Monday, October 22, 2012

သစ်နက်ဟန် အင်တာဗျူး(၁)


“ငြိမ်းချမ်းရေးကို ကိုယ်တိုင် စတင်လိုက်ပါ” လို့ လူမူဘဝဗုဒ္ဓဘာသာက ဖွင့်ဆိုပါတယ်။
          “လူမူဘဝဗုဒ္ဓဘာသာ” ကို စတင်တည်ထောင်သူ သစ်နက်ဟန်ကို ဂျွန်မယ်ကင် က အင်တာဗျူးထားခြင်း ဖြစ်ပါတယ်။
          ကယ်လီဖိုးနီးယားပြည်နယ်မြောက်ပိုင်းက ကင်ဆွန်းဘုန်းကြီးကျောင်းမှာ သစ်နက်ဟန်ကို ကျွန်တော် တွေ့ဆုံခဲ့ပါတယ်။ ဇဖုလက်ဖက်ရည်သောက်ပြီး သူနဲ့ အတူထိုင်ရတဲ့အတွက် ကျွန်တော်မှာ ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါတယ်။ ဆရာတော့်ဘေးမှာ ကျွန်တော် ထိုင်ပါတယ်။ ဆရာတော်က စာရွက်ထဲက မေးခွန်းတွေကို ရိုးရိုးရှင်းရှင်းပဲ ဖြေသွားတဲ့အတွက်လည်း ဝမ်းသာရပါတယ်။ အဲဒါလိုမဟုတ်ပါလျှင် တနာရီကြာတဲ့ နေ့လည်စာစားချိန် က အင်တာဗျူး မစတင်မှီ ပြီးဆုံးသွားပါလိမ့်မယ်။
ဗီယက်နမ်ဘုန်းတော်ကြီး သစ်နက်ဟန်က မာတင်လူသားကင်းဂျူနီယာရဲ့ နိုဘယ်ဆုကို ၁၉၆၇ ခုနှစ်မှာ လျှာထားခြင်းခံရပါတယ်။ ဗီယက်နာမ်နိုင်ငံ ငြိမ်းချမ်းရေးဆောင်ရွက်မှုများရဲ့ အဓိကနေရာက ပါဝင်ခဲ့လို့ပါ။ “တက်ကြွလှုပ်ရှားမှုအတွင်း ချစ်ခြင်းတရား”၊ “အဆင့်တိုင်းအတွက် ငြိမ်းချမ်းရေး”၊ “သတိတရား၏ အံသြဖွယ်ရာများ”၊ “ကြောက်ရွံ့ခြင်း၊ သေခြင်းလုံးဝမရှိ”…စသည့် စာအုပ်များအပါအဝင် စာအုပ်ပေါင်း ၁၀၀ ကျော်ကို ရေးပြီးပါပြီ။ ဆရာတော်က ပြင်သစ်နိုင်ငံ ထန်းတောရွာကျောင်းတိုက်မှာ ယခု သီတင်းသုံး နေထိုင်ပါတယ်။
-ဂျွန်မယ်ကင်

ဂျွန်မယ်ကင်။   ။ “လူမှုဘဝဗုဒ္ဓဘာသာ” ရဲ့မူရင်းဇစ်မြစ်ကို ရှင်းပြပေးပါဆရာတော်။ အကြင်နာမေတ္တာကို အခြေခံတဲ့လူမှုပြုပြင်ရေးတွေနဲ့ ဘယ်လိုများ ပတ်သက်ဖြစ်ခဲ့ပါလဲ ရှင်းပြပေးပါဆရာတော်။

