ပြီးခဲ့တဲ့နွေဦးပေါက်က မြို့မှာ မတော်တဆထိခိုက်မှုတစ်ပွါးဖြစ်ပွါးခဲ့တယ်။
ကြောက်စရာဘေးဆိုးကြီးတွေဆိုတာ မြို့ငယ်လေးတိုင်းမှာ ဖြစ်တတ်တာမျိုးလို့ ကျုပ်ထင်တယ်ဗျာ။
ပျော်ပွဲစားပြန်လာတဲ့ ကျောင်းသားလေးတွေ တင်လာတဲ့ ဘတ်စ်ကား မှောက်သွားတယ်။ ကလေး ၄ ယောက်သေဆုံးပြီး၊
၁၅ဦး ပြင်းပြင်းထန်ထန် ထိခိုက်ပါတယ်။ သတင်းစကားက လျှင်မြန်စွာ ပျံနှံ့သွားပြီး၊ လူတိုင်း
ကိုယ်တတ်နိုင်တာလေးတွေ လုပ်ပေးဖို့ အပြေးလာကြပါတယ်။
ခင်ဗျား
မျှော်လင့်နေမိတဲ့ အန်ကယ်ဂျိုးက ရှေ့တန်းက ရောက်နေပါတယ်။ သို့သော်လည်း သွေးပျက်ခြောက်ခြားစရာညရဲ့
အံ့သြစရာသူရဲကောင်းကတော့ ဒေါက်တာကန့် ဖြစ်နေပါတယ်။ အလုပ်တွေကို သွေးအေးအေးနဲ့ ထိထိရောက်ရောက်ကိုင်တယ်နိုင်တဲ့နေရာမှာတော့
အသေးစိတ်ဆောင်ရွက်နိုင်တဲ့စက်တစ်လုံးလိုပါပဲ။ သူ့အိမ်ကို ဆေးရုံအဖြစ်ပြောင်းလိုက်ပါတယ်။
နာ့စ်မ သုံးယောက်၊ မေ့ဆေးပညာရှင်တစ်ယောက်နဲ့ ကိရိယာတန်ဆာပလာမျိုးစုံကို အိမ်ကြီးမှာ
ရောက်ရှိနေပါတယ်။
အန်ကယ်ဂျိုးနဲ့
နာ့စ်မတွေရဲ့အပြောအရ မတော်တဆထိခိုက်မှုဖြစ်ပြီးနောက် ၂၄ နာရီလုံး ဒေါက်တာကန့် အံသြဖွယ်လုပ်ဆောင်ခဲ့ပါတယ်။
လုံးဝအနားမယူဘူး။ ဘလက်ကော်ဖီခွက်လေးနဲ့ အစာလေးတစ်ကိုက်နှစ်ကိုက်စားပြီး၊ ဟိုသွားလိုက်၊
ဒီသွားလိုက် တောက်လျှောက်လုပ်ကိုင်နေတာပါပဲ။
အန်ကယ်ဂျိုးရဲ့အဆိုအရ
ကျွမ်းကျင်တဲ့ကုသမှုမရရင်သေနိုင်တဲ့ ကလေး ၈ ယောက်ကို ဒေါက်တာကန့် ကယ်တင်ခဲ့တယ်လို့ဆိုပါတယ်။
“ဒီကောင်လေးလုပ်ကိုင်ခဲ့တာတွေက
တကယ့်ပါရမီရှင်တစ်ယောက်မှ လုပ်နိုင်တာမျိုးတွေကွ” လို့ အန်ကယ်ဂျိုး ပြောဆိုပါတယ်။
ထိတ်လန့်တုန်လှုပ်မှုကြီးမှ
ဝါတားတောင်းမြို့လေး တဖြည်းဖြည်းနဲ့ ပြန်လည်ပြီး ပုံမှန်ပြန်ဖြစ်လာခဲ့ပါတယ်။ ဒေါက်တာကန့်ကတော့
သူရဲကောင်းပါဘဲ။ မြို့သူမြို့သားတွေက ဒေါက်တာကန့်ကို ပြာယာခတ်အောင် မလုပ်နိုင်ပါဘူး။
သူကလဲ ပြာယာခတ်တတ်တဲ့လူမျိုး မဟုတ်ပါဘူး။ ဒါပေမယ့် သူကိုတော့ စံပြအဖြစ် သတ်မှတ်ထားကြပါတယ်။
