အိမ်အိုကြီးတစ်လုံးရဲ့ရှေ့မှာ မိုးဒဏ်လေဒဏ်ခံရလို့ မွဲခြောက်ခြောက်ဖြစ်နေတဲ့
ဆိုင်းဘုတ်လေးတစ်ခုရှိပါတယ်။ ဆိုင်းဘုတ်လေးပေါ်မှာ “Joseph H.Watson, M.D” လို့ရေးထားပါတယ်။
သို့သော်လည်း ဝါးတားတောင်းလ်မြို့လေးတစ်မြို့လုံး သူ့ကို အန်ကယ်ဂျိုး လို့ ခေါ်ကြပါတယ်။
သူကလဲ အေးအေးဆေးဆေး၊ ခင်ခင်မင်မင်နေတဲ့သူ၊ ဝါးတားတောင်းလ်မြို့ကလဲ အေးအေးဆေးဆေး၊ ခင်ခင်မင်မင်ပါပဲ။
ဝါးတားတောင်းလ်မြို့မှ
ကလေးတွေ အားလုံးလိုလို အန်ကယ်ဂျိုးမွေးဖွါးပေးခဲ့ပါတယ်။ ပြီးတော့ ကလေးငယ်တွေရဲ့ ရောဂါဘယတွေကိုလည်း
ကုသပေးခဲ့ပါတယ်။ စာတိုက်ကြီးကို ယုံကြည် စိတ်ချ၍ရသလို အန်ကယ်ဂျိုးကိုလည်း စိတ်ချလို့ရပါတယ်။
လွန်ခဲ့တဲ့နှစ်အနည်းငယ်မှာတော့
ဆရာဝန်အသစ်တစ်ယောက် မြို့လေးကို ရောက်လာတယ်လို့ ကြားလိုက်မိပါတယ်။ သူက အိမ်တစ်လုံး
ငှားတယ်။ အိမ်အောက်ထပ်မှာ ခေတ်မှီပစ္စည်းတွေနဲ့ ရုံးခန်းဖွင့်တယ်လေ။
လူငယ်ဆရာဝန်လေး
ဒေါက်တာကန့် မြို့ကို ရောက်လာတော့ အန်ကယ်ဂျိုးက သူတည်းနေတဲ့ဟော်တယ်ကို သွားလည်ပတ်ပြီး
ဖိတ်ခေါ်တယ်။ ဒေါက်တာကန့်ရဲ့အိမ် အဆင်သင့်မဖြစ်သေးခင် အန်ကယ်ဂျိုးရဲ့အိမ်မှာ နေထိုင်ရအောင်လို့ပေါ့။
အဲဒီအချိန်မှာ ကျုပ်က ဟော်တယ်ရဲ့ဧည့်ခန်းမှာရှိနေပြီး၊ သူတို့နှစ်ယောက်စကားပြောတာကို
အရှက်မရှိ နားစွင့်နေမိတယ်။
ဒေါ်နယ်ကန့်က
ပုပြတ်ပြတ်၊ ပိန်ပိန်ပါးပါး။ ဆံပင်က ရွှေရောင်မှာ လှိုင်းတွန့်လေးတွေနဲ့။ ကျုပ်တို့ရဲ့လုပ်ဖေါ်ကိုင်ဖက်အဖိုးကြီးကို
ရည်မွန်တဲ့အပြုံးနဲ့ ထွက်တွေ့တယ်။
“ကျုပ်ကတော့
ဂျိုးဝယ်တန်ပါ။” လို့ အန်ကယ်ဂျိုးက ပြောလိုက်တယ်။
“ခင်ဗျားရော
နေကောင်းရဲ့လား၊ ဒေါက်တာကြီးရယ်။ ကျွန်တော့ကို လာတွေ့တာ ခင်ဗျားအတွက်လဲ သိပ်ကောင်းပါတယ်ဗျာ”
လို့ လက်ဆွဲနှုတ်ဆက်ရင်း ဒေါက်တာကန့်က ပြောလိုက်ပါတယ်။
