Tuesday, October 16, 2012

မြွေဆိုး


          ဒီစာအုပ်ထဲက နောက်ဆုံးပုံပြင်ဖြစ်တဲ့ မြွေဆိုးပုံပြင်ကို ဗုဒ္ဓဘာသာ ဇာတက ပုံပြင်တစ်ပုဒ်ကို ပြုပြင်ရေးသားထားတာပါ။ “နူးညံ့ခြင်း” ၊ “ငြိမ်သက်ခြင်း”၊ “ပြန်လည်မခုခံခြင်း”..စတဲ့ အပြုအမူတွေဟာ “ဂရုစိုက်ခြင်း” ဆိုတဲ့ စကားလုံးကို အမြဲတမ်း မရည်ညွန်းပါဘူး။ အဲဒီအကြောင်းကို ပုံပြင်လေးနဲ့ ရှင်းပြထားပါတယ်။
          ရွာအပြင်က တောထဲမှာ မြွေဆိုးတစ်ကောင် နေပါတယ်။ မြွေဆိုးက ဒေါသကြီးပြီး၊ အန္တရာယ်ပေးတယ်။ ကိုက်တတ်ပါတယ်။ တခါတလေ လူတွေကို အပျော်သဘောအဖြစ် ကိုက်တတ်ပါတယ်။ မြွေဆိုးသည် နှစ်ပေါင်းများစွာ ကြာညောင်းလာသည့်အခါ၊ သေဆုံးသွားသည့် နောက်ပိုင်းတွင် မည်သို့ ဖြစ်လာသနည်းကို သိချင်လာပါသည်။ မြွေဆိုးက ဘာသာတရားဆိုတာကို တသက်လုံးအထင်အမြင် သေးတာပါ။ ဒီလို ဘာသာရေးစကားတွေ သိပ်ပြောတဲ့မြွေတွေကိုလည်း အထင်သေးပါတယ်။ သူတို့ ပြောတာတွေကို အလွယ်တကူ လက်မခံနိုင်သလို သံသယလည်း ရှိပါတယ်။ အခုတော့ သူ အထင်အမြင်သေးခဲ့သည့်အရာတွေကို စိတ်ဝင်တစားရှိလာပါပြီ။
          မြွေဆိုးနေတဲ့တွင်း နှင့် မလှမ်းမကမ်းက တောင်ထိပ်မှာ မြွေသူတော်ကောင်း နေထိုင်ပါတယ်။ သူတော်ကောင်းတွေက တောင်ထိပ်တွေ၊ တောင်အမြင့်ပိုင်းတွေမှာ နေထိုင်လေ့ရှိပါတယ်။ အဲဒီလို မြွေသူတော်ကောင်းကလဲ တောင်ထိပ်မှာ နေတာပါ။ ဒီလို နေထိုင်ခြင်းပုံစံက အစဉ်အလာတစ်ခုပါ။ ချိုင့်ဝှမ်းထဲမှာ နေထိုင်တဲ့ သူတော်စင် ဆိုတာ မကြားဖူးတဲ့ ကိစ္စတစ်ခုပါ။
          တစ်နေ့တော့ မြွေဆိုးက မြွေသူတော်စင် ဆီကို သွားရောက် လည်ပတ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ မြွေဆိုးက မိုးကားအင်္ကျီကို ဝတ်တယ်။ မျက်မှန်အမဲကြီးတပ်ပြီး၊ ဦးထုပ်ဆောင်းလိုက်ပါတယ်။ သူ့ အပေါင်းအသင်းတွေ မမှတ်မိအောင်ပါ။ မြွေဆိုးက မြွေသူတော်ကောင်းရဲ့ တောင်ထိပ်က ဘုန်းကြီးကျောင်း ကို တက်သွားခဲ့ပါတယ်။ သူ ရောက်သွားတဲ့အချိန်မှာ တရားပွဲကို ကျင်းပနေပါတယ်။ မြွေသူတော်ကောင်းက ကျောက်တုံးတစ်တုံးပေါ်မှာ ထိုင်နေပြီး၊ ဘေးမှာ ရာနှင့်ချီနေတဲ့ မြွေတွေက စူးစိုက် နားထောင်နေကြပါတယ်။ ထိုမြွေအစုအဝေးရဲ့ အစွန်နားကို မြွေဆိုးက သွားပါတယ်။ အဲဒီနေရာက ထွက်ပေါက်နဲ့ ကပ်လျှက်ပါပဲ။ ပြီးတော့မှ တရားကို နာပါတယ်။
          တရားတော်ကို ပိုပြီး စူးစိုက်နားထောင်လိုက်တဲ့အခါ၊ သူ့အတွက် တရားတော်ထဲမှာ အာရုံစူးစိုက်လို့ ပိုပြီး ရလာပါတယ်။ တရားတော်အပေါ် အာရုံတွေ အကုန်လုံးကို စူးစိုက်နိုင်သွားပါပြီ။ ဒီနောက် တရားတော်ထဲမှာ စိမ့်ဝင်သွားပြီး၊ နှစ်နှစ်ကာကာ ယုံကြည်လာပါတယ်။ နောက်ဆုံးမှာတော့ တရားတော်အတိုင်း သူ ပြောင်းလဲသွားပါတော့တယ်။ တရားဟောကြားခြင်း ပြီးဆုံးသွားတဲ့အခါမှာ မြွေသူတော်ကောင်းဆီကို သူ တန်းတန်းမတ်မတ် လျှောက်သွားတယ်။ အရင်က လုပ်ခဲ့တဲ့ သူ့ရဲ့ မကောင်းမှု ဒုစရိုက်တွေကို ဝန်ခံပြောကြားတယ်။ နောက်ဆုံးမှာတော့ အခုအချိန်က စလို့ အရင်လိုဆိုးသွမ်းတဲ့မြွေတစ်ကောင် အဖြစ် မနေတော့ပါဘူးလို့ ကတိပြုပါတယ်။ လူတွေကို ဘယ်တော့မှ မကိုက်တော့ပါဘူးလို့ မြွေသူတော်ကောင်းဆီမှာ လေးလေးနက်နက် ကတိပေးခဲ့ပါတော့တယ်။ ရှေ့ဆက်ပြီး သူက ကြင်နာမှု၊ သနားမှုတွေကို ကျင့်သုံးပါတော့မယ်။ အခြားမြွေတွေကိုလည်း ကောင်းမွန်စွာ နေထိုင်ဖို့အတွက် ဟောပြောဆုံးမပါတော့မယ်။ သူ အပြင်ကို ပြန်ထွက်လာတဲ့အခါ အလှူခံပုံးထဲကို လှူဒါန်းခဲ့ပါသေးတယ်။ ( အဲဒီအချိန်မှာ မြွေဆိုးကို မြွေတွေ အားလုံးက ကြည့်နေကြပါတယ်။)
          မြွေတွေက တစ်ကောင်နဲ့ တစ်ကောင် စကားပြောနိုင်ကြပါတယ်။ လူတွေရဲ့ အကြားအာရုံမှာတော့ မြွေတွေရဲ့ တွန်သံတွေကို ကွဲကွဲပြားပြား မသိနိုင်ပါဘူး။ အရင်တုန်းက ဆိုးသွမ်းခဲ့တဲ့ မြွေဆိုးက အခုတော့ အကြမ်းဖက်မှုဆန့်ကျင်ရေးသမား တစ်ဦး ဖြစ်နေပါပြီ။ အဲဒါကို လူတွေက မသိသေးပါဘူး။ လူတွေက အရင်အတိုင်း သူ့ကို