ပတ်သ်မြို့(သြစတြီးယားနိုင်ငံ)ရှိ ပညာရေး ဟောပြောပွဲ တစ်ခု
တွင် မိန့်ခွန်း ပြောပေးရန် အတွက် ကျွန်တော် ဖိတ်ကြားခံရပါသည်။ ကျွန်တော် အံသြမိပါသည်။
ဟောပြောရမည့်နေရာသို့ ရောက်သောအခါ၊ ဟောပြောပွဲ၏ စည်းရုံးရေးမှူး နာမည် တံဆိပ်ပြားတပ်ထားသော
အမျိုးသမီး တစ်ဦးက ကျွန်တော့် အနားကို ကပ်လာကာ ဆီးကြိုနှုတ်ဆက်ပါသည်။ သူမက “ ကျွန်မကို
မှတ်မိပါသလား ” ဟု မေးမြန်းပါသည်။
ထိုမေးခွန်းသည်
ဖြေကြားရန်အတွက် အန္တရာယ် အရှိဆုံးမေးခွန်းများထဲတွင် ပါဝင်ပါသည်။
ကျွန်တော်သည်
ပြောင်ကျကျ ပွင့်ပွင့်လင်းလင်း ဖြေမည်ဟု “ ဆုံးဖြတ်ကာ မမှတ်မိပါဘူး ” ဟု ဖြေလိုက်ပါသည်။
သူမက ပြုံးလိုက်ကာ
လွန်ခဲ့သော ခုနှစ်နှစ်က ကျွန်တော် ဟောပြောပွဲလုပ်ခဲ့သော ကျောင်းတစ်ခုတွင် သူမသည် ကျောင်းအုပ်ဆရာမကြီး
ဖြစ်သည် ဟု ပြောသည်။ သူမ၏ ကျောင်းတွင် ဟောပြောခဲ့သော ပုံပြင်တစ်ပုဒ် ကြောင့် သူမ၏ အလုပ်အကိုင်၏
ဦးတည်ရာ ပြောင်းလဲခဲ့သည်။ သူမ ကျောင်းအုပ်ဆရာမကြီး အလုပ်မှ နုတ်ထွက်ခဲ့ပါသည်။ သူမသည်
အစီအစဉ် တစ်ခု ကို ထူထောင်ရန် အတွက် မနားမနေ အလုပ်လုပ်ခဲ့ပါသည်။ ထိုအစီအစဉ်မှာ လူမှူစနစ်အတွင်းမှ
အပြင်သို့ ရောက်နေသော လမ်းပေါ်မှကလေးများ၊ အသက်မပြည့်သေးသည့် ပြည့်တန်ဆာများ၊ မူးယစ်ဆေးစွဲသူများ
ကို သူတို့ ရောက်ရှိနေသော အခြေအနေမှ ထွက်ကာ နောက်တစ်ကြိမ်ထပ် ကြိုးစားခွင့် ပေးရန်
ဖြစ်ပါသည်။ ကျွန်တော်ပြောပြသော ပုံဝတ္ထုသည် ထိုအစီအစဉ်၏ အခြေခံ အတွေးအခေါ် ပင် ဖြစ်ပါသည်။
ကျောင်းသားတစ်ဦးကဲ့သို့ ကျွန်တော် ဖတ်ပြခဲ့သော ထိုပုံပြင်မှာ လီယိုတော်စတွိုင်း စုဆောင်းသော
ဝတ္ထုတိုများ စာအုပ်မှ ဆီလျော်အောင် ပြုပြင်ထားပါသည်။
ရှေးအခါက
ဘဝ၏ ဒဿန ကို ရှာဖွေသော ဘုရင်ကြီးတစ်ပါး ရှိပါသည်။ သူ၏ အုပ်ချုပ်မှုကို လမ်းညွှန်မှု
ပြုရန်အတွက် နှင့် သူ့ ကိုယ်ကို အုပ်ချုပ်ရန်အတွက် အမြော်အမြင်ဥာဏ်ပညာ ကို သူ အလိုရှိပါသည်။
ထိုအချိန်ကရှိသော အတွေးအခေါ်များ နှင့် ဘာသာတရားများ သည် သူ့ကို ကျေနပ်မှု မပေးနိုင်ပါ။
