Tuesday, October 16, 2012

“နွားချေး လှည်းတစ်စီး”

             အတန်းနောက်ကျခြင်းကဲ့သို့ စိတ်အနှောက်အယှက်ဖြစ်စရာကိစ္စမျိုးကို လူတိုင်း တွေ့ကြုံဖူးပါလိမ့်မည်။ ပျော်ရွင်သောလူ နှင့် စိတ်ဓါတ်ကျနေသောလူ ၏ ကွာခြားချက်မှာ ဒုက္ခဝေဒနာများကို မည်သို့တုန့်ပြန်သနည်း ဆိုသည့်အချက်ပေါ်တွင် မူတည်ပါသည်။

          သူငယ်ချင်းနှင့်အတူ ကမ်းခြေတွင် ပျော်ရွှင်စွာ အနားယူနေသည်ဟု စိတ်ကူးကြည့်လိုက်ပါ။ အိမ်ပြန်ရောက်တဲ့အခါ အိမ်တံခါးပေါက်မှာ နွားချေးလှည်းတစ်စီးတိုက် ကို လာပုံထားတာကို တွေ့ပါတယ်။ ဒီနွားချေးလှည်း နဲ့ ပတ်သက်လို့ အချက်(၃)ချက် စဉ်းစားလို့ရပါတယ်။

(၁) ခင်ဗျားက ဒီနွားချေးတွေကို လာပို့ဖို့ မှာထားခဲ့တာ မဟုတ်ပါဘူး။ အဲဒီတော့ ခင်ဗျား အပြစ်မဟုတ်ဘူး။
(၂) ခင်ဗျားအတွက် ထွက်ပေါက်မရှိတဲ့အခြေအနေပါ။ လာပုံတဲ့သူကို ခင်ဗျား မမြင်လိုက်ပါဘူး။ အဲဒါကြောင့် နွားချေးတွေကို ပြန်ကျုံးဖို့ မည်သူ့ကိုမှ ခေါ်စရာ မရှိပါဘူး။
(၃) နွားချေးပုံက ညစ်ပတ်ပြီး၊ ရွံ့စရာကောင်းပါတယ်။ အနံ့ဆိုးတွေကလဲ တစ်အိမ်လုံး ပျံ့နှံ့နေပါလိမ့်မယ်။ ဒါက ဘယ်လိုမှ သည်းခံလို့ မရတဲ့ ကိစ္စပါ။
          အိမ်ရှေ့မှာ နွားချေးလှည်းတစ်စီး လာပုံထားတယ်ဆိုတာ ဘဝမှာ မလိုလားအပ်တဲ့ ကိစ္စတွေ ဖြစ်လာတာကို တင်စားပြောတာပါ။ နွားချေးလှည်းတစ်စီး အိမ်ရှေ့မှာ လာပုံသွားသလို၊ ကျွန်တော်တို့ရဲ့ဘဝရှိ ကြေကွဲဖွယ်ရာ ကိစ္စတွေကို(၃)မျိုး ခွဲခြားနိုင်ပါတယ်။
(၁) ဒီလိုကြေကွဲဖွယ်ရာတွေကို ကျွန်တော်တို့ ဖိတ်ခေါ်ခဲ့တာ မဟုတ်ဘူး။ ဒါကြောင့် ကျွန်တော်တို့ရဲ့ အပြစ်မဟုတ်ဘူး။ “ဘာကြောင့် ငါက ဒါမျိုး လာဖြစ်ရတာလဲ ” လို့ ပြောဆိုနိုင်ပါတယ်။
(၂) ကျွန်တော်တို့နဲ့ ဒီကိစ္စကြီးကို ခွဲထုတ်လို့ မရပါဘူး။ ကျွန်တော်တို့ကို ခင်မင်ကြသူတွေလဲ ဒီကိစ္စကို မဖြေရှင်းနိုင်ပါဘူး။ (သူတို့ ဖြေရှင်းဖို့ ကြိုးစားကြည့်ပါတယ်။)
(၃) ဒါက ပျော်ရွင်မှုတွေကို ဖျက်ဆီးတဲ့ ကိစ္စတစ်ခုပါ။ စိတ်ပျက်စရာ ကောင်းပါတယ်။ ဘဝကို နာကျင်မှုတွေနဲ့ ပြည့်သွားစေတဲ့ကိစ္စပါ။ ဘယ်လိုမှ သည်းခံလို့မရတဲ့ ကိစ္စတစ်ခုပါ။