သစ်နက်ဟန်။   ။ “လူမှုဘဝဗုဒ္ဓဘာသာ” ဆိုတာက ဗုဒ္ဓဘာသာပါပဲ။ လူတွေအပေါ် ဗုံးတွေကျဲနေချိန်မှာ၊ တရားထိုင်ခန်းမထဲမှာ တချိန်လုံးမနေနိုင်ပါဘူး။ တရားထိုင်ခြင်းဆိုတာ ဖြစ်ပျက်နေတဲ့အရာတွေအပေါ် သိရှိနေရတာပါ။ ကိုယ်ခန္ဓာ နဲ့ စိတ်ခံစားမှု အပေါ်မှာပဲ သိရှိနေတာ မဟုတ်ပါဘူး။ ခင်ဗျား ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတာတွေ အပေါ်မှာလည်း သိရှိနေရမှာပါ။
          ကျုပ် ကိုရင်ဘဝ တုန်းက ဗီယက်နမ်မှာ နေပါတယ်။ ကျုပ်တို့လို ရဟန်းပျိုတွေဟာ စစ်ပွဲ ကြောင့် နာကျင်ခံစားရတာတွေကို မျက်ဝါးထင်ထင် တွေ့မြင်ရပါတယ်။ လူနေမှုပတ်ဝန်းကျင်ထဲမှာ လေ့ကျင့်လို့ရတဲ့ ဗုဒ္ဓဘာသာကို လက်တွေ့အားထုတ်ဖို့ ကျုပ်တို့ သိပ်ပြီး၊ စိတ်ထက်သန်ကြပါတယ်။ အဲဒါက သိပ်တော့ မလွယ်ဘူးဗျ။ မိရိုးဖလာရိုးရာ ကနေ “လူနေမှုဘဝဗုဒ္ဓဘာသာ” ကို တိုက်ရိုက်ဖြစ်လာတာ မဟုတ်ဘူးလေ။ ဒါကြောင့် ကျုပ်တို့ ကိုယ်တိုင်ပဲ လုပ်ယူရတော့တယ်ဗျ။ အဲဒီကနေ “လူမှုဘဝဗုဒ္ဓဘာသာ” စတင်ပေါ်ပေါက် လာတာပါပဲ။
          ဗုဒ္ဓဘာသာကို နေ့စဉ်ဘဝထဲမှာ ကျင့်သုံးရမှာပါ။ နေ့စဉ်ဘဝထဲမှာက ကိုယ့်ရဲ့နာကျင်ခြင်းတွေ၊ ပတ်ဝန်းကျင်ကလူတွေရဲ့နာကျင်ခြင်းတွေ ရှိပါတယ်။ အသက်ရှုတရားမှတ်နေရင်း နဲ့ ဒဏ်ရာရနေတဲ့ ကလေးတစ်ယောက်ကို ဘယ်လိုကူညီရမလဲဆိုတာကို လေ့လာရမှာပါ။ လုပ်ကိုင်ဆောင်ရွက်ခြင်းကို ဆက်လက် လုပ်ကိုင်နေရမှာပါ။ ရပ်လိုက်လို့ မရပါဘူး။ တချိန်ထဲမှာ တရားမှတ်နေရမှာပါ။

ဂျွန်မယ်ကင်။   ။ ဆရာတော်က ၁၉၆၆ ခုနှစ်မှာ ဘာကြောင့် အမေရိကန်ပြည်ထောင်စုကို  ကြွသွားပါသလဲ။ ဆရာတော် ရှိနေစဉ်မှာ ဘာတွေ ဖြစ်ပျက်ပါသလဲ။

