Saturday, October 20, 2012

“လွတ်လမ်းမရှိလျှင်တော့ လဘက်ရည်ထိုင်သောက်ကြတာပေါ့”


နောက်ဆုံးအကြိမ်အဖြစ် လက်ဘက်ရည် သောက်နေချိန်မှာတောင် တခုခု လုပ်နေလို့ ရပါတယ်။ ဒီဇာတ်လမ်းလေးကို မိတ်ဆွေတစ်ဦးက ပြောပြတာပါ။ သူက ကျောင်းဆရာပါ။ ကျောင်းဆရာမလုပ်ခင်က ဒုတိယကမ္ဘာစစ်ကပါဝင်ခဲ့တဲ့ ဗြိတိသျှစစ်သားတစ်ယောက်ပါ။

          ကျွန်တော့်မိတ်ဆွေက ဗမာနိုင်ငံတောတွင်းတစ်နေရာမှာ ကင်းလှည့်နေကြပါတယ်။ ငယ်ငယ်ရွယ်ရွယ်နှင့် ဝေးလံတဲ့နေရာ ကို ရောက်ရှိနေလို့ သူ ကြောက်လန့် နေပါတယ်။ လှည့်ကင်းတပ်ဖွဲ့က ရှေ့ကင်းက သူ့ဗိုလ်ကြီးကို သတင်းဆိုးတစ်ခု လာပေးပါတယ်။ သူတို့လှည့်ကင်းတပ်ဖွဲ့လေးကို ဂျပန်စစ်တပ်က ပိတ်ဆို့ထားပါတယ်။ အင်အားချင်းက ကွာခြားပါတယ်။ စစ်သားလေးကတော့ သေမယ်ဆိုပြီး တွက်ထားပါတယ်။
          အသေခံဖေါက်ထွက်ဖို့ အမိန့်ပေးလိမ့်မယ်လို့ ယူဆနေပါတယ်။ တစ်ယောက်မဟုတ်၊ တစ်ယောက်ကတော့ ဖေါက်ထွက်ဖို့ လုပ်ရပါမယ်။ ဖေါက်မထွက်နိုင်ရင်တော့ သူသေကိုယ်သေတိုက်ရမှာပဲ။ အသက်ချင်းလဲရမှာပဲ။ စစ်သားဆိုတော့ ဒီလိုပဲ လုပ်ရတော့မှာပေါ့။

          အဲဒီလိုမလုပ်တာက သူ့ဗိုလ်ကြီးပါ။ ဗိုလ်ကြီးက ငြိမ်ငြိမ်လေးထိုင်ပြီး၊ လဖက်ရည်ဖျော်သောက်ဆိုပြီး အမိန့်ပေးပါတယ်။ ဗြိတိသျှစစ်တပ်အနေနဲ့ နောက်ဆုံးမှာ ဒီလိုလုပ်ရမှာလား။
          သူ့ဗိုလ်ကြီးတော့ ရှုးသွားပြီလို့ ထင်လိုက်ပါတယ်။ ရန်သူအဝိုင်းခံပြီး သေခါနီးမှာ ဘယ်သူက လက်ဖက်ရည်ဖျော်သောက်ဖို့ စဉ်းစားမိမှာလဲ။
          စစ်မြေပြင်မှာကတော့ အထက်အရာရှိအမိန့်ကို နာခံရမှာပါ။ နောက်ဆုံအကြိမ် လဖက်ရည်ဖျော် သောက်တာလို့ အားလုံးက ထင်လိုက်မိပါတယ်။ လက်ဖက်ရည်သောက်လို့မပြီးခင်၊ ရှေ့ပြေးကင်းရောက်လာတယ်။ ဗိုလ်ကြီးကို တိုးတိုးကပ်ပြောပါတယ်။ ဗိုလ်ကြီးက “ရန်သူတော့ ဆုတ်သွားပြီ။ အထုတ်ပြင်ပြီး၊ မင်းတို့ ခပ်မြန်မြန်၊ တိတ်တိတ် ထွက်သွားကြ ” လို့ အမိန့်ပေးပါတယ်။  