          “နွားချေးတွေကိုဘဲ စိတ်ရောက်နေတယ်” ဆိုတာက စိတ်ပျက်မှု၊ ဒေါသတရား နှင့် မကောင်းမြင်မှုတွေထဲမှာ ကျွန်တော်တို့ နှစ်မြုပ်နေတယ်လို့ တင်စားပြောတာပါ။ စိတ်ပျက်စရာကိစ္စတွေအပေါ် ဒီလိုပဲ ကျွန်တော်တို့ တုံ့ပြန်လေ့ ရှိပါတယ်။ အဲဒီလို တုံ့ပြန်တဲ့အပေါ် ကျွန်တော်တို့ နားလည်ပေးလို့ရပါတယ်။ ဒီလို တုံ့ပြန်တာ သဘာဝလည်းကျပါတယ်။ တုံ့ပြန်မှုကြောင့် မိတ်ဆွေသူငယ်ချင်းတွေ ဆုံးရှုံးသွားနိုင်ပါတယ်။ ကျွန်တော်တို့ စိတ်ဓါတ်ကျနေတဲ့အခါ သူငယ်ချင်းတွေက အနားမှာ မနေချင်တာလဲ သဘာဝကျပါတယ်။ နားလည်ပေးလို့လည်း ရတဲ့ကိစ္စပါ။ ပိုဆိုးတာက နွားချေပုံကြီးက လျှော့ကျမသွားပဲ၊ ပိုကြီးလာနိုင်ပါတယ်။ အနံ့ဆိုးတွေ ပိုပြီး ထွက်လာနိုင်ပါတယ်။