သစ်နက်ဟန်။   ။ ကျုပ်ကို ကော်နယ်တက္ကသိုလ်က ဟောပြောပွဲတွေ ဆက်တိုက်လုပ်ဖို့အတွက် ဖိတ်ကြားခဲ့တာပါ။ ကျုပ်အနေနဲ့လည်း ဗီယက်နမ်မှာ ခံစားနေရတာတွေ ကို ဟောပြောဖို့အတွက် အခွင့်အရေး ရခဲ့တယ်လေ။ ဟောပြောပွဲတွေပြီးတော့ ကျုပ် ဗီယက်နမ်ကို ပြန်လာဖို့ ကိစ္စကို အစိုးရက သိပ်မကြိုက်ပါဘူး။ အဲဒီအကြောင်းကို ကျုပ် သိခဲ့ရတယ်ဗျ။ အဲဒါနဲ့ပဲ ကျုပ် ဒီမှာ ဆက်နေပြီး၊ အလုပ်တွေ ဆက်လုပ်ဖြစ်တယ်ဗျာ။ အနောက်နိုင်ငံတွေ ကို လာပြီး၊ ဗုဒ္ဓဘာသာပြန့်ပွါးရေး လုပ်ဖို့ ကျုပ် ရည်ရွယ်ခဲ့တာ မဟုတ်ဘူးဗျ။ ဒါပေမဲ့ ကျုပ်ကို ပြည်နှင်ဒဏ်ပေးလိုက်တော့ အနောက်နိုင်ငံတွေကို ဗုဒ္ဓဘာသာဖြန့်ဝေတာကို လုပ်ဖြစ်သွားတယ်ဗျ။ ဗုဒ္ဓဘာသာကို ပြန့်ဝေဖို့ အခွင့်အရေးက အလိုလို ဖြစ်လာတာပါပဲ။

ဂျွန်မယ်ကင်။   ။ အဲဒီအချိန်က အမေရိကန်မှာ ရှိနေတုန်း ဘာတွေ ထပ်လေ့လာဖြစ်ပါသလဲ ဆရာတော်။

သစ်နက်ဟန်။   ။ ခင်ဗျားမှာ ငွေကြေး၊ တန်ခိုး၊ သြဇာအာဏာတွေ ပိုင်ဆိုင်ထားပေမဲ့ ဒုက္ခဝေဒနာတွေကို ခံနေရတုန်းပါပဲ။ အဲဒါက ကျုပ် ပထမဆုံး သိလာတဲ့အရာပဲ။ စိတ်ထဲမှာ ငြိမ်းချမ်းမှု၊ သနားဂရုဏာ တို့ကို လုံလုံလောက်လောက် မရှိဘူးဆိုရင်တော့ ဘယ်နည်းနဲ့မှ ပျော်ရွှင်မှာ မဟုတ်ဘူး။ အာရှတိုက်သားတော်တော်များများလည်း အမေရိက၊ ဥရောပက လူတွေလို အလွန်အကျွံ သုံးစွဲချင်ကြပါတယ်။ အနောက်တိုင်းကလူတွေ ဒုက္ခခံစားနေရတာဟာ အလွန်အကျူးကာမဂုဏ် ခံစားကြလို့ပါ။ ဒီအကြောင်းကို တရုတ်ပြည် နှင့် ထိုင်းနိုင်ငံတို့မှာ ကျုပ် ဟောပြောတဲ့အခါ အမြဲပြောပါတယ်။ ခင်ဗျားတို့ ရိုးရာအစဉ်အလာတန်ဖိုးတွေ ဆီကို ပြန်သွားရပါမယ်။ တရားကျင့်ကြံမှုကိုလည်း နက်နက်ရှိုင်းရှိုင်း လေ့ကျင့်ရပါမယ်။

ဂျွန်မယ်ကင်။    ။ မာတင်လူသာကင်း(ဂျူနီယာ)ထံကနေ သိခဲ့ရတာများ ရှိပါသေးလား ဆရာတော်။ နောက်ပြီး အမေရိကန်ပြည်ထောင်စုရဲ့ ပြည်သူ့အခွင့်အရေးလှုပ်ရှားမှု ကိုလဲ သိချင်ပါသေးတယ် ဆရာတော်။

