ကျွန်တော့် သူငယ်ချင်းတွေလဲ နာကျင်မှုကို ပျောက်ကင်းအောင် ထိုနည်းလမ်းကို သုံးကြည့်ကြပါတယ်။ သူတို့ အဆင်မပြေကြပါဘူး။ ကျွန်တော့်ဆီကို လာပြီး ညဉ်းညူကြပါတယ်။ ကျွန်တော့်ရဲ့ နာကျင်မှုက သူတို့နဲ့ နှိုင်းယှဉ်ရင် မပြောပလောက်ပါဘူးလို့ ပြောကြပါတယ်။ ဒါဟာ မမှန်ကန်ပါဘူး။ နာကျင်မှုဝေဒနာဆိုတာက ကိုယ်တိုင်ခံစားရတာပါ။ တိုင်းတာကြည့်လို့ ရတာ မဟုတ်ပါဘူး။ ဘာကြောင့် ကျွန်တော်သုံးတဲ့ “ပျောက်စေနည်းလမ်း” က သူတို့အတွက် အသုံးမဝင်တာလဲ ဆိုတာကို တပည့်သာဝက(၃)ဦးနှင့် ဥပမာပြ၍ ရှင်းပြလိုက်ပါတယ်။
ပထမတပည့်သာဝက က နာကျင်ခြင်းဝေဒနာကို သွားခိုင်းလိုက်ပါတယ်။
“သွားစေ” လို့ ဖြေးဖြေးလေး ပြောမယ်။ စောင့်ကြည့်နေလိုက်မယ်။
ဘာမှ မပြောင်းလဲတဲ့အခါ “သွားစေ” လို့ ထပ်ပြီး ပြောလိုက်တယ်။
“သွားစေ…”
“လာစမ်း။…သွားတော့ကွာ”
“ငါ မင်းကို ပြောနေတယ်။ သွား…တော့..”
“သွားတော့..”
ဒါဟာ ရယ်စရာ ကောင်းပါတယ်။ ဒါပေမဲ့ အချိန်အတော်များများမှာ ကျွန်တော်တို့ ဒီလိုပဲ လုပ်မိတာပါ။ မှားယွင်းမှုတွေကို အဝေးကို သွားခိုင်းကြပါတယ်။ ကျွန်တော်တို့ ကိုယ်ထဲက ထိန်းချုပ်နေတဲ့ စိတ်စေတသိတ်လေးကို အဝေးကို သွားခိုင်းသင့်တာပါ။ အားလုံးသိထားတဲ့ စေတသိတ်လေးရဲ့ ထိန်းချုပ်မှုကလွတ်အောင် “သွားစေ” လို့ ပြောသင့်တာပါ။ အဝေးကိုသွားခိုင်းခြင်းဟာ ထိန်းချုပ်မှုကို ရပ်ဆိုင်းခိုင်းလိုက်တာပါ။
ဒုတိယတပည့်သာဝကသည် နာကျင်ခြင်းဝေဒနာကို အပြင်းအထန် ခံစားနေပါတယ်။ သူက ဒီစကားလေးကို သတိရပြီး ထိန်းချုပ်နေတဲ့စေတသိတ်လေးကို သွားခိုင်းလိုက်ပါတယ်။ နာကျင်မှုဝေဒနာက သူတို့နဲ့ အတူရှိနေတယ်လို့ ယူဆကြတယ်။ ဒါကြောင့် ဝေဒနာကို “သွားတော့” လို့ ပြောလိုက်တာပါ။ နောက်ထပ် ၁၀ မိနစ် ထပ်စောင့်ပါတယ်။ နာကျင်မှုကတော့ လျှော့မသွားပါဘူး။ အဲဒါကြောင့် “သွားစေ” လို့ ပြောဆိုခြင်းက မထူးခြားပါဘူးလို့ ပြန်ပြောပါတယ်။ “သွားစေ” ဆိုတာက နာကျင်မှုဝေဒနာကို ပျောက်ကင်းစေတဲ့ နည်းလမ်းတစ်ခု မဟုတ်ဘူးလို့ ကျွန်တော်က ရှင်းပြပါတယ်။ နာကျင်မှုဝေဒနာနဲ့ ငြိမ်းချမ်းစွာအတူနေတဲ့ နည်းလမ်းတစ်ခုသာ ဖြစ်ပါတယ်။ ဒုတိယ သာဝက က နာကျင်မှုဝေဒနာ နဲ့ အပေးအယူလုပ်သလို ဖြစ်နေပါတယ်။ “ငါ မင်းကို ဆယ်မိနစ် အချိန်ပေးမယ်။ နာကျင်မှုဝေဒနာတွေ အားလုံးပျောက်တော့လို့” ပြောနေသလိုပါပဲ။
ဒီနည်းလမ်းက နာကျင်မှုဝေဒနာကို သွားခိုင်းလိုက်တာ မဟုတ်ပါဘူး။ နာကျင်မှုကို လုံးဝ အပြီးသတ် ချေမှုန်းဖို့ ကြိုးစားတာပါ။
တတိယတပည့်သာဝက က နာကျင်ခြင်းဝေဒနာကို အပြည့်အဝ လက်ခံပါတယ်။ အချိန် ဘယ်လောက်ကြာကြာ လက်ခံပါတယ်။ ဘဝတစ်ခုလုံး နေမယ်ဆိုရင်တောင် လက်ခံပါလိမ့်မယ်။ ပိုမို ဆိုးရွားလာမယ်ဆိုရင်လည်း လက်ခံပါမယ်။ နာကျင်ခြင်းဝေဒနာကို လွတ်မြောက်ခွင့်ပေးလိုက်ပါတယ်။ သူ့ရဲ့ ထိန်းချုပ်မှုကနေလည်း လွတ်ပေးလိုက်ပါတယ်။ သွားချင်ရာကို သွားပါတော့လို့ ပြောလိုက်တာပါ။ နာကျင်မှုဝေဒနာရှိခြင်း၊ မရှိခြင်း သည် သူ့အတွက် ဘာမှ ကွဲပြားမှု မရှိတော့ပါဘူး။ အဲဒီအခါမှာ နာကျင်မှုဝေဒနာက ပျောက်ကွယ်သွားပါပြီ။
(ဆရာတော် “Ajahn Brahm” ၏ “Who Ordered This Truckload of Dung?” စာအုပ်မှ “letting go of pain” အခန်းအား ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါသည်။-)
No comments:
Post a Comment