ထို့ကြောင့် ဘဝ အတွေ့အကြုံအတွင်း မှ သူ့ကိုယ်ပိုင် ဒဿန ကို သူ ရှာဖွေပါတော့သည်။
တဖြည်းဖြည်းနှင့်
သူသည် အခြေခံကျသော မေးခွန်းကြီး(၃)ခု အတွက် အဖြေများ လိုအပ်ကြောင်း သူ ရှာဖွေတွေ့ရှိလာပါသည်။
သူ လိုအပ်သော အမြော်အမြင်ရှိသည့် လမ်းညွှန်မှုကို ထိုမေးခွန်း(၃)ခု မှ ရရှိမည် ဖြစ်သည်။
ထိုမေးခွန်း(၃)ခုမှာ…
(၁) မည်သည့်အချိန်သည် အရေးအကြီးဆုံး ဖြစ်သနည်း။
(၂) မည်သူ သည် အရေးအကြီးဆုံး ဖြစ်သနည်း။
(၃) အရေးအကြီးဆုံး ဆောင်ရွက်ရမည့် အရာ မှာ မည်သည်ဖြစ်ပါသနည်း။
မူလ ပုံဝတ္ထုမှာတော့
အဖြေများကို အချိန်အကြာကြီး ရှာဖွေ ရပါတယ်။ ရသေ့ ထံ သွားရောက် မေးမြန်းသောအခါ အဖြေ(၃)ခု ကို ရရှိသွားပါတယ်။ အဖြေများ အတွက် သင်
မည်သို့ ထင်မိပါသနည်း။ ကျေးဇူးပြုပြီး မေးခွန်းများကို ပြန်ကြည့်လိုက်ပါ။ သင် ဆက် မဖတ်သွားခင်
ခဏရပ်ပါ။
ပထမဆုံး မေးခွန်း
အဖြေကို လူတိုင်း သိပါတယ်။ သို့သော် မကြာခဏ ကျွန်တော်တို့ မေ့နေတတ်ကြ ပါသည်။ အရေးအကြီးဆုံးအချိန်သည်
ယခုလက်ရှိအချိန် ဖြစ်ပါသည်။ ကျွန်တော်တို့ထံတွင် အမြဲရှိသည် မှာ ထိုအချိန်ပင် ဖြစ်ပါသည်။
သင့်အဖေ၊ အမေ ကို သင် ဘယ်လောက် ချစ်ခင်ကြောင်း၊ ကျေးဇူးတင်ကြောင်း ပြောကြားလိုပါလျှင်
၊ ယခုပင် ပြောကြားလိုက်ပါ။ မနက်ဖြန် မဟုတ်ပါ။ နောက်ထပ် ငါးမိနစ်ကြာမှ မဟုတ်ပါ။ ယခု
ပင် ပြောကြားပါတော့။ တခါတရံ ငါးမိနစ် ဆိုတာ အလွန် နောက်ကျသွားတာမျိုး ဖြစ်တတ်ပါသည်။
သင်၏ ဘဝ အဖေါ်မွန် ကို သင် မှားယွင်းမိကြောင်း ပြောဆိုဖို့ လိုအပ်လျှင်၊ သင့် ဘာကြောင့်
ဒီလို မပြောဖြစ်ခဲ့ရသနည်း ဟူသည့် အကြောင်းအရင်းတွေကို မစဉ်းစားပါနှင့်တော့။ ယခုပင်
ပြောလိုက်ပါတော့။ အခွင့်အရေး ဟူသည် နောက်ထပ် တစ်ကြိမ်ထပ် မလာတာလည်း ဖြစ်နိုင်ပါသည်။
ယခု အချိန်ကို အသုံးချလိုက်ပါတော့။
ဒုတိယမေးခွန်း၏
အဖြေမှန် ကတော့ အသိဥာဏ်ကို ပြင်းပြင်းထန်ထန် သုံးစွဲမှ ရမှာပါ။ အဖြေမှန်ကို လူအနည်းငယ်သာ
စဉ်းစားနိုင်ပါလိမ့်မယ်။ ကျောင်းသားတစ်ဦး အနေ နှင့် အဖြေမှန်ကို ကျွန်တော် ဖတ်ပြီးသည့်အခါ၊