သစ်နက်ဟန်။   ။ ဗီယင်နာမှာ ကျင်းပတဲ့ “ကမ္ဘာမြေငြိမ်းချမ်းရေး” ဆိုတဲ့ ငြိမ်းချမ်းဆွေးနွေးပွဲမှာ မာတင်လူသာကင်း နဲ့ ကျုပ် နောက်ဆုံးတွေ့ခဲ့ပါတယ်။ ဗီယက်နာမ်လူထုက သူ့ကို အရမ်းကျေးဇူးတင် ကြောင်း ကို ကျုပ် ပြောကြားခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ ဗီယက်နာမ်က အကြမ်းဖက်မှုတွေကို သူက ဆန့်ကျင်တယ်ဗျာ။ ဗီယက်နာမ်နိုင်ငံသားတွေက မာတင်လူသာကို ကြီးမြတ်တဲ့ ဗောဓိသတ္တလို့ တောင် ထင်ကြတယ်ဗျ။ ဒီလူက သူ့လူမျိုးတွေအတွက် အလုပ်လုပ်သလို ကျုပ်တို့ကိုလည်း ထောက်ပံ့ပေးတယ်လေ။ ကံမကောင်းစွာနဲ့ နောက်သုံးလကြာတော့ သူ လုပ်ကြံခံခဲ့ရတယ်ဗျာ။

ဂျွန်မယ်ကင်။  ။ အမေရိက မှာ အခုလုပ်နေတဲ့ ငြိမ်းချမ်းရေးလှုပ်ရှားမှုကို ဘယ်လိုထင်ပါသလဲ ဆရာတော်။

သစ်နက်ဟန်။    ။ တစ်ထောင့်ကိုးရာ ခြောက်ဆယ်ခုနှစ်တွေတုန်းက ဗီယက်နာမ်မှာ စစ်ကြီးပြီးဆုံးဖို့ကို လူထုက စိတ်ပါလက်ပါ အားပေးထောက်ခံခဲ့ပါတယ်။ လူတွေမှာက သနားကြင်နာစိတ်လဲ ရှိကြပါတယ်။ ဒါပေမဲ့ အခု အမေရိကားက ငြိမ်းချမ်းရေး လှုပ်ရှားမှုမှာ လူထုက စိတ်သိပ်မရှည်ဘူးဗျ။ လူထုက စိတ်ဆိုးတာ သိပ်လွယ်တယ်ဗျာ။ သူတို့လုပ်နေတာတွေကနေ တိုက်ရိုက် လိုချင်တဲ့ ရလဒ်ကို မရဘူးလေဗျာ။ အဲဒါကြောင့် ငြိမ်းချမ်းရေးလှုပ်ရှားမှုထဲမှာ ဒေါသ နဲ့ အကြမ်းဖက်မှုတွေ ရှိနေတာပေါ့ဗျာ။
ကရုဏာတရား နှဲ့ အကြမ်းမဖက်မှုက ငြိမ်းချမ်းရေးလှုပ်ရှားမှုရဲ့ အုတ်မြစ်တွေဗျ။ ခင်ဗျား ကိုယ်ထဲမှာ ငြိမ်းချမ်းရေး၊ နားလည်သဘောပေါက်ခြင်း နဲ့ သနားကရုဏာတွေ ရှိရမယ်ဗျ။ အဲလိုလို မဟုတ်ရင် ခင်ဗျားရဲ့ လုပ်ဆောင်မှုတွေက စစ်မှန်တဲ့ ငြိမ်းချမ်းရေး ဖြစ်မှာ မဟုတ်ဘူး။ ငြိမ်းချမ်းရေးဆိုတာ ကိုယ်တွင်းက စတယ်ဆိုတာ လူတိုင်း သိတယ်ဗျာ။ ဘယ်လိုလုပ်ရမလဲ ဆိုတာကတော့ လူတိုင်းမသိပါဘူး။

ဂျွန်မယ်ကင်။  ။ လူတွေက ရွေးချယ်ဖို့ လိုလာပြီလို့ ထင်ကြပါတယ်။ လူမှုပြုပြင်ရေးတွေ နဲ့ ရုပ်ပိုင်း၊နာမ်ပိုင်းဆိုင်ရာလုပ်ကိုင်ခြင်းတွေ က ရွေးချယ်ရမယ်လို့ ထင်ကြပါတယ်။ အဲဒီလိုလူတွေအတွက် ဘာများပြောချင်ပါသလဲ ဆရာတော်။