“ကျုပ် ခင်ဗျားကို
နှုတ်ဆက်ရအောင် ဝင်လာတာပါဗျာ၊ ပြီးတော့ ဒီမြို့လေးက အိုင်ဒီယာသစ်တွေနဲ့ တော်တဲ့ဆရာဝန်လေးကို
လိုအပ်နေတယ်ဆိုတာလဲ ပြောချင်တယ်ဗျာ။ ကျုပ် လုပ်ကိုင်ပေးနိုင်တာများရှိရင် ကျုပ်ကို
ပြောပါဗျာ။” လို့ အန်ကယ်ဂျိုးက ပြောလိုက်ပါတယ်။
“အရမ်းကို
ကျေးဇူးတွေများနေပါပြီ၊ ဒေါက်တာကြီးရယ်။”
“ခင်ဗျားကို
မြင်ရတာ ကျုပ် အရမ်းကို ဝမ်းသာရပါတယ်ဗျာ။ ကျုပ် ပင်ပင်ပန်းပန်း လုပ်ကိုင်ခဲ့ပြီးပြီလေ။
အခုအခါမှာတော့ ငါးဖမ်းထွက်အနားယူဖို့ အချိန်ကျလာပြီ ထင်ပါရဲ့ဗျာ။”
ဆရာဝန်လေးဒေါက်တာကန့်ရဲ့
လုပ်ပုံကိုင်ပုံတွေကို ကျုပ်လဲစိတ်ဝင်တစားလေ့လာကြည့်မိပါတယ်။ အံ့သြလောက်အောင်ပဲ သူ့ဆေးကုသမှုကို
မြန်မြန်ဆန်ဆန် စတင်နိုင်ပါတယ်ဗျာ။ အထူးသဖြင့် မြို့မှ ငယ်ရွယ်တဲ့လူနာတွေ ဒေါက်တာကန့်ရဲ့
ကုသမှုခံယူကြတယ်။ သူတို့က ဆရာဝန်ရဲ့ အေးစက်စက်၊ ဓမ္မဒိဌာန်ကျကျ၊ ပညာရှင်ဆန်ဆန် စိတ်နေစိတ်ထားစရိုက်ကို
သဘောကြတယ်ဗျ။ သူ့လုပ်ပုံကိုင်ပုံကြောင့် အန်ကယ်ဂျိုးပုံစံဟာ ခေတ်နောက်ကျနေတဲ့မြင်းဆွဲကားလေးလိုဖြစ်သွားတော့တာပါပဲ။
ကျုပ်တို့လို
ရှေးရိုးစွဲလူကြီးတွေထဲက လူအချို့ကလဲ အန်ကယ်ဂျိုး ခွင့်ပြုရင် ဒေါက်တာကန့်ဆီမှာ သွားပြချင်တာဗျ။
ဒါပေမယ့် အန်ကယ်ဂျိုးက ဒေါက်တာကန့်ဆီကို အဓိက လူနာပို့တဲ့လူဖြစ်နေခဲ့တယ်ဗျာ။
“ကောင်လေးက
တော်တယ်ဗျ” လို့ သူ အမြဲပြောပါတယ်။
“စာအုပ်ထဲက
အကြောင်းအရာတွေ အားလုံးကို သိတယ်ဗျာ။ နေ့တိုင်းလဲ အသစ်တွေ ဖတ်တယ်ဗျ။ နောက်ပြီး ကုသတာကတော့…”
လို့ အန်ကယ်ဂျိုးပြောပြီး ခပ်ရွှင်ရွှင် လေချွန်နေပါတယ်။
လူနာတွေကို
ဘယ်လိုပြောဆိုသလဲဆိုတာကို ခင်ဗျား နားထောင်လိုက်ရင် ဆရာဝန်နှစ်ယောက်ကြားက ကွာခြားချက်ကို
သိနိုင်တယ်ဗျာ။ ဒေါက်တာကန့်က အေးစက်စက်နဲ့ နားထောင်တယ်။ မှတ်ချက်တွေ ပေးတယ်။ ဒေါင့်ပေါင်းစုံက
