Friday, October 19, 2012

“အကြွင်းမဲ့ချစ်ခြင်း”


      ကျွန်တော့်အသက် ၁၃ နှစ်လောက်က အဖေက သူ့အနားကို ခေါ်ပြီး၊ စကားတစ်ခွန်း ပြောပါတယ်။ ဒီစကားလေးတစ်ခွန်းကြောင့် ကျွန်တော့်ဘဝ ပြောင်းလဲသွားခဲ့ရပါတယ်။ ကျွန်တော်နဲ့ အဖေက လန်ဒန်မြို့အစွန်က ဆင်းရဲသားရပ်ကွက်တစ်ခု ရဲ့လမ်းဘေးမှာ ရပ်ထားတဲ့ အဖေ့ကားစုတ်လေးပေါ်မှာ ရှိနေချိန်ပါ။ “ငါ့သား၊ မင်းဘဝမှာ ဘာပဲလုပ်လုပ် ဒီစကားလေးကို သတိရပါ။ အဖေ့အိမ်တံခါးက မင်းအတွက် အမြဲတမ်းဖွင့် ထားပါတယ်။ ” လို့ အဖေက ကျွန်တော့်ဘက်ကို လှည့်လိုက်ပြီး၊ ပြောလိုက်ပါတယ်။
          အဲဒီအချိန်က ကျွန်တော်က ဆယ်ကျော်သက်ကလေး အရွယ်ပဲ ရှိသေးတော့ အဖေ ဆိုလိုတာကို သဘောမပေါက်ခဲ့ပါဘူး။ အရေးကြီးတာ တစ်ခုခု ဖြစ်မယ်လို့ နားလည်လိုက်ပါတယ်။ အဲဒါကြောင့် ကျွန်တော် အဲဒီစကားလေးကို မှတ်ထားခဲ့ပါတယ်။ အဲဒီလိုပြောပြီး နောက်သုံးနှစ်အကြာမှာ အဖေ ကွယ်လွန်ခဲ့ပါတယ်။

          ထိုင်းနိုင်ငံရဲ့အရှေ့မြောက်ပိုင်းမှာ ကျွန်တော် ရဟန်းဝတ်တော့ ဒီစကားလေးကို အကြိမ်ကြိမ် စဉ်းစားမိခဲ့တယ်။ အဲဒီအချိန်က ကျွန်တော်တို့အိမ်လေးက လန်ဒန်မြို့ ဆင်းရဲသားရပ်ကွက်လေးထဲက အစိုးရပေးတဲ့ တိုက်ခန်းကျဉ်းလေးပါ။ ဖွင့်စရာတံခါးရယ်လို့ တူတူတန်တန် ရှိတဲ့ အိမ်မျိုးမဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော် သဘောပေါက်နားလည်ခဲ့တာကတော့ ဖွင့်လို့ရတဲ့ တံခါးကို အဖေ ဆိုလိုခဲ့တာမဟုတ်ပါဘူး။ “ငါ့သား၊ မင်းဘဝမှာ ဘာပဲလုပ်လုပ် ဒါစကားလေးကို မှတ်ထားပါ။ သားအတွက် အဖေ့နှလုံးသားတံခါးကို အမြဲဖွင့်ထားပါတယ်။” လို့ ကျွန်တော် နားလည်ပါတယ်။ အဲဒီစကားလေးက ချစ်ခြင်းမေတ္တာတရားကို ပီပီသသ ရှင်းရှင်းလင်းလင်းဖေါ်ပြတာပါ။ အဖိုးတန်ရတနာကို အဝတ်စလေးနဲ့ ရစ်ပတ်ထားသလိုမျိုး စကားပရိယယ်နဲ့ အဖေက ပြောဆိုခဲ့တာပါ။
          ကျွန်တော့်ကို အကြွင်းမဲ့ချစ်ခြင်းမေတ္တာကို ပေးခဲ့တာပါ။ မည်သည့်အနှောင်အဖွဲ့မှ မပါဝင်ပါဘူး။ ကျွန်တော်က အဖေ့သားပါ။ အစစ်အမှန်သဘောဆောင်ပြီး အလွန်လှပတဲ့အချက်လေး ဖြစ်ပါတယ်။ အဲဒီအချက်နဲ့ပဲ လုံလောက်နေပါပြီ။ အဖေက ဒီအဓိပ္ပါယ်ကို ဆိုလိုခဲ့တာပါ။
          နှလုံးသားတံခါးတွေကို ချွင်းချက်မရှိ ဖွင့်ထားတယ်ဆိုတဲ့ စကားမျိုးပြောဖို့အတွက် သတ္တိရှိဖို့လိုပါတယ်။ ဥာဏ်ပညာ ရှိဖို့လိုပါတယ်။ လူတချို့ကတော့ အခြားလူတွေရဲ့ အမှားတွေကြောင့် မိမိတို့ကို လာထိခိုက်မှာ ကြောက်ကြပါတယ်။ အဲဒီစကားလုံးအပေါ်မှာ အကျိုးအမြတ်ထုတ်မှာကိုလည်း စိုးရိမ်ကြပါတယ်။ ကျွန်တော့်အတွေ့အကြုံအရ ပြောရရင် အဲဒီကိစ္စမျိုး မဖြစ်ပါဘူး။

 အခြားလူတစ်ဦးဆီက အကြွင်းမဲ့ချစ်ခြင်းမေတ္တာကို လက်ခံလိုက်ရခြင်းဟာ အဖိုးအတန်ဆုံး လက်ဆောင်တစ်ခု ရလိုက်သလိုပါပဲ။ တန်းဖိုးထားမယ်။ ရင်ဘတ်ထဲမှာ ပိုက်ထားမယ်။ မပျောက်ပျက်အောင် ထိန်းသိမ်းပါလိမ့်မယ်။ အချိန်တချိန်မှာတော့ ကျွန်တော် အဖေ့စကားရဲ့ အဓိပ္ပါယ်ကို တပိုင်းတစ နားလည်သွားပါတယ်။ အဲဒီအခါမှာ အဖေ့ကို ထိခိုက်မဲ့အလုပ်မျိုး ကျွန်တော် မလုပ်ရဲတော့ပါဘူး။ တကယ်လို့ ဒီလိုစကားမျိုးကို ခင်ဗျားနံဘေးက တစုံတဦးကို ပြောလိုက်စမ်းပါ။ အမှန် တကယ်ပြောလိုက်တာမျိုး ဖြစ်ပါစေ။ တကယ်ရင်ထဲက လာတာဖြစ်ပါစေ။ အဲဒီလိုဆိုရင်တော့ ပိုင်ဆိုင်ရတဲ့သူက အကြွင်းမဲ့ချစ်ခြင်းမေတ္တာကို ရယူခံစားဖို့ အထက်သို့ အမြဲတက်လှမ်းဖို့ ကြိုးစားနေပါလိမ့်မယ်။ 

(ဆရာတော် “Ajahn Brahm ” ၏ “Who Ordered This Truckload of Dung? ”စာအုပ်မှ  “unconditional love” အခန်းအား ဘာသာပြန်ဆိုခြင်း ဖြစ်ပါသည်။)

No comments:

Post a Comment