သစ်နက်ဟန်။   ။ အဲဒီအမြင်ကတော့ နှစ်ခွ ဖြစ်နေတယ် ထင်တယ်။ တရားကျင့်တယ်ဆိုတာ ဒုက္ခဝေဒနာ ခံစားနေတာကို ရည်ညွန်းတာဗျ။ ခံစားနေရတာက ခင်ဗျားရဲ့ ကိုယ်တွင်းမှာ ဖြစ်နိုင်သလို၊ ခင်ဗျား ပတ်ဝန်းကျင်မှာလည်း ဖြစ်နိုင်ပါတယ်ဗျာ။ အဲဒီနှစ်ခုက တစ်ခုနဲ့တစ်ခု ဆက်နွယ်နေတာဗျ။ ခင်ဗျား တောင်ပေါ်သွားပြီး၊ တရားကျင့်ရင် ဒေါသတွေ၊ မောဟ တွေကို သိမှတ်ဖို့ အခွင့်အရေး ရှိတော့မှာ မဟုတ်ဘူး။ ခံစားမှုတွေကို သိဖို့ လူတွေနဲ့ အတူရှိနေရမယ်လေဗျ။ အဲဒါက ကောင်းမွန်ပါတယ်။ စိတ်ခံစားမှုတွေကို ခင်ဗျားက အသိအမှတ်ပြုမယ်၊ သဘာဝကို မြင်အောင်ရှုမယ်။ စိတ်ခံစားမှုတွေ ရဲ့ ရင်းမြစ်ကို ခင်ဗျား မသိရင်၊ ခံစားမှုတွေ ပျက်သုန်းသွားစေမဲ့ နည်းလမ်းကို သိမှာ မဟုတ်ပါဘူး။ ကျုပ်တို့ရဲ့ တရားကျင့်ဖို့အတွက် ဝေဒနာခံစားမှုတွေက အရေးကြီးတယ်ဗျာ။

ဂျွန်မယ်ကင်။  ။ ကမ္ဘာကုန်သွယ်ရေးဌာနကြီးတွေ တိုက်ခိုက်ဖျက်ဆီးခံရတုန်းက တာဝန်ရှိသူတွေကို ဆရာတော်က ဘာများ ပြောချင်ပါသလဲ ဆိုပြီး အမေးခံခဲ့ရပါတယ်။ သနားဂရုဏာနဲ့နားထောင်နေပါတယ်။ သူတို့ရဲ့ ဒုက္ခဝေဒနာတွေကို နက်နက်ရှိုင်းရှိုင်း နားလည်ပါတယ်လို့ ဆရာတော် ဖြေကြားခဲ့ပါတယ်။ သေသေချာချာနားထောင်ခြင်း အလေ့အကျင့်ကို ရှင်းပြပေးပါ ဆရာတော်။ “ကမ္ဘာ့ကုန်သွယ်ရေးအဆောက် အအုံတိုက်ခိုက်ခံရခြင်း” လို လူမှုရေးအခြေအနေကို သေချာနားထောင်ခြင်းက ဘယ်လိုကူညီတယ် လို့ ထင်ပါသလဲ။ 

