လူတစ်ယောက်မှာ ပညာလည်းရှိ၏။ အကျင့်လည်း ကောင်း၏။ ကျန်းမာခြင်းလည်းရှိ၏။
သို့ပါလျက် လောကမှာ ဆင်းရဲပင်ပန်း၍ နေရအံ့။ အဘယ်သို့သော အကြောင်းကြောင့် ဤကဲ့သို့ ဖြစ်ပါသနည်းဟု
မေးဖွယ်ရာရှိပေလိမ့်မည်။ အများအားဖြင့် ထိုမေးခွန်းကို ကံအကြောင်းတရားဟူသော စကားနှင့်
ဖြေကြားပေလိမ့်မည်။
ထိုလူမျိုးသည်
မိမိကိုယ်ကို အထူးသဖြင့် စစ်ဆေးဖို့ လိုလေသည်။ အကြောင်းမှုကား မိမိတို့ကိုယ်တိုင် လွယ်ကူစွာမမြင်၊
အခြားသူများလည်း လုံးလုံးကြီးမသိသော အဖြစ်တွေ၎င်းတို့မှာ ရှိတတ်ကြလေသည်။
လူတို့သည်
အများအားဖြင့် မိမိတို့ကိုယ်သဏ္ဍာန်၌ရှိသော ချွတ်ယွင်းမှုများကို လွယ်ကူစွာ မမြင်တတ်ကြပေ။
မြင်သည့်အခါလည်း ဖုံးအုပ်တတ်ကြ၏။ သို့ဖုံးအုပ်ကာ မိမိတို့ကိုယ်ကို ခြောက်ပစ်ကင်းဟု
စွဲမှတ်လျှက် မိမိတို့ကိုယ်ကို လှည့်စားရာ ကာလအတော်ကြာသောအခါ မိမိတို့၏ လှည့်စားခြင်းကို
မိမိတို့ကိုယ်တိုင်ပင် ယုံကြည်လာတတ်ကြလေသည်။
ငါ့မှာပျင်းသလား၊
မာန်မာနရှိ၍နေသလား၊ အပြောအဆို အထင်အမြင် တစ်ခုခုကို ခံရမှာ စိုးသဖြင့် လူထဲသူထဲကို
မဝင်ဝံ့ဘဲ နေသလား။ အထ အကြွ အသွား အလာ ပေါ့ပါးပေါ့ပါးလျှင်မြန်သင့်သလောက် လျင်မြန်ပါ၏လား။
အပေါင်းအသင်း အခြွေအရံများအောင် ဂရုစိုက်ပါ၏လား။ အသင်းအပင်း အဖွဲ့အစည်း ဘယ်နှစ်ခါမှာ
ငါပါ၍ အကျိုးဆောင် အလုပ်ကို လုပ်ပါသနည်း။ သူတစ်ပါးအား ကြိတ်ကာ ဝန်တို မစ္ဆာရှိ၍ နေသလား၊
ငါနှင့် ဆက်ဆံသူများ ငါ့ကို အဘယ်ပုံ သဘောရကြပါသနည်း။ တစ်ခါဆက်ဆံ ဆယ်ခါလံဟူသော အမျိုးအစားထဲတွင်
ငါ ပါဝင်နေသလား။ ငါ၏ ရိုးဖြောင့်မှန်ကန်တည်ကြည်ခြင်းသည် စိတ်ဝမ်းအတွင်းမှ အဟုတ်တကယ်
ထွက်သောအရာများ ဟုတ်ပါ၏လား။ သို့မဟုတ် အပေါ်ယံမျှ ဖြစ်လေသလား။ ပေါ်ပေါက်သော အခွင့်အလမ်းပေါင်း
အဘယ်များစွာတို့ကို ငါ အသုံးမပြုသဖြင့် လက်လွတ်၍ သွားခဲ့ပါသနည်း။ ငါ၏ အသိမိတ်ဆွေ အပေါင်းအသင်းများပေါ်၌
ငါအဟုတ်တကယ် ဟန်ဆောင်မဟုတ်သော ခင်မင်ခြင်းကို ထားရှိပါ၏လား။ ငါ၏ လွန်ကျူးသောအပြစ် ဘယ်နှစ်မျိုးရှိပါသနည်း။
ငါ၏ အပြောအဆိုမှာ လေထုတ်အားရှိ၏လား။ အရှက်ကြီးသလား စသည်ဖြင့် မိမိတို့ကိုယ်ကို စုံစမ်းစစ်ဆေးခြင်းများ
ပြုသင့်လေသည်။
ထိုသို့စစ်ဆေးရာ၌
မိမိတို့ကိုယ်ကို မညှာမတာ မိမိအပေါ်၌ မိမိ လီဆယ်ခြင်း မပြုမိဖို့ရန် အထူးအရေးကြီးလေသည်။
ထိုကဲ့သို့ စစ်ဆေးသော မြန်မာလူမျိုး၏ အရေအတွက် ရာခိုင်နှုန်းသည် တစ်ရာလျှင် တစ်ယောက်မျှ
ရှိကြမည့် လက္ခဏာ မရှိပေ။ အများအားဖြင့် မကောင်းမှုကြီးများကို မပြုဝံ့ရုံကလေးမျှနှင့်
မိမိတို့ကိုယ်ကို လူကောင်းကြီးတစ်ယောက်ဟု မှတ်ထင်၍နေသူတွေကို အများအားဖြင့် တွေ့မြင်ရလေသည်။
အများအားဖြင့် စကားပြောကြသည့်အခါ၌ မိမိတို့ တစ်စုံတစ်ယောက်အပေါ် ကျေးဇူးပြုရခြင်း၊ မိမိတို့
စိတ်သဘော ကြီးမားမှန်ကန်ခြင်းများကိုသာ အသားယူ၍ ပြောတတ်ကြလေသည်။
စိတ်အပေါင်းတို့တွင်
ငါတည်းဟူသော စိတ်သည် မိမိကိုယ်ကို လှည့်စားခြင်းအရာ၌ လွန်စွာ ကျွမ်းကျင်လေရာ မိမိ၏ကိုယ်ကို
နှိမ့်ချရာ၌ပင် ငါ တကယ်တော်တဲ့ငါ၊ ငါဟာ အတော်ကြီးစိတ်ကို နှိမ့်ချတဲ့ငါ၊ ငါဟာ သူတော်ကောင်းဟူ၍
အောက်သို့နိမ့်ဆင်းရာမှ အထက်သို့ ကော့ကာတက်တတ်လေသည်။
လောကကြီးပွါးရေး၌
ထိုနည်းမျိုးဖြင့် မိမိတို့၏ စိတ်ကို နှိမ်ကာ စစ်ဆေးပြုပြင်သူများ ရှိကြချေက ကံကောင်းသူအရေအတွက်
ယခုထက် ပိုမို များပြား၍လာမည်ကား ဧကန်အမှန်ဖြစ်ပေသတည်း။
No comments:
Post a Comment