          ဖြေရှင်းဖို့အတွက် ဒုတိယနည်းလမ်း လည်း ရှိပါတယ်။ အိမ်တံခါးဝမှာ နွားချေးလှည်းတစ်စီးစာ လာပုံတာကိုတွေ့တဲ့အခါ၊ ကျွန်တော်တို့ သက်ပြင်းချလိုက်ပြီး၊ နွားချေးပုံကို ရွေ့ဖို့အတွက် လုပ်ကိုင်ရတော့မှာပါ။ လက်တွန်းလှည်း၊ ခက်ရင်းဂွ နဲ့ ဂေါ်ပြားကို ထုတ်လိုက်ပါ။ ခက်ရင်းဂွနဲ့ ထိုးပြီး လှည်းပေါ်တင်ပါ။ အိမ်နောက်ဖေးကို တွန်းသွားပြီး၊ ဥယှာဉ်ထဲမှာ နွားချေးတွေကို မြေမြုပ်လိုက်ပါ။ ဒီလိုလုပ်တာက ပင်ပန်းပြီး၊ ခက်ခဲပါတယ်။ ဒီနည်းလမ်း အပြင် အခြားနည်းလမ်းလဲ မရှိပါဘူး။
          တခါတရံမှာ တစ်နေ့လုံးမှ လှည်းတစ်ဝက်ပဲ သယ်နိုင်ပါလိမ့်မယ်။ အဲဒီလို ဖြစ်နေပေမဲ့ ဆက်လုပ်ကိုင်နေရမှာပါ။ ပြဿနာကို စိတ်ပျက်ညဉ်းညူနေမဲ့ အစား တတ်နိုင်သလောက် ဖြေရှင်းရမှာပါ။ တစ်နေ့ပြီး တစ်နေ့ နွားချေးတွေကို ဥယာဉ်ထဲမှာ တူးပြီး မြုပ်ရမှာပါ။ တံခါးပေါက်ဝက နွားချေးပုံကြီးက တဖြည်းဖြည်း နည်းလာပါလိမ့်မယ်။ ဒီလိုလုပ်ရမှာက နှစ်ပေါင်းများစွာလည်း ကြာနိုင်ပါတယ်။ တစ်ရက်မှာတော့ အိပ်ယာထလာပြီး ကြည့်လိုက်တဲ့အခါ တံခါးဝမှာ နွားချေးပုံကြီး လုံးဝမရှိတော့ တာကို တွေ့ရပါလိမ့်မယ်။ ထူးဆန်းတဲ့ကိစ္စတွေကို နောက်ဆက်တွဲ အနေနဲ့ ကြုံတွေ့ရပါလိမ့်မယ်။ ကျွန်တော်တို့ ဥယာဉ်ထဲက ပန်းပွင့်တွေက အခြားဥယာဉ်တွေထက် အရောင်အသွေးစုံပြီး ပိုမို လှပစွာ ဖူးပွင့်ပါလိမ့်မယ်။ ပန်းပွင့်တွေရဲ့ မွှေးရနံ့က လမ်းတလျှောက် ပျံ့နှံ့နေပြီး၊ ဖြတ်သန်းသွားသူတွေက ပြုံးရယ်သွားပါလိမ့်မယ်။
          ခြံထောင့်က အပင်က သစ်ကိုင်းတွေဟာ အသီးတွေကြောင့် ကျိုးကျလုမတတ်ပါပဲ။ အလွန်အမင်း ချိုအီ၊ အရသာရှိလွန်းပါလိမ့်မယ်။ အရင်က တခါမှမစားဘူးတဲ့ အရသာပါ။ အပင်က ကိုင်းတွေမှာ အသီးတွေက ပြွတ်သိပ်နေပါလိမ့်မယ်။ အသီးတွေကို အိမ်နီးနားချင်းကိုလဲ ဝေမျှနိုင်ပါလိမ့်မယ်။ အရသာရှိတဲ့သစ်သီးတွေကို ဖြတ်သန်းသွားသူတွေကိုတောင် ဝေမျှနိုင်ပါလိမ့်မယ်။
          “နွားချေးတွေကို မြုပ်နှံလိုက်ပါ ” ဆိုတာက နာကျင်မှုဝေဒနာတွေကို ဘဝရဲ့ မြေသြဇာအဖြစ် အသုံးပြုဖို့ ကြည်ကြည်ဖြူဖြူ လက်ခံလိုက်တာပါ။ တစ်ဦးတည်း ရုန်းကန်လှုပ်ရှားရမှာပါ။ ဘယ်သူမှ လာပြီး ကူညီလို့ မရပါဘူး။ ကျွန်တော်တို့ နှလုံးသားမှာ နေ့စဉ်ရက်ဆက် တူးဆွ မြုပ်နှံလိုက်တဲ့အခါ၊ နာကျင်မှုဝေဒနာတွေက တစ်နေ့ထက် တစ်နေ့ လျော့ပါးသွားပါလိမ့်မယ်။
          နှစ်ပေါင်းများစွာ ကြာချင်လည်း ကြာနိုင်ပါတယ်။ ဒါပေမဲ့ မနက်ခင်းတစ်ခုမှာ နိုးလာတဲ့အခါ ဘဝမှာ နာကျင်မှုတွေ ကင်းစင်နေတာ တွေ့ရပါလိမ့်မယ်။ နှလုံးသားမှာ နာကျင်မှုတွေ ကင်းစင်နေတာ တွေ့ပါလိမ့်မယ်။ အဲဒီနောက် အံ့ဖွယ်ကိစ္စတွေ ဖြစ်လာပါလိမ့်မယ်။ ကြင်နာခြင်းပန်းပွင့်တွေက နေရာအနှံ့ ပွင့်လန်းနေပါလိမ့်မယ်။ ချစ်ခြင်းတရားရဲ့မွှေးရနံ့တွေက လမ်းတလျှောက် သင်းပျံ့နေပါလိမ့်မယ်။ ကျွန်တော်တို့ရဲ့ အိမ်နီးချင်းတွေ၊ တွေ့ဆုံဆက်ဆံသူတွေ၊ ခဏတွေ့ဆုံသူတွေ အပေါ်မှာ ချစ်ခြင်းမွှေးရနံ့တွေက သင်းပျံ့နေပါလိမ့်မယ်။ ခြံထောင့်က ဥာဏ်ပညာသစ်ပင်က ကျွန်တော်တို့ထံအပါးမှာ ကိုင်းညွှတ်နေပါလိမ့်မယ်။ ဘဝကို သဘာဝကျစွာ ထိုးထွင်း သိမြင်နိုင်တဲ့ အသိဥာဏ်တွေ သီးပွင့် နေပါလိမ့်မယ်။ ဒီလို အရသာရှိတဲ့သစ်သီးတွေကို အခမဲ့ ဝေငှနိုင်ပါတယ်။ အစီအစဉ်မရှိလာရောက်တဲ့ ခရီးသွားတွေကိုတောင် ဝေငှနိုင်ပါတယ်။