သစ်နက်ဟန်။  ။ နက်နက်ရှိုင်းရှိုင်းနားထောင်ခြင်း အလေ့အကျင့်က မိမိကိုယ်ထဲကို အရင်ဆုံး ဦးတည်သင့်ပါတယ်။ ခင်ဗျားရဲ့ ဒုက္ခဝေဒနာတွေကို ဘယ်လိုနားထောင်ရမလဲ ဆိုတာ နားမလည်ခဲ့ရင် အခြားလူတွေရဲ့ ဒုက္ခတွေကို နားလည်ဖို့ ခဲယဉ်းပါလိမ့်မယ်။
အမေရိကန်နိုင်ငံက သူ့ရဲ့ကိုယ်ပိုင် ဒုက္ခဝေဒနာတွေကို ပထမဆုံးနားထောင်ဖို့ ကျုပ် ပြောချင်ပါတယ်။ အမေရိကန် နယ်မြေအတွင်းမှာ ဒုက္ခဝေဒနာခံစားနေရတာတွေ အများကြီးရှိပါတယ်။ ခေါင်းပုံဖြတ်ခြင်း နဲ့ မတရားမှု ရဲ့သားကောင်တွေ ဖြစ်နေတဲ့ လူပေါင်းများစွာ ရှိပါတယ်။ အဲဒီလူတွေအကြောင်းကို လူတွေ မကြားဖူးကြပါဘူး။ နားမလည်ကြပါဘူး။
ကျုပ်အကြံပေးချက်က အလွန်ပဲ ခိုင်လုံပါတယ်။ ကျုပ်တို့ ပါလီမာန်လို လူစုလူဝေးကြီး ဖြစ်အောင် လုပ်ရပါမယ်။ အမေရိကန်လူထုရဲ့ နာကျင်ဒုက္ခတွေကို နားထောင်တတ်အောင် လေ့ကျင့်ရပါမယ်။ နက်နက် ရှိုင်းရှိုင်းနားထောင်နိုင်တဲ့လူတွေ အမေရိကမှာ ရှိပါတယ်။ အဲဒါ ကျုပ် ခံယူချက်ပါ။ အဲဒီလူမှာ သနားကြင်နာတဲ့ နှလုံးသားလည်း ရှိပါတယ်။ ခင်ဗျား အဲဒီလူတွေကို ရွေးချယ်ရမယ်။ သူတို့ကို အကူအညီတောင်းရပါမယ်။ ဒါနောက်မှာ ဒုက္ခခံနေရသူတွေနဲ့ တွေ့ဆုံပြီး၊ သူတို့ ရင်ထဲမှာ ဘယ်လိုခံစားနေရတယ် ဆိုတာ ကျုပ်တို့ကို ပြောပြရပါမယ်။ သူတို့က ကျုပ်တို့ကို မချွင်းမချန် ပြောပြရမှာပါ။ နားထောင်နေရတဲ့လူတွေ အတွက်လဲ သိပ်တော့မလွယ်လှဘူးပေါ့ဗျာ။

အမေရိကန်နိုင်ငံက သူ့နိုင်ငံထဲမှာ ဒီလိုမျိုးလေ့ကျင့်နိုင်ခဲ့ရင်၊ အတော်များများကို သိလာပါလိမ့်မယ်။ ထိုးထွင်းသိမြင်မှုက ကြီးမားလှပါတယ်။ အဲဒီသိမြင်မှုကို အခြေခံပြီး အတိတ်ကထိခိုက်မှုတွေကို ပြုပြင်ဖို့အတွက် လှုပ်ရှားမှုတွေ စတင်နိုင်မှာပါ။
အမေရိကန်နိုင်ငံက ဖေါ်ဆောင်မှုမှာ အောင်မြင်ရင် တစ်ကမ္ဘာလုံးအဆင့်ကို ဖြန့်ဖြူးနိုင်ပါပြီ။ အကြောင်းရင်းက အမေရိကန်နိုင်ငံက လူတွေကို ထိခိုက်အောင်လုပ်နိုင်စွမ်းရှိတယ် ဆိုတာ လူတွေ သိပါတယ်။ ထိခိုက်အောင် သိပ်လုပ်လိုက်ရင်၊ လူတွေကို ပိုပြီး ထိခိုက်ခံစားစေရပါလိမ့်မယ်။ သို့သော်လည်း အမေရိကန်က ထိခိုက်အောင်မလုပ်ရင်၊ လူတွေက ပိုလေးစားလိမ့်မယ်။ အမေရိကန်အတွက် အခွင့်အာဏာပိုရပါလိမ့်မယ်။

No comments:

Post a Comment