Saturday, October 20, 2012

“နာကျင်မှုကို ကြောက်ရွံ့ခြင်း”

      နာကျင်မှုသည် အရာများစွာကို ပေါင်းစပ်ထားခြင်း ဖြစ်ပါသည်။ အကြောက်တရားက ထိုအရာများတွင် အဓိကနေရာမှ ပါဝင်သည်။ အကြောက်တရားကြောင့် “နာကျင်မှု” မှာ “ထိခိုက်မှု” အဖြစ် သို့ ပြောင်းလဲသွားပါသည်။ ကြောက်ရွံ့ခြင်းကို ဖယ်ထုတ်လိုက်ပါက ခံစားမှု သာလျှင် ကျန်ပါလိမ့်မယ်။

          ၁၉၇၀ နှစ်တွေတုန်းက ကျွန်တော်ဟာ ဝေးလံပြီး၊ ဆင်းရဲတဲ့ တောဘုန်းကြီးကျောင်းလေးမှာ သီတင်းသုံးနေပါတယ်။ ထိုဘုန်းကြီးကျောင်းလေးသည် ထိုင်းနိုင်ငံ၏ အရှေ့မြောက်ပိုင်းတွင် ရှိပါသည်။ ဆိုးရွားသော သွားကိုက်ဝေဒနာကို ကျွန်တော် ခံစားနေရပါသည်။ ပြသရန်အတွက် သွားဆေးခန်းမရှိပါ။ တယ်လီဖုန်း မရှိပါ။ လျှပ်စစ်မီး မရှိပါ။ အက်စပရင် လို တိုင်လီနော လို ဆေးတွေကလည်း ဆေးသေတ္တာထဲမှာ မရှိပါ။ တောဘုန်းကြီးတွေအတွက်ကတော့ သည်းခံပြီး နေနိုင်ရေးကိုပဲ မျှော်လင့်ပါတယ်။

          ညနေပိုင်းမှာ အဖျား နှင့်အတူ သွားကိုက်ဝေဒနာက တဖြည်းဖြည်း ပိုဆိုးလာပါတယ်။ ကျွန်တော်က ကိုယ့် ကို ကိုယ် အလွန်မာကျောကြံ့ခိုင်တယ်လို့ ထင်ထားတာပါ။ ဒါပေမဲ့ သွားကိုက်ဝေဒနာက ကျွန်တော့်ကို စမ်းသပ်နေပါတော့တယ်။ ကျွန်တော့်ပါးစပ် တစ်ခြမ်းက နာကျင်လွန်းလို့ မလှုပ်နိုင်တော့ပါဘူး။ ဒီလို သွားကိုက်ဝေဒနာကို ဘဝမှာ အဆိုးရွားဆုံး တွေ့ကြုံတာပါ။ နာကျင်မှုဝေဒနာကို သက်သာစေဖို့ ကြိုးစားပြီး တရားမှတ်နေပါတယ်။ ရှုသွင်းရှုထုတ်လုပ်ပြီး တရားမှတ်နေချိန်မှာ ခြင် ကလည်း အရမ်းကိုက်ပါတယ်။ တချိန်ထဲမှာ ကိုယ်ခန္ဓာအပေါ်မှာ အမှတ်စဉ်ကို ရေတွက် မှတ်သားနေပါတယ်။ တရားမှတ်နေတဲ့ဘက်ကို အာရုံစူးစိုက်ပြီး၊ နာကျင်မှုကို ကျော်လွှားဖို့အတွက် ကြိုးစားပါတယ်။ တရားကို ၂ စက္ကန့်၊ ၃ စက္ကန့် လောက်ပဲ မှတ်နေနိုင်ပါတယ်။ ခဏနေတော့ နာကျင်မှုဝေဒနာက တရားမှတ်နေတဲ့စိတ်ကို လွှမ်းမိုးအောင်နိုင် သွားပါတယ်။ နာကျင်ခြင်းက ပြင်းထန်တဲ့အင်အားနဲ့ ကျွန်တော့်ကို တိုက်ခိုက်နေသလိုပါပဲ။