ခပ်ရှောင်ရှောင် လုပ်နေတုန်းပါ။ မြွေဆိုးရင်ပတ်မှာ ဆွဲထားတဲ့ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးရဲ့ဆုတံဆိပ်ကြီး ကတော့ လူတွေရဲ့စိတ်ကို အတော်လေး ဆွဲဆောင်နေတာပါ။ တနေ့တော့ ရွာသားတစ်ဦးဟာ ကခုန်ပြီး မြွေဆိုးရှေ့ကနေ ဖြတ်သွားပါတယ်။ သူ့ရဲ့အိုင်ပေါ့ကနေ မြွေဆိုး သတိထားမိအောင် သီချင်းကို ဖွင့်ထားပါတယ်။ မြွေဆိုးက ရွာသားကို ဘာမှ မလုပ်ပါဘူး။ တရားမှတ်ရင်း ပြုံးနေပါတယ်။
          အဲဒီအချိန်ကစပြီး ရွာသားတွေက မြွေဆိုးကို အန္တရာယ်လို့ မမြင်တော့ပါဘူး။ သူ့တွင်းအပြင်မှာ တရားမှတ်ရင်းခွေနေတဲ့ မြွေဆိုး ရှေ့တည့်တည့်ကနေ ဖြတ်လျှောက်ကြပါတယ်။ ခပ်နောက်နောက် ကလေးတွေက မြွေဆိုးကို လာစကြပါတယ်။
          “ဟေ့…ရွံ့စရာကောင်းတဲ့ အကောင်။”
 “မင်းရဲ့ အစွယ်ကို ထုတ်ပြစမ်း။ မင်းမှာ အစွယ်ရှိရင်တော့ ပိုးကောင်လေးတွေကို ကိုက်စားလို့ ရတာပေါ့ကွာ။”
“မင်းက အလကားကောင်ပါကွာ။ ရေပေါ်ဆီ အကောင်။ မင်းရဲ့အမျိုးတွေကို မင်းက သိက္ခာချနေတာကွ။”…စသည့် စကားများကို ခပ်လှမ်းလှမ်းကနေ အော်ကြပါတယ်။
သူ့ကို ရွံ့စရာကောင်းတဲ့ အကောင်လို့ ပြောတာကို သူ မကြိုက်ပါဘူး။ ဒီစကားက မှန်သင့်သလောက်တော့လည်း မှန်ပါတယ်။ နည်းနည်းချဲ့ကား ပြောတာလည်း ပါ,ပါတယ်။ ဒီအခြေအနေမှာ သူ့ကိုယ် သူ ဘယ်လို ကာကွယ်မှာလဲ။ လူတွေကို မကိုက်တော့ပါဘူး လို့ သူ အဓိဌာန်ခဲ့ပြီးပြီ။
မြွေဆိုးက ဘာမှ ပြန်မလုပ်နိုင်တော့ဘူးလို့ ကောင်လေးတွေ ထင်ကြပါပြီ။ ကောင်လေးတွေ
ပိုဆိုးလာပါတယ်။ ကျောက်တုံးတွေ၊ မြေကြီးခဲတွေနဲ့ ပေါက်ကြပါတယ်။ ကျောက်တုံးမှန်တာကို မြင်တဲ့အခါ သူတို့က အော်ဟစ်ရယ်မောကြပါတယ်။ ဒီကောင်လေးတွေ ပါးစပ်က “ကမ္ဘာ့သားရိုင်းထိန်းသိမ်းရေး ရန်ပုံငွေ” ဆိုတဲ့ စကားလုံး မဆုံးခင်၊ သူတို့ကို ခပ်မြန်မြန် ပေါက်လိုက်နိုင်ပါတယ် ဆိုတာကို မြွေဆိုးက သိပါတယ်။ ဒါပေမဲ့ သူရဲ့အဓိဌာန်က သူ့ကို အဲဒီလို မလုပ်ဖို့ တားမြစ်ပါတယ်။ 