          အန္တရာယ်ကင်းစွာ ထွက်ခွါသွားနိုင်ခဲ့ပါတယ်။ နှစ်ပေါင်းများစွာကြာမှ ဒီဇာတ်လမ်းကို ပြန်ပြောပြတာပါ။ “ဗိုလ်ကြီးရဲ့ဥာဏ်ပညာက သူတို့ဘဝကို ကယ်တင်ခဲ့တာပါ ” လို့ ကျွန်တော့်ကို ပြောပြပါတယ်။ ဗမာပြည်က စစ်ပွဲသာမက၊ အခြားအချိန်တွေမှာ ကယ်တင်ခဲ့တာက ဒီဗိုလ်ကြီးရဲ့ ဥာဏ်ပညာပါ။ ဘဝမှာ အကြိမ်ပေါင်းများစွာ ရန်သူအဝိုင်းခံရသလို ဖြစ်ခဲ့ပါတယ်။ ထွက်ပေါက်လဲမရှိ၊ အင်အားချင်းလဲ မမျှပါဘူး။ သေလုမျောပါးပါပဲ။ ရန်သူဆိုတာကတော့ သေလုနီးပါး နာမကျန်းဖြစ်တာ၊ ကြီးမားတဲ့အခက်အခဲတွေ တွေ့ကြုံခဲ့တာ၊ ဝမ်းနည်းကြေကွဲစရာအဖြစ်ဆိုးတွေ ကြုံခဲ့တဲ့ ဖြစ်ရပ်တွေကို ပြောတာပါ။ အဲဒီလိုဖြစ်ရပ်တွေရဲ့ အလယ်မှာ လွတ်လမ်းဆိုတာ ရှာမတွေ့တော့ပါဘူး။
          ဗမာပြည်က အတွေ့အကြုံသာ မရှိခဲ့ရင်တော့ အခက်အခဲတွေကို ပြန်ရင်ဆိုင်မိမှာပေါ့။ ဒါဆိုရင် အခြေအနေက ပိုဆိုးသွားနိုင်ပါတယ်။ သေခြင်းတရား နဲ့ သေလုမျောပါး ဒုက္ခတွေကို ရင်ဆိုင်ရတဲ့အခါ ငြိမ်ငြိမ်ထိုင်ပြီး၊ လက်ဖက်ရည်ဖျော်သောက်မိပါတော့တယ်။

          ကမ္ဘာကြီးက အမြဲပြောင်းလဲနေပါတယ်။ အဲဒီလိုပဲ ဘဝ ဆိုတာလဲ ပြောင်းလဲနေပါတယ်။ လက်ဖက်ရည်သောက်ပြီး၊ စွမ်းအားတွေကို ထုတ်မသုံးတော့ပါဘူး။ ပြောင်းလဲမဲ့အချိန်ကိုပဲ ထိုင်စောင့်နေလိုက်ပါတယ်။ ပြောင်းလဲချိန်ရောက်တဲ့အခါ ထိထိရောက်ရောက်လုပ်နိုင်ပြီး၊ ဘေးအန္တရယ် ကင်းဝေးသွားမှာပါ။
လက်ဖက်ရည် မကြိုက်တဲ့လူတွေအတွက် စကားလက်ဆောင်လေးကတော့ “ဆက်လုပ်လို့ မရတော့ဘူးဆိုရင်၊ ဘာမှ မလုပ်ဘဲ နေလိုက်ပါတော့ ။”
ဘာမှ မလုပ်ဘဲ နေလိုက်လို့ တမျိုးကြီးဖြစ်နေနိုင်သလို၊ အဲဒါကသင့်ဘဝကိုလည်း ကယ်တင်သွားနိုင် ပါလိမ့်မယ်။

(ဆရာတော် “Ajahn Brahm” ၏ “Who Ordered This Truckload of Dung?” စာအုပ်မှ “drinking tea when there’s no way out” အခန်းအား ဘာသာပြန်ဆိုခြင်း ဖြစ်ပါသည်။-)

No comments:

Post a Comment