          နာကျင်မှုတွေ ကြုံလာတဲ့အခါ၊ ဘဝသင်ခန်းစာတွေ အဖြစ် လေ့လာသင်ကြားလိုက်ပါ။ ကျွန်တော်တို့ ဥယာဉ်ကို မြေသြဇာ အဖြစ် ကျဲဖြန့်လိုက်ပါ။ နောက်ထပ်ရောက်လာတဲ့ နာကျင်ကြေကွဲမှုကို ထွေးပွေ့လိုက်ပါ။ “ငါ နားလည်ပါပြီ” လို့ ဖွဖွလေး ရွတ်ဆိုလိုက်ပါ။ ကျွန်တော်တို့ နားလည်မှုကို သူတို့ သိရှိပါလိမ့်မယ်။ အကြင်နာ၊ မေတ္တာ စတင်ပေးဝေလိုက်ပါ။ နာကျင်မှုဝေဒနာကို အဆုံးမဲ့ အားပေးကူညီမှု ပေးလိုက်ပါ။ သို့သော်လည်း ကျွန်တော်တို့ ကိုယ်တိုင်တော့ လုပ်ကိုင်ရပါလိမ့်မယ်။ ကျွန်တော်တို့ ဥယာဉ်ကို ကျွန်တော်တို့ ကိုယ်တိုင် စိုက်ပျိုးကြမှာပါ။ သို့မှသာ ပြီးမြောက်ပါလိမ့်မယ်။
          တရားတော်တွေကို သိမြင်နှံ့စပ်တဲ့ ရဟန်းတော်ပေါင်းများစွာကို ကျွန်တော် မြင်တွေ့ဖူးပါတယ်။ ဒုက္ခတွေ တွေ့ကြုံရတဲ့အခါ အလွန်ငြိမ်းချမ်းကြပါတယ်။ တည်ငြိမ်၊ အေးဆေးကြပါတယ်။ ဒီရဟန်းတော်တွေ အနက် တချို့ရဟန်းတော်တွေကပဲ ကြီးမြတ်တဲ့ရဟန်းတော်တွေ ဖြစ်လာပါတယ်။ ကျွန်တော် အရမ်းကို အံ့သြရပါတယ်။
          ကျွန်တော့် အမြင်အရတော့ မထင်မရှား ရဟန်းတော်တွေဟာ ဘဝမှာ လွယ်လွယ်ကူကူနဲ့ ဖြတ်သန်းခဲ့ကြပါတယ်။ မြုပ်နှံဖို့အတွက် နွားချေး နည်းနည်းပဲ ရခဲ့ပါတယ်။ ဘဝကို ခက်ခဲကြမ်းတမ်းစွာ ဖြတ်သန်းခဲ့ရသည့် ရဟန်းတော်တွေလည်း ရှိပါတယ်။ ထိုအခက်အခဲဝေဒနာတွေကို တိတ်တဆိတ် မြုပ်နှံပြီး ဘဝကို ဖြတ်သန်းသွားကြပါတယ်။ သီးနှံဝေဆာနေတဲ့ ဥယှာဉ်တစ်ခုကို ပိုင်ဆိုင်လာရသလို၊ တချိန်မှာတော့ ထိုရဟန်းတော်တို့သည် ကြီးကျယ်မြင့်မြတ်သော ရဟန်းတော်များ ဖြစ်လာကြပါသည်။ ထိုရဟန်းတော်တို့သည် ဥာဏ်ပညာ ကြီးမားကြသည်။ ကြည်လင်ငြိမ်းချမ်းပြီး၊ သနားဂရုဏာ နှင့် ပြည့်နေကြပါသည်။ နွားချေးတွေ ပိုပြီးရတဲ့လူတွေလို၊ လောကကို ပိုပြီး ပေးဝေဖို့ အသိဥာဏ်နှင့် ငြိမ်းချမ်းမှုတွေ ရလာသွားတာပါ။ ဆရာတော် အဂျန်ချမ်း ဟာ ကျွန်တော့်ဆရာတွေထဲမှာ အခေါင်အထွဋ်ပါ။ သူ့ရဲ့ဘဝအစောပိုင်းကာလတွေမှာ နွားချေးကုမ္ပဏီတစ်ခုလုံးက ကားအစီးပေါင်းများစွာနဲ့ အိမ်ရှေ့မှာ နွားချေးတွေ လာပြီးပုံထားသကဲ့သို့ သူ တွေ့ကြုံခဲ့ရပါလိမ့်မယ်။

          ဒီပုံပြင်လေးရဲ့ သွန်သင်ချက်ကတော့ တကယ်လို့ သင်က ကရုဏာရှင်တွေရဲ့ လမ်းကိုလိုက်ပြီး၊ ကမ္ဘာလောကကြီးကို အလုပ်အကျွေး ပြုချင်တယ်ဆိုရင်တော့ ဘဝမှာ နာကျင်စရာဝေဒနာတွေ တွေ့ကြုံရတိုင်း “အို…ငါ့ဥယှာဉ်အတွက် နောက်ထပ်မြေသြဇာတွေ ရောက်လာပြန်ပြီ” လို့ ပြောလိုက်ပါတော့…."
(ဆရာတော် “Ajahn Brahm” ၏ “Who Ordered This Truckload of Dung? ” စာအုပ်မှ “who ordered this truckload of dung” အခန်းအား ဘာသာပြန်ဆိုခြင်း ဖြစ်ပါသည်။)

No comments:

Post a Comment