ရက်ပေါင်းများစွာ အတွေးထဲတွင် ချာချာလည်နေပါသည်။ အဖြေမှာ ကျွန်တော်တွေးမိသည်ထက် ပို၍
နက်ရှိုင်းပါသည်။ အဖြေကတော့ အရေးအကြီးဆုံးသူ မှာ သင် နှင့်အတူ နေထိုင်သူ ဖြစ်ပါသည်။
ကောလိပ်ကျောင်းမှာတုန်းက
ပရောဖက်ဆာတွေ ကို သေသေချာချာ မကြားမိလို့ မေးခွန်းတွေ မေးမိတာကို ကျွန်တော် ပြန်သတိရနေတယ်။
ဆရာတွေဟာ အပြင်ပန်းအားဖြင့် မေးခွန်းတွေကို နားထောင်နေပေမဲ့ စိတ်ထဲကတော့ ကျွန်တော့်ကို
ထွက်သွားစေချင်ပါပြီ။ သူတို့မှာ အခြားအရေးတကြီး လုပ်စရာတွေ အများကြီး ရှိပါတယ်။ ကျွန်တော်
စိတ်ထဲမှာ ခံစားရပါတယ်။ ဒါဟာ မကောင်းတဲ့ ခံစားမှု ပါပဲ။ ကျွန်တော် သတ္တိမွေးပြီး ထင်ရှားတဲ့
ဆရာတစ်ဦး ဆီကို သွားပါတယ်။ ပြီးတော့ ဆရာ့ကို ကိုယ်ရေးကိုယ်တာ မေးခွန်းတစ်ခု မေးပါတယ်။
ဆရာ ရုတ်တရက် အံ့သြသွားတယ်။ သူ ကျွန်တော့်ကို အထူးဂရုစိုက်ပြီး နားထောင်ပေးပါတယ်။ အခြားသော
ပရောဖက်ဆာတွေက သူနဲ့ စကားပြောဖို့အတွက် စောင့်နေကြပါတယ်။ အဲဒီအချိန်မှာ ကျွန်တော်က
ဆံပင်ရှည်နဲ့ကျောင်းသားတစ်ယောက်ပါ။ သို့သော် ဆရာ ကြောင့် ကျွန်တော်ဟာ အရေးပါသလို ခံစားရတယ်။
ကွာခြားချက် ကတော့ အလွန်အမင်းပါပဲ။
တစ်ဦးနှင့်တစ်ဦး
ဆက်ဆံပြောဆိုခြင်း၊ ချစ်ခြင်းတရား စသည့်အရာတွေဟာ သင် နှင့်အတူတကွ ရှိနေသူ ကိုသာ မျှဝေလို့
ရတာပါ။ အတူရှိနေသူတွေက ဘယ်သူတွေပဲ ဖြစ်ဖြစ် အဲဒီအချိန်မှာ သင့်အတွက် အရေးအကြီးဆုံး
လူ တွေပါပဲ။ သူတို့ ခံစားနိုင်တယ်။ နားလည်နိုင်တယ်။ သူတို့ တုံ့ပြန်နိုင်ပါတယ်။
ဇနီးမောင်နှံတွေဟာ
သူတို့အဖေါ်တွေက သူတို့ပြောတာ ကို သေသေချာချာ နားမထောင်ကြဘူးလို့ ညည်းညူလေ့ ရှိပါတယ်။
သူတို့ ဆိုလိုရင်းကတော့ သူတို့အဖေါ်တွေက သူတို့ကို အရေးပါသလိုမျိုး ခံစားမှု မရစေတာပါ။
ကျွန်တော်တို့ ဘယ်လောက်အလုပ်များများ၊ ဘယ်လောက်ပင်ပန်းမှု ရှိရှိ ၊ မိမိတို့ ဘဝအဖေါ်တွေကို
သူတို့ဟာ ကမ္ဘာပေါ်မှာ အရေးအကြီးဆုံး လူသားများ အဖြစ် ခံစားလာအောင် ဆက်ဆံ သင့်ပါတယ်။
ဘုရင်ကြီးရဲ့ဒုတိယမေးခွန်း အဖြေ ကို လူမှု ဆက်ဆံရေးမှာ လိုက်နာ ကျင့်သုံးကြရင် လင်ကွာ