          အဲဒီလို မလုပ်ဖြစ်တဲ့အတွက် ကောင်လေးတွေက ပိုပြီး မြွေဆိုးနားကို ကပ်လာပါတယ်။ မြွေဆိုးရဲ့ကျောကို တုတ်နဲ့ စရိုက်ပါတော့တယ်။ ရိုက်နှက်တဲ့ဒဏ်ကို မြွေဆိုးက နာကျင်စွာ ခံစားရပါတယ်။ တကယ်တမ်းဘဝမှာဆိုရင်တော့ ကိုယ့် ကို ကိုယ် ခုခံနိုင်တယ် ဆိုတာ မြွေဆိုး သိပါတယ်။ အခုတော့ တရားစောင့်ထိမ်းတယ် ဆိုတာ သူ့အတွက် အဓိပ္ပါယ် မရှိတော့ပါဘူး။ ဒါကြောင့် မြွေဆိုးက အတုအလိမ်မြွေတစ်ကောင် နေထိုင်တဲ့ တောင်ကုန်းပေါ်ကို နာကျင်စွာနဲ့ သွားခဲ့ပါတယ်။ နောက်ပြီးတော့ သူ့ရဲ့အဓိဌာန်ကို ဖျက်လိုက်မလို့ပါ။
မြွေသူတော်ကောင်းက ဒဏ်ရာတွေ အလိမ်းလိမ်းနဲ့တက်လာတဲ့ မြွေဆိုးကို မြင်ပါတယ်။
 “ဘယ်လိုများ ဖြစ်လာရတာလဲကွာ” လို့ မြွေသူတော်ကောင်းက မေးလိုက်ပါတယ်။
 “ဒါတွေအားလုံးက ခင်ဗျားရဲ့ အပြစ်ပဲ။” လို့ မြွေဆိုးက ခါးခါးသီးသီး ပြောလိုက်တယ်။
“မင်း..ဘယ်လိုပြောလိုက်တာလဲ၊ ဒါတွေက ငါ့အပြစ်လို့ ပြောလိုက်တာလား”.လို့ မြွေသူတော်ကောင်းက ပြန်ပြောပါတယ်။
“ခင်ဗျားက လူတွေကို မကိုက်ဖို့ ပြောခဲ့တယ်လေ။ အခု ကျုပ် ဘယ်လိုခံစားနေရတယ်ဆိုတာကို ကြည့်လိုက်ပါ။”
“ဘာသာရေးဆိုတာက ဘုန်းကြီးကျောင်းမှပဲ ကျင့်သုံးလို့ ရတဲ့ဟာဗျ။ လက်တွေ့ဘဝမှာ….”
“အား…မိုက်လိုက်တဲ့ မြွေဆိုးရယ်” လို့ မြွေသူတော်ကောင်းက ဖြတ်ပြောပါတယ်။
“မိုက်လိုက်တဲ့ကောင်ကွာ!!!! ငတုံးကွာ!!! ငါက မင်းကို လူတွေကို မကိုက်ဖို့ ပြောခဲ့တာ မှန်တယ်။ ဒါပေမဲ့ လူတွေကို အမောက်မထောင်ပြနဲ့လို့ မင်းကို မပြောခဲ့ဘူးကွ။ ”
ဘဝမှာ သူတော်ကောင်းတို့သည်ပင် ကြင်နာမှုကို ပြသဖို့ တခါတရံမှာ “အမောက်ထောင်ခြင်း” ကို ပြုလုပ်တတ်ကြပါတယ်။ သို့သော်လည်း တကယ်တမ်း ကိုက်လိုက်ဖို့တော့ မလိုအပ်ပါဘူး။
(ဆရာတော် “Ajahn Brahm” ၏ “Who Ordered This Truckload of Dung?” စာအုပ်မှ “bad snake” အခန်းအား ဘာသာပြန်ခြင်း ဖြစ်ပါသည်။)

No comments:

Post a Comment