ဝါးတားတောင်းမြို့လေးရဲ့ကုန်သည်ကြီးများအဖွဲ့မှ
နှစ်တိုင်း ညစာစားပွဲတစ်ခု ကျင်းပပြီး၊ တစ်နှစ်တာအတွင်း ထူးချွန်ထင်ရှားတဲ့မြို့သားတစ်ယောက်ကို
ငွေဖလားတစ်လုံး ချီးမြှင့်ဂုဏ်ပြုလေ့ရှိကြပါတယ်။ ဒီနှစ်အတွက်ကတော့ ဒေါက်တာကန့်ရဲ့နာမည်ကလွဲလို့
အခြားလူ မဖြစ်နိုင်တော့ပါဘူး။
မြို့တော်ခန်းမထဲမှာ
လူတွေပြည့်နေပါတယ်။ ဒီလိုပွဲမျိုးမှာတောင် ဒေါက်တာကန့်ကို ကြည့်ရတာ ရင်းရင်းနှီးနှီး မရှိပါဘူး။ စိတ်ကောင်းစေတနာကောင်းရှိသော်လည်း
မတုန်မလှုပ်နဲ့ပါ။ ကျုပ်တို့ကတော့ သူ့ကို ကျုပ်တို့မြို့သားလို့ လှိုက်လှိုက်လှဲလှဲ သတ်မှတ်ထားလိုက်ကြပါပြီ။
မြို့တော်ဝန်မှ
ငွေဖလားကို ဒေါက်တာကန့်ကို လက်ဆောင်အဖြစ်ပေးလိုက်ချိန်မှာ ဒေါက်တာကန့်က ထိုအတွက် ကျေးဇူးအထူးတင်ကြောင်းပြန်လည်
ပြောကြားလိုက်ပါတယ်။ ပြီးတော့ ပလက်ဖေါင်းရဲ့ရှေ့ဆုံးကို လမ်းလျှောက်ထွက်သွားပါပြီး
တိတ်ဆိတ်စွာ ရပ်လိုက်ပါတယ်။ သူ့ရဲ့ပုံစံက မတုန်မလှုပ်နဲ့ ရှိနေဆဲပါ။ သို့သော် ကျုပ်
သိလိုက်တာတစ်ခုကတော့ တစ်ခုခုထူးခြားမှုတော့ရှိနေပါပြီ။ သူ့မှာ အရည်အချင်းသစ်တခု ထပ်ရသလို
ဖြစ်နေတယ်လို့ သိလိုက်တယ်ဗျာ။
“ပထမဆုံးအနေ
နဲ့ကတော့…” လို့ ဆိုတဲ့ လူနာတွေကိုအထက်စီးမှပြောသလို အသံကြီးနဲ့ ဒေါက်တာကန့် စကားကို
စပြောလိုက်ပါတယ်။
“ဒီလိုအောင်မြင်မှုမျိုး
ကျွန်တော့်ကို ပေးအပ်တဲ့ ဒီမြို့လေးကို အရမ်းကျေးဇူးတင်ပါတယ်။ သို့သော်လည်း ကျေးဇူးတင်စကားတွေနဲ့အတူ
ရှင်းလင်းတင်ပြခြင်း၊ အကြံပြုခြင်းတွေကို ကျွန်တော် ပြုလုပ်လိုပါတယ်။”
“အခုဒီညမှာ
ဘတ်စ်ကားမတော်တဆဖြစ်ပွါးမှုအတွက် လုပ်ဆောင်ပေးခဲ့လို့ ကျွန်တော့်ကို အထူးဂုဏ်ပြုခြင်းကို ပြုလုပ်ခဲ့ပါတယ်။ ကျွန်တော်
အသေအချာပြောရဲတာကတော့ ဒီလိုဂုဏ်ပြုခြင်းကို ကျွန်တော်မရသင့်ပါဘူး။ ဆိုးဆိုးရွားရွားဖြစ်ပွါးမှုတွေကို