မယားကွာ ရှေ့နေတွေ အခြားအလုပ်တွေ ကို ပြောင်းလုပ်ရပါလိမ့်မယ်။
စီးပွါးရေးမှာတော့
ကျွန်တော်တို့နဲ့ အတူရှိနေသူတွေဟာ အလားအလာရှိတဲ့ စားသုံးသူတွေပါ။ သူတို့ကို အရေးအပါဆုံးလူသားတွေ
အဖြစ် ဆက်ဆံလိုက်လျှင် ကျွန်တော်တို့ အရောင်းအဝယ် တအားတက်သွားမယ်။ ကျွန်တော်တို့ လစာတွေ
လည်း မြင့်သွားပါလိမ့်မယ်။
မူရင်းပုံဝထ္တုမှာ
ဘုရင်ကြီးသည် ရသေ့ထံသို့ သွားရာ ခရီးတွင် ကလေးငယ်တစ်ဦး၏ အကြံဥာဏ်ကို အပြည့်အဝ လိုက်နာခဲ့ပါသည်။
ထိုသို့လိုက်နာခြင်းကြောင့် ဘုရင်ကြီးသည် လုပ်ကြံမှု မှ အသက်ချမ်းသာ ရခဲ့ပါသည်။ ဘုန်းတန်ခိုးကြီးတဲ့
ဘုရင်ကြီးနဲ့ ကလေးငယ် အတူရှိနေတဲ့အခါ ကလေးငယ် က ဘုရင်ကြီး အတွက် အရေးအကြီးဆုံးလူ ပါ။
ကလေးငယ်က ဘုရင်ကြီးကို လဲ ကယ်တင်ခဲ့ ပါတယ်။ ကျွန်တော့်ထံ ကို သူတို့၏ ပြဿနာတွေကို ပြောပြဖို့
မိတ်ဆွေတွေ လာသည့်အခါ၊ ဘုရင်ကြီး၏ ဒုတိယမေးခွန်း အဖြေ ကို သတိရမိပါတယ်။ မိတ်ဆွေများကို
အလွန် အရေးပေးမိပါတယ်။ အတ္တတရား ကင်းမဲ့ခြင်း ဖြစ်ပါသည်။ အကြင်နာမေတ္တာတရားက စွမ်းအင်တွေကို
ပေးပါတယ်။ အဲဒါတွေက တကယ်ထိရောက်ပါတယ်။
ထိုပညာရေးဟောပြောပွဲကို
စည်ရုံးသူ အမျိုးသမီးက ပထမဆုံး သူမ ကူညီလိုသော ကလေးများ နှင့် တွေ့ဆုံရာတွင် လိုက်နာကျင့်သုံးရသည်ကတော့
“သင်နှင့်အတူနေသူသည် အရေးအကြီးဆုံးသောသူ ဖြစ်သည်” ဟူသော စကားပင် ဖြစ်သည်။ ကလေးများစွာသည်
ပထမဆုံးအနေနှင့် သြဇာရှိသော လူကြီးတစ်ဦးက သူတို့သည် အရေးကြီးသည် ဟု ဆက်ဆံခြင်းကို
တွေ့ကြုံရခြင်း ဖြစ်သည်။ သူမသည် ကလေးများကို အရေးကြီးသော နေရာကို ပေးခြင်းအားဖြင့်
ဆုံးဖြတ်ပေးခြင်းကို ပြုလုပ်သည်ထက် နားထောင်ခြင်း ကိုသာ ပြုလုပ်ပါသည်။ ကလေးများသည်
လည်း နားထောင်ကြပါသည်။ အစီအစဉ်ကို သင့်တော်သလို ပြုပြင်ပါသည်။ ကလေးများသည် လေးစားခြင်းကို
ခံစားရပြီး၊ ထိုသို့ ဆက်ဆံခြင်း က လည်း အလုပ်ဖြစ်ပါသည်။ နောက်ဆုံးတွင်တော့ ကျွန်တော်၏
အဖွင့်မိန့်ခွန်း မဟုတ်တော့ပါ။ ကလေးများ အနက်မှ တစ်ဦးက မှတ်တပ်ရပ်၍ စကားပြောပါသည်။