ဆင်ခြင်သုံးသပ်ပြီး၊ ရောဂါကို စစ်တမ်းထုတ်တော့တာပါဘဲ။ ရောဂါနာမည်ကတော့ တော်တော်ရှည်တတ်တယ်ဗျ။
အန်ကယ်ဂျိုးက
စာနာမှုအပြည့်နဲ့နားထောင်တယ်။ ပြီးတော့ “အာ၊ သိပြီ၊ ခင်ဗျား ဗိုက်အောင့်နေတာဗျ” လို့
ပြောတတ်ပါတယ်။
နောက်တစ်ချက်ကတော့
ဒေါက်တာကန့်က သူ့လူနာတွေကို အလိုမလိုက်ဘူး။ လူနာတွေကို တကယ့်အရေးတကြီးမဟုတ်ရင် သူ့ကို
ဘယ်တော့မှ မခေါ်ပါနဲ့လို့ သေသေချာချာ ရှင်းရှင်းလင်းလင်း ပြောထားတယ်။ အထူးသဖြင့် ညနက်ပိုင်းအချိန်တွေမှာပေါ့ဗျာ။
နောက်ပိုင်း
ဒေါက်တာကန့်ကို အန်ကယ်ဂျိုး ဘယ်လိုပြောဆိုတယ်ဆိုတာကို ကျုပ်ကြားလိုက်ရတယ်။
“ကြည့်စမ်း၊
ငါ့သား၊ ဒီမြို့ကလူတွေက ဒီလိုပြတ်ပြတ်သားသား ပြောဆိုကုသတာကို သိပ်အသားမကျသေးဘူးကွယ်။
မင်း သူတို့ခေါ်တဲ့အချိန်တွေမှာ လိုက်စေချင်တယ်။”
“ဒေါက်တာရယ်၊
ကျွန်တော် သိသလို ခင်ဗျားလဲ သိနေတာပဲ။ ဒီလို မနက် ၃ နာရီလောက် လာခေါ်တဲ့ ၉၉ ရာခိုင်နှုန်းသောလူနာတွေဟာ
တကယ့်အရေးပေါ်လူနာတွေ မဟုတ်ပါဘူးဗျာ။ စိတ်ရူးပေါက်ချိန်မှာ စိတ်ထဲမှာပေါ်လာတဲ့ရောဂါရှင်တွေကို
ဂရုစိုက်ဖို့ ကျုပ် ကိုယ်ကာယကို ပင်ပန်းအောင် မလုပ်နိုင်ဘူးဗျ။ စာနာမှုမရှိဘူးတော့ မပြောပါနဲ့
ဒေါက်တာရယ်။ ကျုပ်ကိုယ် ကျုပ် လူနာတွေရဲ့ အစေအပါးအဖြစ်မခံနိုင်ဘူးဗျ။” လို့ ဒေါက်တာကန့်
ပြန်ပြောလိုက်တယ်။
“ကြည့်စမ်း၊
ငါ့သား။ မင်း ငါ့ကို အထင်မမှားပါနဲ့။ ငါ မင်းကို အကြံပြုတာပါ။ မင်းမှာ ဒီအခြေအနေတွေကို
ထိန်းသိမ်းဖို့ အလေ့အကျင့်ရပြီးသားပါကွာ။ ဒါဆို ညပိုင်း မင်း မလိုက်ချင်တဲ့ လူနာပင့်တွေကြုံတဲ့အခါ
မင်းအစား ငါလိုက်ကုပေးချင်တယ်ကွာ။ အဲဒါ ဘယ်လိုထင်လဲ။”
“ဘာလို့လဲဗျ။
ဒါမျိုးကြားတောင် မကြားဖူးဘူး။” လို့ ဒေါက်တာကန့်အော်လိုက်တယ်။
“ခင်ဗျားက