          ကျွန်တော် မတ်တပ်ထ ရပ်ပြီး၊ အပြင်ကို ထွက်လိုက်တယ်။ စင်္ကြံလျှောက်ပြီး တရားမှတ်ဖို့ ထပ်ကြိုးစားပြန်တယ်။ အဲဒီနည်းကိုလည်း သိပ်ကြာကြာ မလုပ်နိုင်ပါဘူး။ အခု ကျွန်တော်က ဖြည်းဖြည်းချင်း လမ်းလျှောက်ပြီး တရားမှတ်တာမဟုတ်တော့ပါဘူး။ ပြေးရင်း တရားမှတ်နေတဲ့ အခြေအနေ ဖြစ်နေပါတယ်။ ဖြေးဖြေးချင်း တရားမှတ်လို့ မရတော့ပါဘူး။ နာကျင်မှုဝေဒနာက ကျွန်တော့်ကို ထိန်းချုပ်ထားပြီး၊ ပြေးခိုင်းနေပါပြီ။ ပြေးစရာနေရာကလည်း မရှိတော့ပါဘူး။ နာကျင်မှုဝေဒနာက ကျွန်တောကို ချက်ချင်း သေတော့မလောက်ပါပဲ။ ကျွန်တော်ရူးသွပ်နေသလို ခံစားရပါတယ်။

          ကျွန်တော့် နေထိုင်တဲ့ တဲအိမ်လေးကို ပြန်ပြေးပါတယ်။ ထိုင်လိုက်ပြီး၊ တရားစာ ရွတ်နေလိုက်တယ်။ ဗုဒ္ဓတရားတော်တွေကို ရွတ်ဖတ်သရဈယ်ရင် တန်ခိုးတွေရလာတယ်လို့ ဆိုကြပါတယ်။ စည်းစိမ်ချမ်းသာကို ရရှိနိုင်တယ်။ အန္တရာယ်ရှိတဲ့ သတ္တဝါကြီးတွေကို ဝေးဝေးမောင်းထုတ်နိုင်တယ်။ ဖျားနာခြင်း၊ နာကျင်ခြင်းတွေကို ပျောက်ကင်းစေနိုင်တယ်လို့ ဆိုကြပါတယ်။ အဲဒါတွေကို ကျွန်တော် မယုံကြည်ပါဘူး။ ကျွန်တော်က သိပ္ပံပညာရှင် အဖြစ် လေ့ကျင်ထားတဲ့သူပါ။ မန္ဒန် ရွတ်တယ်ဆိုတာ လှည့်စားတဲ့  မှော်ပညာတစ်ခုပါ။ လိမ်လည် လှည့်စားချက်တစ်ခုပါ။ ဒါပေမဲ့ တရားစာတွေကို ဆက်ပြီး ရွတ်နေပါတယ်။ အကျိုးပေးခြင်း၊ မပေးခြင်းတွေ ကို မစဉ်းစားပဲရွတ်ဖတ်နေရင် တရားစာတွေက အစွမ်းထက်လာမယ်လို့ မျှော်လင့်လို့ပါ။ ကျဉ်းထဲ ကျပ်ထဲက ကြံရာမရ အခြေအနေပါပဲ။ တရားစာ ရွတ်နေတာကို သိပ်မကြာခင် ရပ်လိုက်ရမှာပါ။
 အခုတော့ တရားစာတွေကို အကျယ်ကြီး ရွတ်ဆိုနေပါတယ်။  အချိန်က ညဉ့်နက်နေပါပြီ။ ကျွန်တော့်ကြောင့် အခြားရဟန်းတွေ နိုးကုန်မှာလည်း စိုးရိမ်ပါတယ်။ ဒီလို တရားစာတွေကို အော်ဟစ်ရွတ်ဆိုနေပုံနဲ့တော့ ခပ်ဝေးဝေးရွာကလူတွေတောင် နိုးကုန်လောက်ပါတယ်။ နာကျင်လွန်းလို့ တရားစာတွေကို ပုံမှန် ရွတ်ဆိုသလို မဆိုနိုင်တော့ပါဘူး။

