Tuesday, April 15, 2014

ရွှေဥဒေါင်း- တသက်တာမှတ်တမ်းနှင့် အတွေးအခေါ်များ ( စဉ်းစားနည်းများ )- ( 1 )



“(ရှင်းရှင်းပြတ်ပြတ် စဉ်းစားတတ်ခြင်း )
ဤအရည်အချင်းသည် နိုင်ငံရေးသမားများ၌လည်းကောင်း၊ စာရေးဆရာများ၌လည်းကောင်း၊ သတင်းစာဆရာများ၌လည်းကောင်း အလွန်တရာအရေးကြီးလှ၏။”
“ရှင်းရှင်းပြတ်ပြတ် စဉ်းစားတတ်သောဝါသနာရှိ၍ ကျွန်ုပ်ရေးလိုသော အကြောင်းအရာကို ကိုယ်ဟာကိုယ် ရှင်းရှင်းကြီး နားလည်အောင် လေ့လာပြီးမှ ရေးလေ့ရှိကြောင့်ဟု ထင်ပါသည်။ သို့ရာတွင် ရှင်းရှင်းပြတ်ပြတ်စဉ်းစားတတ်ခြင်း ဟူသည်မှာ ခုထလုပ်၍ ခုဖြစ်သည်မဟုတ်၊ နဂိုပါရမီခံ (ဦးနှောက်) အပြင် ဗဟုသုတ မြောက်မြားစွာ ရှာဖွေစုဆောင်းပြီး လေးလေးနက်နက် မွှေနှောက်ဆင်ခြင်တတ်သူတို့၌သာ ရရှိစကောင်းသည်ဟု ကျွန်ုပ်ဆိုချင်သည်။”
“ဗုဒ္ဓဘာသာအကြောင်းကို ဘာမျှ မသိသော ကားလ်မာက်စ်က ‘ဘိန်း’ဟု ပြောတိုင်း ဗုဒ္ဓဘာသာ မိဘများက ပေါက်ဖွါးလာခဲ့ကြသည့် မြန်မာ့ကွန်မြူနစ်များက မစူးစမ်း မလေ့လာဘဲ လက်ခံယုံကြည်ကြသည်ဆိုလျှင် ဤခေတ် မြန်မာ့ကွန်မြူနစ်များသည် စဉ်းစားဥာဏ်အလွန်ခေါင်းပါးသူများ ဖြစ်၍ သူတို့ လက်ထက်တွင် သူတို့အလုပ် မအောင်မြင်နိုင်ဟု ကျွန်ုပ်ဗေဒင်ဟောရဲသည်။”

“လောကအကြောင်းနှင့် ဓမ္မကြောင်းကို ရှင်းရှင်းပြတ်ပြတ် မစဉ်းစားတတ်ကြသည့်အတွက်ကြောင့် ကျွန်ုပ်တို့ မြန်မာပြည်၌ ပြဿနာများ မပေါ်တန်ဘဲလျှက်နှင့် ပေါ်ပေါက်နေရသည်ဟု ကျွန်ုပ်မြင်မိပေရာ ဤအကြောင်းကိုလည်း အနည်းငယ်တင်ပြလိုပါသေးသည်။”

          “(ဝေဿန္တရာဇာတ်)
ခမည်းတော်၏ ပါရမီကို ကူညီဖြည့်ပေးပါမည်ဟု သဘောထားကြသည်ဆိုခြင်းမှာ များလွန်းအားကြီးလှသည် ဖြစ်၍ ကျမ်းပြုသူများ၏ စိတ်ကူးယဉ်မှုဟု ဆိုသင့်သည် ထင်ပါသည်။”

“အစိုးရ၏ ဝတ္တရားသည် တိုင်းသူပြည်သားတို့၏ စားဝတ်နေရေးအဆင့်အတန်းကို မြှင့်တင်ပေးရန်ဖြစ်၍ နတ်ပြည်သို့ တင်ပေးရန် တာဝန်မရှိချေ။ အုပ်ချုပ်သူတစ်ယောက်သည် သူ ကုသိုလ်လိုချင်ပါက မိမိ၏ချွေးနဲစာဖြင့် ပေးကမ်းလှူဒါန်းရာ၏။ ပြည်သူပြည်သားတို့၏ အခွန်တော်ငွေကို တိုင်းသူပြည်သား၏ လက်ငှင်းပစ္စက္ခအကျိုးအတွက်မှ တစ်ပါး မည်သည့် ကုသိုလ်ရေးအတွက်မဆို သုံးထိုက်သည်ဟု အထင်ရောက်လာလျှင် ထိုအစိုးရသည် ကြောက်စရာကောင်းသော အစိုးရတစ်ခု ဖြစ်လာနိုင်သည်။”