သူ့မိသားစုပြဿနာများ၊ မူးယစ်ဆေးဝါး နှင့် ရာဇဝတ်မှု စသည့် သူနှင့် ဆက်နွယ်မှု များကို
ပြောပြပါသည်။ ထိုအစီအစဉ်က သူ့အား မည်သို့ မျှော်လင့်ချက်များ ရလာပုံ နှင့် မည်သို့
မကြာခင် အချိန်အတွင်း သူ တက္ကသိုလ်သို့ သွားရောက်နိုင်ပုံ စသည် တို့ကို ပြောကြားပါသည်။
နောက်ဆုံးတွင် ကျွန်တော် မျက်ရည်ဝဲနေလေပြီ။ ထိုအကြောင်းသည်ပင် အဖွင့် မိန့်ခွန်း ဖြစ်ပါသည်။
သင့်ဘဝမှာ
အချိန်အများစုက သင့်တစ်ဦးတည်း နေထိုင်ရတာပါ။ သင်နှင့်အတူ နေထိုင်သည့် အရေးအကြီးဆုံး
လူသားသည် သင် ကိုယ်တိုင်ပင် ဖြစ်သည်။ သင့်ကို သင် အရေးကြီးသည် ဟု ထင်ဖို့ လုပ်ရန် အတွက်
အချိန် အများကြီးရှိပါသည်။ သင် အိပ်ယာမှ ထလာလျှင် သင် ပထမဆုံး ဂရုပြုမိသူ မှာ မည်သူ
ဖြစ်သလဲ။ သင် ကိုယ်တိုင်လား ! သင်ကိုယ်သင် မင်္ဂလာမနက်ခင်းပါ။ ကောင်းသောနေ့ ဖြစ်ပါစေ
ဟု နုတ်ဆက်ပါသလား။ သင် အိပ်ယာမဝင်ခင် သင်သတိထားမိသည့် နောက်ဆုံးလူ သည် မည်သူ ဖြစ်ပါသလဲ။
သင် ကိုယ်တိုင်ပဲလား ! နေ့တိုင်း ကျွန်တော့်၏ ကိုယ်ပိုင်သီးသန့် အချိန်များတွင် မိမိသည်
အရေးကြီးကြောင်း အသိပေးပါသည်။ ထိုသို့လုပ်ခြင်းက အလုပ်ဖြစ်ပါသည်။
ဘုရင်ကြီး၏
တတိယမေးခွန်း “ အရေးအကြီးဆုံး ဆောင်ရွက်ရမည့် အရာမှာ မည်သည် ဖြစ်ပါသလဲ ” ၏ အဖြေမှာ
“ ဂရုစိုက်ခြင်း ” ဖြစ်ပါသည်။ “ဂရုစိုက်ခြင်း”
တွင် “သတိထားခြင်း နှင့် စောင့်ရှောက်ပေးခြင်း” ပါဝင်သည်။ အဖြေက ရှင်းပြသည်မှာ ကျွန်တော်တို့
မည်သည့်နေရာမှ လာသလဲ သည် အရေးအကြီးဆုံး အရာ
ဖြစ်ပါသည်။
ဂရုစိုက်ခြင်းသည်
မည်သို့ဆိုလိုသနည်း ကို ပုံပြင်များစွာသုံး၍ မရှင်းပြမှီ၊ ဘုရင်ကြီး၏ မေးခွန်း(၃)ခု
ကို အဖြေများနှင့်တကွ နိဂုံးချုပ်လိုပါသည်။
(၁) မည်သည့်အချိန်သည် အရေးအကြီးဆုံး ဖြစ်သနည်း။ ---ယခု အချိန်
(၂) မည်သူ သည် အရေးအကြီးဆုံး ဖြစ်သနည်း။ ---သင်နှင့်အတူ နေထိုင်သူ
(၃) အရေးအကြီးဆုံး ဆောင်ရွက်ရမည့် အရာ မှာ မည်သည်ဖြစ်ပါသနည်း။--ဂရုစိုက်ခြင်း
No comments:
Post a Comment