ဝါရင့်ဆရာဝန်ပါဗျ။ ကျုပ်လို ဝါနုဆရာဝန်လေးက ခင်ဗျားဆီက တာဝန်ခွဲယူရမှာလေဗျာ။ ခင်ဗျားက
ကျုပ်ဆီက ခွဲယူရမှာ မဟုတ်ဘူး။”
“မင်း ဒီလိုပြောဆိုသင့်တယ်ဆိုတာ
ငါ သိပါတယ်ကွာ။”လို့ အန်ကယ်ဂျိုး ပြန်ပြောပါတယ်။
“ဒါပေမဲ့၊
မင်းမြင်တဲ့အတိုင်း ငါတို့နှစ်ယောက်ရဲ့ ကုသပုံတွေ မတူဘူး။ နောက်ပြီး ငါ အကြံပြုတဲ့ကိစ္စကို
ငါ လုပ်ကိုင်ချင်တယ်။ အဲဒီလိုလုပ်ခြင်းကြောင့် နှစ်ဦးနှစ်ယောက်လုံး အဆင်ပြောမယ်လို့
ငါ ထင်တယ်”
နောက်ဆုံးမှာ
ဒေါက်တာကန့် သဘောတူလိုက်ပါတယ်။ သိပ်မကြာမှီမှာ လူတွေအားလုံး နားလည် သဘောပေါက်သွားပါတယ်။
ခင်ဗျားဟာ ဒေါက်တာကန့်ရဲ့လူနာဖြစ်ပါစေဦး၊ ညရေးညတာ အချိန်မတော်မှာ ခေါ်ချင်တယ်ဆိုရင်
အန်ကယ်ဂျိုးကို သွားခေါ်ရမယ်။
တစ်ညထက်
တစ်ည ရာသီဥတုကလဲ ပိုဆိုးလာပါတယ်။ အန်ကယ်ဂျိုးရဲ့ကားအိုလေး မောင်းသံကို ညပိုင်းမှာ ကြားနေရတာပါဘဲ။
ခေါ်တဲ့အခါတိုင်းကို အန်ကယ်ဂျိုးက ဒေါက်တာကန့်ကို ပြန်ပြောပြပေးပါတယ်။ ဆရာဝန်လေးက အရမ်းဒေါသထွက်ပါတယ်။
“ဒေါက်တာကြီး၊
သူတို့က ခင်ဗျားအပေါ်မှာ အခွင့်ကောင်းယူနေကြတာဗျ။ ခင်ဗျားကိုယ် ခင်ဗျား သတ်နေတာပဲဗျာ။”
အန်ကယ်ဂျိုးကတော့
ပြုံးရုံသာပြုံးနေတော့တာပါဘဲ။ ဒီလိုမမျှော်လင့်ဘဲဝင်တွေ့ရတာကို လုံးဝမတွေ့ရတာထက် ပိုလို့တောင်
ပျော်သေးတယ်လို့ ပြောလိုက်ပါတယ်။
အချိန်ကာလအတန်ကြာတဲ့အခါ၊
ဝါးတားတောင်းလ်မြို့သူမြို့သားများသည် ဒေါက်တာကန့်ကို တလေးတစားရှိလာကြပါတယ်။ သို့သော်လည်း
သူတို့ချစ်ခင်ကြတာက အန်ကယ်ဂျိုးပါ။
သို့သော်လည်း
အန်ကယ်ဂျိုးအသက်အရွယ် ရလာတာကိုတော့ ကျုပ် သတိထားမိတယ်ဗျာ။ ဒီနှစ်တွေမှာ ဆံပင်တွေ ပိုဖြူလာသလို၊
ကျယ်ပြန့်တဲ့ပုခုံးကြီးလဲ သတိပြုစရာကောင်းအောင် လျောကျလာပါတယ်။ သနားစရာကောင်းတာကတော့
သူ အခုအထိ ကားသစ်မလဲနိုင်သေးပါဘူး။
No comments:
Post a Comment