Tuesday, October 16, 2012

ခွင့်လွှတ်ခြင်းဖြင့် စိတ်ငြိမ်းချမ်းမှု ရယူပါ

  တစုံတစ်ယောက်က ကျွန်တော်တို့ကို ထိခိုက်နစ်နာအောင် လုပ်ခဲ့ရင်၊ သူ့ကို အပြစ်ဒဏ်ပေးမဲ့လူ မရှိပါဘူး။ ကျွန်တော်တို့က ခရစ်ယန်ဘာသာဝင်၊ မွတ်ဆလင်ဘာသာဝင် (သို့မဟုတ်) ဂျူးဘာသာဝင် တစ်ယောက်ဖြစ်ခဲ့ရင်၊ ဘုရားသခင်က အပြစ်လုပ်တဲ့လူကို လုံလောက်တဲ့ ပြစ်ဒဏ်ခတ် ဆုံးမမှာလား။ ကျွန်တော်တို့က ဗုဒ္ဓဘာသာဝင်၊ ဟိန္ဒူဘာသာဝင် (သို့မဟုတ်) ဆစ်ဘာသာဝင် တစ်ယောက်ဖြစ်ခဲ့ရင်၊ ကမ္မနိယာမက ကျွန်တော်တို့ကို ထိခိုက်အောင် လုပ်သူတွေကို မျှတတဲ့ စီရင်မှု ဖြစ်စေမှာလား။ တကယ်လို့ သင်က ခေတ်မှီစိတ်ကုထုံးဘာသာရေးကို ယုံကြည်သူ ဖြစ်နိုင်ပါတယ်။ သင့်ကို ထိခိုက်အောင်လုပ်ခဲ့သူတွေ က သူတို့အပြစ်တွေအတွက် နှစ်ပေါင်းများစွာ အလွန်ဈေးကြီးတဲ့ စိတ်ကုထုံးတွေနှင့် ကုသရပါလိမ့်မယ်။
          အဲဒီလိုဆို ခင်ဗျားက ထိခိုက်အောင်လုပ်သူတွေကို မှတ်လောက်သားလောက် သင်ခန်းစာတွေ ပေးနိုင်တဲ့ လူတစ်ယောက် ဘာကြောင့် ဖြစ်ချင်နေတာလဲ။ စဉ်းစားကြည့်ရင် ကျွန်တော်တို့အတွက် သေဒဏ်စီရင်ပေးမဲ့သူ မရှိပါဘူး။

      ကျွန်တော်တို့ နေစဉ်ကိစ္စတွေကို ဆောင်ရွက်ရင်း ဒေါသတွေကို ဖြေလျှော့ရမှာပါ။ ခွင့်လွှတ်ခြင်းတရားကို ကျင့်သုံးပြီး စိတ်ငြိမ်းချမ်းအောင် ဆောင်ရွက်ရမှာပါ။
          ကျွန်တော့်အသိ အနောက်တိုင်းသား ရဟန်းနှစ်ပါး အငြင်းအခုံ ဖြစ်ကြပါတယ်။ ရဟန်းတစ်ပါးက အမေရိကန်ရေတပ်က ဗီယက်နာမ်စစ်ပြန်ကြီးပါ။ သူက ရှေ့တန်းစစ်မျက်နှာမှာ တိုက်ခိုက်ခဲ့တာပါ။ စစ်ပွဲကနေ ဒဏ်ရာအကြီးအကျယ် ရခဲ့ပါတယ်။ နောက်တစ်ဦးက စီးပွါးရေးသမားပါ။ သူက ငွေအမြောက်အမြားကို ရှာဖွေနိုင်ခဲ့လို့ အသက်အစိတ်လောက်မှာ အငြိမ်းစားယူနိုင်ခဲ့ပါတယ်။ သူတို့နှစ်ယောက်က လိမ္မာပါးနပ်တယ်။ ကြံ့ခိုင်သန်မာတယ်။ အလွန်သန်မာကြပါတယ်။

          ရဟန်းတော်တွေက ဒီလို အငြင်းပွါးမှုတွေကို ပြုလုပ်လို့ မရပါဘူး။ သို့သော် သူတို့နှစ်ယောက် ကတော့ ငြင်းခုံနေပါတယ်။ ရဟန်းတော်တွေက လက်သီးချင်း ယှဉ်ပြိုင်ထိုးသတ်လို့ မရပါဘူး။ သူတို့နှစ်ယောက်ကတော့ လက်သီးချင်း ထိုးကြလုပါပဲ။ သူတို့နှစ်ယောက် မျက်နှာချင်းဆိုင်ပြီး၊ မျက်လုံးချင်း စိုက်ကြည့်နေပါတယ်။ နှစ်ယောက်စလုံး ဒေါသတွေ ထွက်နေပါတယ်။ ကြောက်စရာကောင်းတဲ့ အော်ဟစ်ပြောဆိုနေချိန်အတွင်း စစ်ပြန်ကြီးက ဒူးထောက်ပြီး၊ ခေါင်းကို ညွှတ်လိုက်တယ်။ စီးပွါးရေးသမားက ရုတ်တရက် ထိတ်လန့်သွားပါတယ်။ စစ်ပြန်ကြီးက “ကျုပ် မှားသွားပါတယ်။ ကျုပ်ကို ခွင့်လွှတ်ပါ” လို့ ပြောလိုက်တယ်။

          ဒီလိုတုံ့ပြန်မှုဟာ နှလုံးသားက တိုက်ရိုက်ရောက်လာတာပါ။ စီစဉ်ထားတာ မဟုတ်ပါဘူး။ နှလုံးသားက တိုက်ရိုက်စီးဆင်းလာတဲ့ ရှားပါးတဲ့ အမူအယာပါ။ ချက်ချင်းတုံ့ပြန်ပုံ နဲ့ လှိုက်လှိုက်လှဲလှဲ ဖြစ်နေပုံတွေကနေ သိရှိနိုင်ပါတယ်။
          စီးပွါးရေးသမားရဟန်းက ငိုကြွေးပါတော့တယ်။
          မိနစ်အနည်းငယ်ကြာတော့ မိတ်ဆွေနှစ်ဦးအဖြစ် သူတို့အတူတကွ လမ်းလျှောက်ထွက်ခွါ သွားကြတယ်။ ရဟန်းတော်ဆိုတာ ဒီလို ပြုမှုရမှာပါ။
(ဆရာတော် “Ajahn Brahm” ၏ “Who Ordered This Truckload of Dung?” စာအုပ်မှ  “cooling off with forgiveness” အခန်းအား ဘာသာပြန်ဆိုခြင်း ဖြစ်ပါသည်။

No comments:

Post a Comment