြာပါပြီ။ ကျမရဲ့မိသားစုက ကျမကို တွေ့ချင်နေကြတယ်။ ကျမ အိမ်ပြန်မယ်လို့ ပြောလိုက်တယ်။ ဒါပေမယ့် အိမ်မှာ လေးပါတ်အစား နှစ်ပါတ်ပဲ နေမယ်။ ပြီးရင် အဖိုး၊ အဖွါးဆီကို ပြန်လာမယ်။ ကျမ သူတို့ကို ခဏဂရုစိုက်ဖို့ စီစဉ်ပေးပါတယ်။ ပြီးတော့ နုတ်ဆက်ပြီး၊ အိမ်ကို ပြန်လာခဲ့ပါတယ်။
          ကျမ ကျောင်းကိုပြန်ဖို့ ကားပေါ်ကို ပစ္စည်းတွေ တင်နေတုန်း ဖုန်းခေါ်ပါတယ်။
          “ဒန်နင်း၊ ခပ်မြန်မြန်ပြန်မလာပါနဲ့” လို့ သူ ပြောပါတယ်။
          “ဘာလို့လဲ။ ဘာဖြစ်လို့လဲ” လို့ ကျမ စိုးရိမ်တကြီး မေးလိုက်ပါတယ်။
          “အဖွါး မနေ့က ဆုံးသွားပြီ။ အဖိုးကိုတော့ လူအိုရုံကို ပို့မယ်လို့ ငါတို့ ဆုံးဖြတ်လိုက်ကြတယ်။ ငါ စိတ်မကောင်းပါဘူး။”

          တယ်လီဖုန်းကို ချလိုက်တယ်။ ကျမရဲ့ဘဝပြီးဆုံးသွားပြီလို့ ခံစားလိုက်ရပါတယ်။ ကျမမိတ်ဆွေတစ်ဦး ဆုံးရှူံးခဲ့ရပြီ။ ကျမ ပန်းကန်တွေပြန်ဆေးရတော့မယ်လို့ သိပြီး ခံစားရတာထက် အဖွါးကိုဆုံးရှူံးတဲ့ခံစားချက်က အများကြီး ပိုဆိုးပါတယ်။
          လေးပါတ်ကျောင်းပိတ်ရက်အပြီး၊ ကျမ ကျောင်းပြန်တက်ပါတယ်။ အလုပ်လုပ်-ကျောင်းတက် အစီအစဉ်ကို ပြန်စတင်ဖို့ ငွေကြေးအကြံပေးနဲ့သွားတွေ့ပြီး ပြောပါတယ်။ ကျမ စိတ်မှကောင်းရဲ့လားဆိုတဲ့ ပုံစံနဲ့ အကြံပေး ကျမကို ကြည့်ပါတယ်။ ကျမရဲ့အခြေအနေကို ရှင်းပြလိုက်ပါတယ်။ သူ ပြုံးပြီး၊ စာအိတ်တစ်အိတ် ကမ်းလိုက်ပါတယ်။ 

          “မင်းအတွက်ပါ” လို့ သူ ပြောပါတယ်။
          ထိုစာအိတ်ကို အဖွါးပေးခဲ့တာပါ။ သူမရဲ့ ကျန်းမာရေးအခြေအနေကို သူမကိုယ်တိုင်သိပါတယ်။ စာအိတ်ထဲမှာ ကျမ ကျောင်းတက်နှစ်အတွက် လုံလောက်တဲ့ ပိုက်ဆံထည့်ထားပါတယ်။ စန္ဒရားသင်ခန်းစာတွေကို ဆက်လက်သင်ကြားဖို့ သူမ သတိတရတောင်းဆိုချက်ကိုလည်း ရေးထားပါတယ်။
          ကျမရဲ့ ဒုတိယနှစ်တန်းမှာ “အညိုရောင်ယုန်အိုကြီး” သီချင်းထက်ပိုပြီး၊ ခံစားချက်အပြည့်နဲ့ တီးခတ်မိတဲ့သီချင်း မရှိသေးပါဘူး။ အခုတော့လဲ နှစ်ပေါင်းများစွာကြာခဲ့ပါပြီလေ။ စန္ဒရားဘေးကနေ လမ်းလျှောက်မိခဲ့ရင် အဖွါးအကြောင်း စဉ်းစားပြီး ကျမ ပြုံးမိပါတယ်။ ကောင်းကင်ဘုံက ဆင်စွယ်ဘုံနန်းထဲမှာ သူမလဲ မျက်ရည်လည်နေမယ်လို့ ကျမ အသေအချာပြောရဲပါတော့တယ်။

( Piano Music by Daneen Kaufman Wedekind ကို ဘာသာပြန်ဆိုပါသည်။   )

No comments:

Post a Comment