ဆရာဝန်တိုင်းမျှော်လင့်ကြပါတယ်။ ကျွမ်းကျင်ထက်မြက်မှုကို အဲဒီအချိန်မှာ ပြနိုင်မယ်လေဗျာ။”
“အဲဒီည ကျွန်တော့်ရဲ့လုပ်ကိုင်မှုထဲမှာ
တစ်ကိုယ်ကောင်းဆန်မှုတချို့ပါဝင်ပါတယ်။ ကျွန်တော် လုပ်ကိုင်ခဲ့တာဟာ လုပ်နိုင်တာကို လုပ်ပေးခဲ့တာထက်
မပိုပါဘူး။ ဒီလုပ်ကိုင်မှုမျိုးကို ဝါးတားတောင်းမြို့မှ ဘယ်သူမဆို လုပ်ကိုင်နိုင်ပါလိမ့်မယ်။
မှားယွင်းတဲ့ကြွားဝါမှု တစ်ခုကို ဦးတည်လိုတဲ့အတွက် အခုလိုပြောဆိုနေတာ မဟုတ်ဘူးဆိုတာ
ကျွန်တော် အသေအချာပြောဆိုလိုပါတယ်။ အက်ဆီးဒင့်ဖြစ်ပွါးပြီးနောက် နေ့နေ့ညည စဉ်းစားရင်း၊
တစ်ခုခုပြောဖို့လိုလာပြီဆိုတာကို ကျွန်တော်သိလာခဲ့ပါတယ်။ အဲဒါကြောင့် အခုလို ပြောကြားတာပါ။”
ဒေါက်တာကန့်
ပြောဆိုတာကို ခဏရပ်လိုက်ပါတယ်။ ပြီးတော့ အန်ကယ်ဂျိုးထိုင်နေတဲ့ ရှေ့ဆုံးတန်းမှနေရာကို
ငုံ့ကြည့်လိုက်ပါတယ်။
“ဒီလိုထိခိုက်မှုဆိုတာ
နှစ်ပေါင်းများစွာမှာ တစ်ခါတလေ ဖြစ်တတ်တာမျိုးပါ။ သို့သော် ဒီလိုကုသမှုမျိုးကို အမြဲလုပ်ကိုင်မနေရပါဘူး၊
မိတ်ဆွေများခင်ဗျား။”
“အားလုံးသိကြတဲ့အတိုင်း
ဒီသုံးနှစ်ကျော်ကာလအတွင်းမှာ ကျွန်တော်ဟာ ပိုပြီး စိတ်ဝင်စားစရာ ကောင်းတဲ့ဆေးကုသမှုတွေ၊
ခွဲစိတ်မှုတွေပဲ လုပ်ဆောင်ဖို့ ဘောင်ကန့်ထားခဲ့ပါတယ်။ သာသာယာယာမရှိတဲ့ အလုပ်တွေဆို တတ်နိုင်သမျှ
ကျွန်တော် ပြင်းပြင်းထန်ထန်ရှောင်ကျဉ်ခဲ့ပါတယ်။”
“ကျွန်တော့်ထက်
အသက်များစွာပိုကြီးတဲ့ ဒေါက်တာဝပ်ဆန် ကျွန်တော့်ဆီ ရောက်လာပါတယ်။ ကျွန်တော် မလုပ်ချင်တဲ့
ညနက်သန်းခေါင်ခေါ်ဆိုမှုတွေကို သူ ကုသပေးမယ်လို့ အကြံပြုခဲ့ပါတယ်။ ပထမတော့ အဲဒီလိုကုပေးပြီး
အပိုဝင်ငွေရှာချင်တာလို့ ကျွန်တော် ထင်ခဲ့ပါတယ်။ ကျွန်တော့် ထင်မြင်ချက် မှားယွင်းခဲ့ပါတယ်။
ကျွန်တော့်ထံမှ ဒေါက်တာဝပ်ဆင် တပြားတစ်ချပ်မှ မယူခဲ့ပါဘူး။ သူ ကုသပေးခဲ့တဲ့ ကျွန်တော့်လူနာတွေထံမှလည်း
တစ်ပြားတစ်ချပ်မှ လက်မခံခဲ့ပါဘူး။”
“သိပ်မကြာခင်အချိန်မှာတော့
ကျွန်တော့်ကိုယ် ကျွန်တော် အမြဲမေးပါတယ်။ ဘာကြောင့်လဲဆိုတဲ့ မေးခွန်းပါ။ ပိုက်ဆံတစ်ပြားတစ်ချပ်မရဘဲ
ဒီလိုခက်ခဲပင်ပန်းတဲ့ အပိုအလုပ်တွေကို ဘာလို့ ဒေါက်တာဝပ်ဆင် လုပ်နေတာလဲ။ စိတ်မောပင်ပန်းရတဲ့
ညပိုင်း ခရီးရှည်ကြီးတွေထွက်ပြီး ဘာလို့ ဆေးကုနေတာလဲ။ လူနာက နောက်တစ်နေ့ထပ်စောင့်လဲ
ဘာမှဖြစ်တာမဟုတ်ပါဘူး။ ဒီလိုအသိကို ဒေါက်တာဝပ်ဆင် ကျွန်တော့်ထက်ပိုသိပါတယ်။ ဘာကြောင့်လဲ။
နောက်ဆုံးမှာတော့ ကျွန်တော် အဖြေကို ရခဲ့ပါပြီ၊ မိတ်ဆွေများခင်ဗျား။”
“ဒေါက်တာဝပ်ဆင်မှာ
ဆေးဝါးကုသမှုနဲ့ဆိုင်တဲ့အယူအဆတစ်ခုရှိပါတယ်။ အဲဒီအယူအဆဟာ ဆရာဝန်တိုင်းလိုလို ရှိသင်တဲ့အယူအဆပါ။
ဒီအယူအဆကို ကျွန်တော် ကိုယ်တိုင်လည်း စိတ်ဓါတ်ခိုင်ခိုင်မာမာနဲ့ အကောင်အထည်ဖေါ်နိုင်မယ်လို့
မျှော်လင့်ပါတယ်။ ”
“ကျွန်တော့်လူနာတစ်ယောက်
ညပိုင်းမှာ တစ်ခုခုအတွက် အသည်းအသန်ခံစားနေရလို့ ကျွန်တော့်ကို ဖုန်းခေါ်ခဲ့ရင် ကျွန်တော်သိပါတယ်။
အဲဒါထင်သလောက် အရေးကြီးတဲ့ကိစ္စ မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော် မသိလိုက်တဲ့ကိစ္စတစ်ခုရှိပါတယ်။
ဒီလူနာ ကြောက်နေပါတယ်။ သူ့မိသားစု ကြောက်နေပါတယ်။ သူတို့နားမလည်တဲ့ တစ်စုံတရာအတွက်
ကြောက်လန့်နေပါတယ်။ လူကိုယ်တိုင် အားပေးနှစ်သိမ့်မှုကို သူတို့ လိုအပ်နေပါတယ်။ အဲဒီလိုအပ်ချက်ကို
ပေးဖို့ ကျွန်တော် ခေါင်းမာမာနဲ့ ငြင်းဆိုမိပါတယ်။ ဒါပေမယ့် ဒေါက်တာဝပ်ဆင်ကတော့ ဒီလိုအပ်ချက်ကို
အမြဲတမ်းပေးနိုင်ခဲ့ပါတယ်။”
“သူ ခင်ဗျားတို့ကို
ပေးခဲ့တာ ဆေးပညာတစ်ခုထဲမဟုတ်ပါဘူး၊ မိတ်ဆွေများခင်ဗျား။ ခင်ဗျားတို့ လိုအပ်ချိန်မှာ
သူပေးခဲ့တာကတော့ လုံခြုံဘေးကင်းပြီဆိုတဲ့ခံစားမှုပါ။ ခင်ဗျားတို့ ဆွဲကိုင်ထားနိုင်တဲ့
ကျောက်တောင်ကြီးလို ရပ်တည်ပေးခဲ့တာပါ။ ဒါတွေကို သူ ထုတ်မပြောခဲ့ပါဘူး။ ကြီးကျယ်တဲ့ပါရမီရှင်တွေဟာ
သူတို့ကို ကြီးကျယ်စေတဲ့အလုပ်တွေနဲ့ ပတ်သက်ပြီး အမြဲတမ်း နုတ်ဆိတ်နေတတ်ကြပါတယ်။ အဲဒါတွေကို
ထုတ်ပြောဖို့ ဒေါက်တာဝပ်ဆင် ရှက်ပါတယ်။”
“ဆေးကုသမှုရဲ့အမြင့်မြတ်ဆုံးအရာတွေကို
စာအုပ်တွေထဲမှာ လေ့လာတာထက် ဒေါက်တာဝပ်ဆင်ဆီမှာ ကျွန်တော် လေ့လာခဲ့ရပါတယ်။ သို့သော်လည်း
တချိန်မှာတော့ ဒီမြို့ရဲ့ကောင်းကျိုးအတွက် အနည်းငယ်ကို ကျွန်တော် ဆောင်ရွက်ခွင့်ရခဲ့ပါတယ်။
ဒီကောင်းကျိုးချမ်းသာကို ဒေါက်တာဝပ်ဆင်က တစ်သက်လုံး ဝမ်းမြောက်ဝမ်းသာလုပ်ဆောင်နေခဲ့တာပါ။
ဘယ်လိုဆုလာဒ်ကိုမှ မတောင်းဆိုခဲ့ပါဘူး။ ဘယ်လိုအသိအမှတ်ပြုမှုကိုမှ မတောင်းဆိုခဲ့ပါဘူး။”
ဒေါက်တာကန့် စကားပြောတာကို ခဏရပ်လိုက်ပါတယ်။ ကျုပ်လည်း
မျက်ရည်ဝဲနေတာကို သုတ်ပစ်လိုက်ရပါတယ်။ ဒေါက်တာကန့်လည်း ကျုပ်လို လုပ်လိုက်တာမြင်တော့
အံ့သြရပါတယ်ဗျာ။
“ကျွန်တော်
တစ်ခုကို တောင်းဆိုလိုက်ပါရစေ။”လို့ ဒေါက်တာကန့် ပြောလိုက်ပါတယ်။
“ခင်ဗျားတို့ရဲ့ခွင့်ပြုချက်ကို
ကျွန်တော် တောင်းဆိုလိုပါတယ်။ ဒီဆုဖလားကို ကျွန်တော် ပေးလိုတဲ့လူကတော့ ဒီတစ်ညအတွက်ကိုသာ
ထိုက်တန်တဲ့လူတစ်ယောက်မဟုတ်ပါဘူး။ အမြဲတမ်း ထိုက်တန်နေမယ့်လူတစ်ယောက်ပါ။ ဒီဆုကို ကျွန်တော်
ဒေါက်တာဂျိုးဇက် အိတ်ခ်ျဝပ်ဆင်ကို လက်ဆောင်ပေးချင်ပါတယ်။ ဒီလက်ဆောင် ပေးအပ်ရင်း ကျွန်တော်
တစ်နေ့တစ်ချိန်မှာ သူ့တစ်ဝက်လောက် ကောင်းမွန်တဲ့ဆရာဝန်တစ်ဦးဖြစ်အောင်ကြိုးစားပါမယ်လို့
နှိမ့်ချစွာဆန္ဒပြုပါတယ်ဗျာ။ ”
အဲဒီနောက်
ရုတ်တရက်တိတ်ဆိတ်သွားပြီး၊ ပြင်းထန်တဲ့လက်ခုပ်အံ့သြသံကြီး ထွက်ပေါ်လာပါတော့တယ်။ စင်မြင့်ပေါ်မှ
ဒေါက်တာကန့် ဆင်းလာပါတယ်။ သူ့မျက်လုံးမှာ မျက်ရည်တွေနဲ့ပါ။ လူတွေကြားမှ သူ မရှက်နိုင်တော့ပါဘူး။
“ဒီဆုအတွက်
အမှန်ကန်ဆုံးလူကတော့ ခင်ဗျားပါ။ ယူလိုက်ပါ၊ အန်ကယ်ဂျိုး။” လို့ ဒေါက်တာကန့်က ပြောလိုက်ပါတော့တယ်။
( The Final Tribute by Octavus Roy Cohen ကိုဘာသာပြန်ဆိုပါသည်။ )
( ကြိုက်ရင် များများ ရှယ်ပေးကြပါခင်ဗျား။ )
No comments:
Post a Comment