          အခုနေရာက ကျွန်တော့်တိုင်းပြည်နဲ့ မိုင်ထောင်ပေါင်းများစွာ ကွာဝေးပါတယ်။ အထောက်အပံ့ ပစ္စည်းမရှိတဲ့ တောနက်ထဲမှာပါ။ နာကျင်မှုဝေဒနာကို ပျောက်ဖို့လမ်း မမြင်သေးပါဘူး။ ကျွန်တော် သိသမျှနည်းတွေ အားလုံးနဲ့ ကြိုးစားကြည့်ပြီးပါပြီ။ ကျွန်တော် လွတ်လမ်းမမြင်မိပါဘူး။ အခြေအနေကတော့ အဲဒီလိုပါပဲ။
          လုံးဝမျှော်လင့်ချက် ကင်းမဲ့နေတဲ့အချိန်လေးက ဥာဏ်ပညာအလင်းတံခါးကို ဆွဲဖွင့်လိုက်ပါတယ်။ သာမာန်ဘဝအခြေအနေမှာ မမြင်နိုင်တဲ့အလင်းတံခါးပါ။ ကျွန်တော် ဥာဏ်အလင်းတံခါး ပွင့်သွားပါပြီ။ တံခါးပေါက်ကနေ ကျွန်တော် ဖြတ်သွားလိုက်ပါတော့တယ်။ အခြားရွေးချယ်စရာ နည်းလမ်းလည်း မရှိတော့ပါဘူး။
          ကျွန်တော်က “သွားစေ” ဆိုတဲ့ စကားလေးကို သတိရသွားတယ်။ အရင်က အကြိမ်ပေါင်းများစွာ ဒီစကားလေးကို ကြားဖူးပါတယ်။ ဒီစကားလေးရဲ့ အဓိပ္ပါယ်ကို ကျွန်တော် သူငယ်ချင်းတွေကို ရှင်းပြဖူးပါတယ်။ ဆိုလိုရင်း အဓိပ္ပါယ်ကိုလည်း ကျွန်တော် နားလည်ပါတယ်။ လှည့်စားချက်တစ်ခုပါပဲ။ အခုလို အချိန်မှာတော့ ဘယ်နည်းလမ်းမဆို ကျွန်တော် သုံးရပါမယ်။ “ရာနှုန်းပြည့် သွားစေ” လို့ ကျွန်တော် ရွတ်ဆိုပါတယ်။ ကျွန်တော့်ဘဝမှာ ပထမဆုံးအဖြစ် ရာနှုန်းပြည့် သွားခိုင်းလိုက်ပါတယ်။

          ဖြစ်လာတဲ့ အကျိုးဆက်က အံ့သြစရာပါ။ မခံမရပ်နိုင်အောင် ဖြစ်နေတဲ့ နာကျင်မှုဝေဒနာ ပျောက်သွားပါတယ်။ ကောင်းမွန်လှတဲ့ ခံစားမှုနဲ့ အစားထိုးလိုက်ပါတယ်။ ပျော်ရွင်မှုလှိုင်းတွေ ကျွန်တော့် တစ်ကိုယ်လုံးပျံ့နှံ့သွားသလိုပါပဲ။ ကျွန်တော့်စိတ်က တည်ငြိမ်၊ ငြိမ်းချမ်းမှုကို ခံစားနေပါတယ်။ အရမ်းကို ကောင်းမွန်ပါတယ်။ အခုတော့ သက်သောင့်၊ သက်သာ တရားအားထုတ်နိုင်ပါပြီ။ တရားထိုင်လို့ အပြီးမှာ အာရုံတက်ချိန်ကို ရောက်သွားပါပြီ။ အနားယူဖို့အတွက် လဲလျောင်းလိုက်တယ်။ ငြိမ်းချမ်းစွာနဲ့ နှစ်နှစ်ကာကာ အိပ်ပျော်သွားပါတယ်။  ဘုန်းကြီးကျောင်း ဝေယျာဝစ္စများကို လုပ်ကိုင်ဖို့ အချိန်မှီ နိုးလာပါတယ်။ သွားကိုက်နေတုန်းပါပဲ။ ဒါပေမဲ့ မနေ့ညက သွားကိုက်တာနဲ့ နှိုင်းယှဉ်ရင်တော့ ဘာမှ မပြောပလောက်တော့ပါဘူး။

(ဆရာတော် “Ajahn Brahm” ၏ “Who Ordered This Truckload of Dung?”  စာအုပ်မှ “fear of pain” ကို ဘာသာပြန်ထားခြင်း ဖြစ်ပါသည်။--)
(မှတ်ချက်။  ။ ပိုမိုရှင်းလင်းစေရန်အတွက် ဒုတိယ အပိုဒ်ကို ဆက်လက်ဖတ်ပါခင်ဗျား။။ )

No comments:

Post a Comment