“လူတစ်ယောက်သည် ပုဂ္ဂိုလ်တစ်ယောက် အနေဖြင့် ရှောင်ကြဉ်ရမည့် အလုပ်မျိုးတို့ကို အစိုးရအနေဖြင့် ရှောင်၍ မရကြောင်း၊ ရှောင်လျှင် ဝတ္တရားပျက်ကွက်ရာကျ၍ သူ၏ တိုင်းသူပြည်သားများ ကျပ်တည်းဆင်းရဲနိုင်ကြောင်းကို အစိုးရလုပ်ချင်သူများ သိထိုက်လှပေသည်။”

“ဦးနု၏အဖြစ်ကား ကောက်ကျစ်စဉ်းလဲခြင်း၊ ညစ်ပတ်ယုတ်မာခြင်းမဟုတ်၊ လောကအကြောင်းနှင့် ဓမ္မအကြောင်းကို ပိုင်းပိုင်းခြားခြား နားမလည်ရှာခြင်းပင်ဖြစ်သည်။”

“ပုဂ္ဂလ အနေဖြင့် ကျင့်စဉ် တစ်မျိုး၊ အုပ်စုအနေဖြင့် Society ကျင့်စဉ်တစ်မျိုး”

“ပုဂ္ဂလိက အနေဖြင့် လူတစ်ဖက်သားကို သနားကြင်နာခြင်း ကူညီစောင်မခြင်းသည် ကောင်း၏၊ မြတ်၏၊ ချီးမွမ်းထိုက်၏။ သို့ရာတွင် လူတစ်ယောက်သည် အကျဉ်းသားတစ်ယောက်ကို သနားသည်ဆို၍ ထောင်ထဲမှ ထွက်ပြေးဖို့ကူညီသည်ဖြစ်စေ၊ မင်းတစ်ပါးသည် အကျဉ်းသမားကို သနားသည်ဆို၍ ခဏခဏ ထောင်ဖွင့်ပြီး လွှတ်ပေးသည်ဖြစ်စေ၊ အုပ်စုကျင့်ဝတ်ကို ဖေါက်ဖျက်ရာ ရောက်ပေလိမ့်မည်။”

“ပုဂ္ဂလိက ကျင့်စဉ်နှင့် အုပ်စုကျင့်စဉ်ကိုလည်း ပိုင်းခြား၍ နားမလည်၊ တန်ခိုးအာဏာကိုလည်း မက်လိုက်သေး၊ သနားတတ်သည်ဆိုသော နာမည်ကောင်းကလေးကိုလည်း ယူလိုက်ချင်သေးဆိုပါလျှင် အကြင်သူသည် မင်းအဖြစ် ( သို့မဟုတ် ဝန်ကြီးချုပ်အဖြစ်) နှင့် မလျှော်ကန်ဟု ကျွန်ုပ် နားလည်သည်။”

“ကျွန်ုပ်၏ အယူအဆမှာကား အာဏာသားသည် ရာဇဝတ်ကောင်များကို ပုဂ္ဂလိက သဘောအရသတ်ခြင်းမဟုတ်၊ အုပ်စုစည်းကမ်း အရသတ်ခြင်းဖြစ်သောကြောင့် အပြစ်မရှိဟု ဆိုချင်သည်။ ထို့နည်းတူစွာ တရားခံကို ကြိုးပေးရသော တရားသူကြီးများမှာလည်း အုပ်စုစည်းကမ်း အရ၊ ဝတ္တရားကို ဆောင်ရွက်ရခြင်းဖြစ်သည့်အတွက်ကြောင့် အပြစ်မရှိဟု ယုံကြည်သည်။”

1 comment: