Sunday, October 13, 2013

အောင်မြင်ချင်သော လူငယ်တိုင်းသို့



အောင်မြင်ချင်သော လူငယ်တိုင်းသို့

နိုင်စွမ်း

( အတွေးအမြင်မဂ္ဂဇင်းတွင် ပါဝင်သော ဆရာနိုင်စွမ်း၏ ဆောင်းပါးကို ပြန်လည်ကူးယူဖေါ်ပြပါသည်။ )

          လူငယ်တိုင်း အောင်မြင်ချင်စိတ်ရှိကြပါတယ်။ သို့ပေမယ့် ကိုယ်အမှန်တကယ်လိုလားတဲ့ ဘဝရဲ့အောင်မြင်မှု ဖြစ်ဖို့အတွက် ရွေးချယ်ရာမှာတော့ မရေမရာဖြစ်နေတတ်ကြပါတယ်။ ကိုယ်အမှန်တကယ်လိုလားတဲ့ ဘဝအောင်မြင်မှုအတွက် ရွေးချယ်စိစစ်နိုင်ကြဖို့ အကြံပြုရေးသားတင်ပြလိုက်ပါတယ်။

        
        အဲဒီနေ့က ကျွန်တော် ချောင်းသာကမ်းခြေကို အလုပ်ကိစ္စတစ်ခုအတွက် သွားရောက် ရောက်ရှိခဲ့တဲ့နေ့ပါ။ ထုံးစံအတိုင်း တည်းခိုဖို့ဟော်တယ်တစ်ခုကို သွားရောက်စုံစမ်းရင်း အဲဒီဟိုတယ်မှာ အလုပ်လုပ်နေတဲ့ “အာကာဖြိုး” ဆိုတဲ့ လူငယ်တစ်ယောက်နဲ့ တွေ့ဆုံပါတယ်။ တည်းခိုနေထိုင်ဖို့ ဧည့်သည်စာရင်းမှာ အမည်စာရင်းပေးပြီး အလုပ်အကိုင်ကိုပါ ဆက်မေးတဲ့အခါ ကျွန်တော်က စာရေးဆရာ” လို့ပြောလိုက်တော့ စာရင်းရေးသွင်းနေတဲ့ ဒီလူငယ်လေးက စိတ်ဝင်စားသွားပါတယ်။  အဲဒီနောက် ကျွန်တော့်ကိုလည်း ကျွန်တော်ခေတ္တနေထိုင်ရမယ့် အခန်းကို လိုက့်ပို့ပေးပါတယ်။

          နောက်တစ်ရက်မှာတော့ သူ့ရဲ့အလုပ်နားရက်ဖြစ်တာမို့ ကျွန်တော် သွားရောက်လည်ပတ်ချင်တဲ့နေရာတွေကို ဆိုင်ကယ်တက္ကစီအငှားအဖြစ်လိုက်ပို့ပေးပါတယ်။ အလုပ်နားရက်တွေမှာ ဆိုင်ကယ်တက္ကစီဆွဲပြီး အခြားဝင်ငွေရှာတဲ့အကြောင်းသိရပါတယ်။ အဲဒီလိုလိုက်ပို့ပေးရင်းနဲ့ ကျွန်တော်တို့ ခင်မင်သွားကြပြီး သူ့ရဲ့စိတ်ရင်းကောင်းကိုလည်း သတိပြုမိပါတယ်။

          အစ်ကို…ကျွန်တော်လည်း စာဖတ်ဝါသနာပါပါတယ်။ ရေးတော့ မရေးတတ်ဘူးပေါ့။ ကျွန်တော်ဖတ်တဲ့စာအုပ်အတော်များများ ရှိတယ်။ ချစ်၊ ကြိုက်၊ ကွဲ၊ ညားတွေကတော့ မဖတ်ဘူးအစ်ကို။ ကြောင်ကွက်တွေနဲ့ သရုပ်ဖေါ်ထားတဲ့ ဗီဒီယိုရုပ်ရှင်တွေလည်း မကြည့်ဘူးဗျ။ ဘာသာပြန်စာအုပ်တွေ အဖတ်များတယ်။ အဲဒီမှာလေ ကျွန်တော့်စာအုပ်စင်။” လို့ သူ့အခန်းကျဉ်းလေးထဲမှာ သပ်သပ်ရပ်ရပ် စီထားတဲ့ စာအုပ်စင်ကို ပြတယ်။

          သူ့ရဲ့အခန်းလေးက ဟိုတယ်စတိုခန်းဘေးနားမှာရှိပြီး၊ သူအိပ်ဖို့ ခုတင်သေးသေးတစ်လုံးပဲ ရှိပါတယ်။ ခေါင်းရင်းမှာ ဂစ်တာတစ်လုံးက ဘုရားပုံတော်ရဲ့အောက်မှာ ချိတ်လျှက်တွေ့ရပါတယ်။ ခြေရင်းဘက်အဝင်တံခါးရဲ့ ကျောဘက်မှာတော့ စက်ဝိုင်းတစ်ခု၊ စက်ဝိုင်းအလယ်မှာ အနက်ရောင်အစက်လေးတစ်ခု တွေ့ရပါတယ်။ တံခါးပိတ်လိုက်ရင် အဲဒီစက်ဝိုင်းနဲ့အစက်လေးကို တွေ့နေရအောင် စီစဉ်ထားတာပါ။ အဲဒီစက်ဝိုင်းလေးက စိတ်တည်ငြိမ်ပြီး စိတ်စွမ်းအားထက်မြက်အောင်၊ စိတ်ခိုင်မာအောင်စိတ်ကျင့်စဉ်လုပ်ဖို့ပါ။ တိတ်ဆိတ်ငြိမ်သက်နေချိန်မှာ စက်ဝိုင်းထဲက အနက်လေးကို စူးစိုက်ကြည့်ပြီး စိတ်တည်ငြိမ်အောင် လေ့ကျင်တာပါ။

          အင်း…ဒီလူငယ်လေးက စာအုပ်တွေပြတဲ့အတိုင်း လုပ်ကြည့်နေတာပါလား၊ စမ်းသပ်နေတာပါလားလို့ ကျွန်တော်စိတ်ထဲက မှတ်ချက်ချလိုက်မိပါတယ်။ စာအုပ်စင်ပေါ်က စာအုပ်တွေကို သေချာကြည့်လိုက်တော့ ဒေးကာနက်ချီ၊ ဆစ်ဂမန်ဖရွိုက် စတဲ့ ဆရာတွေရဲ့ ဘာသာပြန်စာအုပ်တွေ၊ ပြီးတော့ အောင်မြင်ရေးတက်ကျမ်းအမျိုးမျိုး စသည်ဖြင့် တွေ့ရပါတယ်။

          “အင်း…ညီလေးက စာတော်တော်ဖတ်တယ်နော်။ ကောင်းတယ် ကောင်းတယ် များများဖတ်တော့ များများသိတာပေါ့။”

          “ဒါပေမဲ့ …..အစ်ကို”

          ရုတ်တရက် သူပြောလိုက်တဲ့စကားကြောင့် ကျွန်တော်သူ့ကို သေချာကြည့်လိုက်တော့  ဇဝေဇဝါဖြစ်နေတဲ့ မျက်ဝန်းကို တွေ့လိုက်ရပါတယ်။
          “ဟေ….ဘာဖြစ်လို့လဲညီလေးရဲ့ ပြောပါဦး။”

          “တချို့အချက်တွေက ”

          သူ့စကားကို မဆက်ဘဲ ကျွန်တော့်ကို ပြန်ကြည့်နေပါတယ်။ ပြန်ပြောဖို့ စကားလုံးရွေးချယ်နေတာလား။ ဒါမှမဟုတ် တစ်ခုခု စိုးရိမ်နေတာလား မသိဘူး။ သူငြိမ်နေပါတယ်။ ဒါနဲ့ ကျွန်တော်က….

          “တချို့အချက်တွေကို နားမလည်ဘူးလို့ ပြောချင်တာလား”

          “မဟုတ်ဘူး အစ်ကို နားလည်ပါတယ်။ လုပ်လို့ မဖြစ်ဘူး ဖြစ်နေတယ်။ ကျွန်တော်နဲ့ အံမဝင်ဘူးပေါ့။ အဲဒီလို ခံစားရတယ်။ အဲဒါနဲ့ နောက်တစ်အုပ်ထပ်ဖတ်တယ်။ အဲဒီလိုထပ်တွေ့တယ်။ တက်ကျမ်းနဲ့ ပတ်သက်ပြီးဆရာကြီးတွေရဲ့ စာအုပ်တွေကျွန်တော်ရှာဖတ်၊ ဝယ်ဖတ်ခဲ့တာ။ အများကြီးဆိုမှ အတော်များများပဲ။”
          “ဟုတ်ပြီအစ်ကိုသဘောပေါက်ပြီ။ တက်ကျမ်းတွေက ပြောပြတာတွေနဲ့ မင်းဖြစ်နေတာနဲ့ မကိုက်ညီဘူး။ မင်းဖတ်သလောက် ပြောင်းလဲမသွားဘူး။ အနည်းအကျဉ်းပဲ ပြောင်းလဲတယ်လို့ မင်းပြောချင်တာ မဟုတ်လား။”

          “ဟုတ်တယ်အစ်ကို၊ အဲဒါ ဘာဖြစ်လို့လဲ”

          “ဘာဖြစ်လို့လဲဆိုတော့ အပိုင်း(၃)ပိုင်းကြောင့်လို့ ပြောရမယ်ညီလေးရဲ့။ (၁) မင်းဟာ မင်းဖတ်တဲ့စာအုပ်ကပြောတဲ့ဆိုလိုရင်း တိုက်တွန်းချက်ကိုနားမလည်လို့၊ သဘောပေါက်လွဲနေလို့ ဖြစ်လိမ့်မယ်၊ ဒါမှမဟုတ် (၂)မင်းဖတ်တဲ့စာအုပ်ကပြောတဲ့တိုက်တွန်းတဲ့အချက်ကို မင်းလိုက်နာဆောင်ရွက်မှု အားနည်းလို့၊ ယုံကြည်မှုမရှိလို့ ဖြစ်လိမ့်မယ်ညီလေးရဲ့။ စာရေးသားပြုစုတဲ့ ပုဂ္ဂိုလ်တွေက တကယ့်စေတနာအပြည့်နဲ့ အတိအကျ အသေအချာ ရေးသားပြတာတွေချည်းပါ။ ”

“ဘယ်လိုဖြစ်တာလဲ၊ ကျွန်တော်သေချာမသိဘူးအစ်ကိုရာ။ ကျွန်တော် အရမ်းကို အောင်မြင်ချင်တာဗျ။ ဒါကြောင့် ကြိုးစားလေ့ကျင့်ခဲ့တာပါ။ ထင်သလောက်ဖြစ်မလာတော့ ကျွန်တော် စိတ်ဓါတ်ကျလာတယ်ဗျာ။”

“စိတ်ဓါတ်မကျပါနဲ့ ညီလေးရာ။ မင်းအသက်အရွယ်က အတွေ့အကြုံကောင်းတွေ၊ အသိပညာဗဟုသုတတွေ ပြည့်စုံအောင်ရှာဖွေရဦးမယ့်အရွယ်ပဲ ရှိပါသေးတယ်။ မကြာခင်မှာ မင်းဖြစ်ချင်တာတွေ ဖြစ်လာရမှာပါ။ ”

“အစ်ကို ကျွန်တော့်ကို ကူညီမယ်ပေါ့ ဟုတ်လား ကျေးဇူးတင်လိုက်တာဗျာ။”

“အစ်ကိုက မင်းကို ကူညီပေးတာထက် မင်းကိုမင်းကူညီတာက ပိုအရေးကြီးတယ်။ အစ်ကိုက မင်းကို အောင်မြင်အောင်အားပေးတာထက် မင်းကိုယ်မင်း အောင်မြင်ချင်စိတ်ရှိဖို့ အရေးကြီးတယ်။ ဆိုပါတော့ကွာ ပင်မြင့်တစ်ခုကို တက်ချင်တဲ့သူအတွက် အလွယ်ကူဆုံးနဲ့ အမြန်ဆုံးရောက်သွားဖို့ လှေကားထောင်ပေးသလိုမျိုးပေါ့ညီလေးရာ။ ဒါပေမယ့် မတက်ချင်တဲ့သူအတွက်တော့ တွန်းတင်တာမျိုး၊ ဆွဲတင်တာမျိုးတွေတော့ လုပ်မမေးနိုင်ဘူးပေါ့။ ဒီတော့”

“ပြောပါ အစ်ကို”

“မင်းနဲ့ငါ အတိအကျ ဆွေးနွေးဖို့လိုပြီဆိုတော့။ လာကွာ ပင်လယ်ဘက်သွားရအောင် စားသောက်စရာတွေလည်း အပြည့်အစုံယူပြီး ပင်လယ်ကြီးကိုငေးမောရင်း စကားပြောကြရအောင်ကွာ။”


“ကောင်းတယ်အစ်ကို ကျွန်တော်စီစဉ်လိုက်ပါမယ်။”


 ကျွန်တော်တို့နှစ်ယောက် ချောင်းသာကမ်းခြေက အုန်းပင်တန်းစု အရိပ်အောက် ကျောက်တုံးကြီးတစ်ခုအပေါ်ထိုင်ရင်း စကားပြောကြပါတယ်။ ပင်လယ်ပြင်ကတိုက်ခတ်လာတဲ့ လေပြေအေးရယ်။ ကျောက်တုံးကိုလာရိုက်ခတ်နေတဲ့ ပင်လယ်လှိုင်းတွေရယ်။ တကယ့်ကို စိတ်လက်ကြည်လင်လန်းဆန်းနေပါတော့တယ်။
ကျွန်တော်…..

“ညီလေးဖတ်ရှုခဲ့တဲ့ တက်ကျမ်းတွေက တကယ်လိုက်နာကျင်ကြံရင် တကယ်အကျိုးကျေးဇူးရစေနိုင်တဲ့ စာအုပ်တွေပါပဲ။ ဒါပေမယ့် ”

“ဟုတ်ကဲ့ပြောပါအစ်ကို ဒါပေမဲ့ ဘာဖြစ်လဲ ”

“ဒီလိုပါ။ မင်းကြားဖူးပါတယ်။ ဝိဇ္ဇာနဲ့ စရဏဆိုတာကို ”

“ဟုတ်ကဲ့ကြားဖူးပါတယ်။ ဝိဇ္ဇာက အမှန်သိမြင်ခြင်း၊ စရဏက ကျင့်ကြံအားထုတ်ခြင်း မဟုတ်လား။”

“ဟုတ်တယ် အသိနဲ့ အကျင့်ပါပဲ။ အသိဆိုတာရယ် အကျင့် (သို့မဟုတ်)ကျင့်ကြံအားထုတ်တာရယ် အကြောင်းပြေကြရအောင်။ အရာရာတွေ့ထိ သိရှိမှတ်သားအပ်တဲ့ သိစရာတွေက (Knowledge)ပေါ့။ အဲဒီတွေ့ထိမှတ်သားအပ်တဲ့ (Knowledge) တွေကို သိမြင်( Awareness ) ပြီး၊ မှတ်သားတတ်တာက ဥာဏ် ( Intelligence)၊ ဥာဏ်က မှတ်ဥာဏ် ( memory )မှ ထည့်သွင်းသိမ်းဆည်းတယ်။ သိစရာတွေကို မှတ်ဥာဏ်မှာ ထည့်သွင်းသိမ်းဆည်းထားပြီဆိုရင်တော့ အသိဥာဏ်လို့ ဆိုနိုင်ပြီ။ အဲဒီအသိတွေကို အခြေအနေအချိန်အခါနဲ့ ကိုက်ညှိချင့်တွက် ( ပညာပေါင်းဆင့် ) လိုက်ရင်တော့ အသိပညာပါ။ လိုအပ်သလို ပြုပြင်ထုတ်နုတ်အသုံးပြုနိုင်ရင်တော့ ဥာဏ်ပညာ( Wisdom ) ပါပဲ။ ဒီစကားတွေကို မင်းရှင်းရဲ့လား။”

“ရှင်းပါပြီအစ်ကို။ အသိ၊ အသိဥာဏ်၊ အသိပညာ၊ ဥာဏ်ပညာဆိုတာတွေကို အရင်က သဲသဲကွဲကွဲ မသိခဲ့ဘူး။ အစ်ကိုပြောပြမှပဲ ရှင်းသွားတယ်။ ဆက်ပြောပါဦး။ ”

“တကယ်တော့လူမှာ ရုပ်နဲ့နာမ်ဆိုပြီး ပေါင်းစပ်ရှိနေကြတဲ့အထဲမှာ ရုပ်နဲ့စိတ်လို့လည်း ပြောနိုင်တယ်။ အဲဒီမှာ ဟိုးငယ်ရွယ်စဉ် စကားမပြောတတ်ခင်ကတည်းက ကြားရ၊ မြင်ရ၊ တွေ့ထိရတာတွေကို မှတ်သားခဲ့ကြတယ်။ ဘယ်လိုမှတ်သားခဲ့တယ်ဆိုတာပြန်မသိရလောက်အောင်ကို များပြားလှစွာပဲ မှတ်သားတာတွေ လုပ်ခဲ့ကြတယ်။ ဘယ်အသက်အရွယ်ရောက်ရောက်မှတ်သားမှုတွေ ဆက်လက်ပြုလုပ်နေရတော့တာပဲ ညီလေးရဲ့။ အဲဒီမှတ်သားမှုတွေကို ပြန်ဆန်းစစ်ကြည့်ရင် အမိ၊ အဖ၊ သက်ကြီးရွယ်အို၊ ဘာသာရေးခေါင်းဆောင်၊ နိုင်ငံရေးခေါင်းဆောင်တွေအပြင် စာပေ၊ ဂီတ၊ ရုပ်ရှင်သဘင်ပညာရှင်တွေ၊ လေးစားအားကျခဲ့တဲ့ ပုဂ္ဂိုလ်တွေရဲ့ ပြောစကားတွေ၊ အပြုအမူတွေကိုလည်း မှတ်သားထားတတ်ကြတယ်။ အဲဒါတွေကို စိတ်ထဲမှာလည်း မှတ်သားထားတော့တာပဲ။ ”

“အဲဒီစိတ်ဆိုတာကို ရှင်းပြပါဦး။”

“စိတ်ဆိုတာ သိတတ်တဲ့သဘောပဲ။ ဗုဒ္ဓဘာသာမှာ ပြောတဲ့ စိတ်အကြောင်းနဲ့ စိတ်ပညာရှင်တွေပြောတဲ့ စိတ်အကြောင်းက မတူကြဘူး။ စိတ်ရဲ့သဘာဝကို ချည်းကပ်ကြည့်တဲ့အခါမှာ ဗုဒ္ဓဘာသာမှာပြောတဲ့ စိတ်အကြောင်းက ပိုပြီးအသေးစိတ်တယ်။ ပိုပြီးနက်ရှိုင်းကျယ်ပြန်တယ်။ အခု လောလာဆယ်မှာတော့ စိတ်အကြောင်းပြောနေ၊ ရှင်းနေရင် အစ်ကိုတို့ ရည်ရွယ်ရင်း မရောက်ဘဲနေမှာစိုးလို့ စိတ်အကြောင်း ဒီလောက်နဲ့ပဲ နားကြမယ်။ စိတ်သဘာဝကို အသေးစိတ် သိချင်ရင် ဆရာကြီးရွှေဥဒေါင်းရဲ့ ဒိဌေဒိဌမတ္တံစာအုပ်ကိုဖတ်၊ သစ်ချတောင်ဆရာတော်ဦးတိလောက ရေးသားတော်မူတဲ့  “ပဏ္ဍိတဝေဒနိယကျမ်း” ကို ဖတ်ပေါ့ကွာ။ အခုဆက်ပြီး သိစိတ်၊ မသိစိတ်နဲ့ သိစိတ်တစ်ဝက်နဲ့ သိစိတ်တစ်ဝက်၊ တစ်နည်းပြောရရင် Conscious, Unconscious, Subconscious mind အကြောင်းပြောရအောင်”

          “စောစောကပြောခဲ့တဲ့အထဲမှာ စိတ်ထဲမှာ မှတ်သားထားတယ်ဆိုတာ ဘယ်စိတ်ထဲမှာ မှတ်သားခဲ့တာလဲအစ်ကို ”

“သိစိတ် ( Conscious Mind ) ၊ မသိစိတ် ( Unconscious Mind ) နဲ့ သိစိတ်တစ်ဝက် ( Subconscious Mind ) ဆိုပြီး၊ စိတ်ကို ထပ်ခွဲကြည့်ကြတယ်။ အတွေ့အထိသိမှုတွေကို သိစိတ်ကသိပြီး မှတ်သားတယ်။ တချို့ဆို မသိစိတ်ထဲအထိ မှတ်သားတယ်။ အားလုံးတော့ မဟုတ်ဘူး။ အဲဒီလိုမှတ်သားလိုက်၊ စိစစ်လိုက်နဲ့ လုပ်တာကတော့ သိစိတ်တစ်ဝက် ( Subconscious ) မှာပါ။ ဆိုပါတော့ကွာ မင်းကို မေးမယ်။ “သံပုရာသီး” လို့ပြောလိုက်၊ ကြားလိုက်တာနဲ့ မင်းဟာ ချဉ်တယ်၊ အဝါရောင်(သို့) အစိမ်းရောင်ရှိမယ်ဆိုတာတွေကို မင်းဟာ ပြန်စဉ်းစားစရာ မလိုအောင် မှတ်သားသိရှိနေလိမ့်မယ်။ အဲဒီလိုပဲ  “သံတုံး” လို့ကြားလိုက်တာနဲ့ မင်းဟာ မာကျောမယ်၊ ကြမ်းရှနိုင်တယ်။ လေးပင်မယ်ဆိုတာတွေကို တစ်ဆက်တည်းသိမြင်နေပါလိမ့်မယ်။ အဲဒီလိုပဲ မင်း ကိုယ်တိုင်သိမြင်နေတာတွေ၊ မသိစိတ်ထဲအထိ ယုံကြည်လက်ခံထားတာတွေက အများကြီးရှိနေမှာပါပဲ။ သို့ပေမယ့် “ဘဝရည်မှန်းချက်” လို့ပြောလိုက်၊ မေးလိုက်ရင်တော့ မင်းအလွယ်တကူပြောနိုင်၊ မြင်နိုင်၊ သိနိုင်မှာ မဟုတ်ဘူး။”

“ကျွန်တော် ပြောနိုင်တယ်အစ်ကို။ ကျွန်တော့်ဘဝရည်မှန်းချက်က အောင်မြင်တဲ့စီးပွါးရေးလုပ်ငန်းရှင် ဖြစ်ချင်တာဗျ အစ်ကိုရ။”

“သေချာလား ညီလေး”

“သေချာပါတယ်”

“ဒါဆိုထပ်မေးမယ်။ ဘယ်လိုသေချာတာလဲ။”

“ကျွန်တော် မပြောတတ်ဘူး အောင်မြင်ချင်တာပဲ သိတယ်။”

“အဲဒါပဲ….ညီလေး၊ လူတွေဟာ အောင်မြင်ချင်တယ်၊ ကျော်ကြားချင်တယ်၊ ငွေကြေးပြည့်စုံချင်ကြတယ်။ ဒါပေမယ့် ဘယ်အတိုင်းအတာ၊ ဘယ်လိုပုံစံနဲ့ဆိုတဲ့ အပိုင်းကျတော့ မရေရာကြဘူး။ မပြောနိုင်၊ မမြင်နိုင်၊ မသိနိုင်ကြဘူး။ အဲဒါ ဘာဖြစ်လို့လဲ သိလား ညီလေး”

“မသိဘူး အစ်ကို”

“ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မရှိလို့ပဲ”

“ဗျာ”

“ဟုတ်တယ် လောကမှာ ပိုင်နိုင်သေချာမှ ထင်ရှားပြတ်သားတာလေ။ မပိုင်နိုင် မသေချာရင် မထင်ရှား မပြတ်သားဘူး။ ကိုယ်ဖြစ်ချင်ရာကို ပိုင်နိုင်သေချာမှ ထင်ရှားပြတ်သားတဲ့အမြင်နဲ့ ခိုင်မာတဲ့အလုပ်တွေ လုပ်ကြပြီး အဲဒီဖြစ်ချင်ရာကို ရရှိပိုင်ဆိုင်မှာကွဲ့ညီလေးရဲ့။ စောစောက စကားနဲ့ ပြန်ဆက်ရရင် မင်းကိုယ်တိုင် သိရှိမှတ်သားထားတဲ့ သံပုရာသီးပဲဖြစ်ဖြစ်၊ သံတုံးဆိုတာပဲဖြစ်ဖြစ် မင်းရဲ့ မသိစိတ်ထဲအထိ ခိုင်ခိုင်မာမာယုံယုံကြည်ကြည်ဖြစ်နေတာ ဘယ်အချိန်ကြားကြား ဘယ်လိုပဲမေးမေး တိကျတဲ့အဖြေကို သိမြင်ပြီးသား၊ ယုံကြည်ပြီးသား ဖြစ်နေတာကြောင့်ပဲ။ “ဘဝရည်မှန်းချက်”ကျတော့  တိကျမှုမရှိဘဲ “အောင်မြင်တဲ့လုပ်ငန်းရှင်” ဆိုပြီး ဝေဝေဝါးဝါးဖြစ်နေတော့တာကိုး။ ဘာကြောင့်လဲဆိုတော့ မင်းကိုယ်တိုင် မင်းရဲ့ ဘဝရည်မှန်းချက်ကို တိတိကျကျမသိမြင်ဘဲ ယုံကြည်မှု မရှိတာကြောင့်ပဲ။ ဒီတော့”


“အဲဒါဆို ကျွန်တော် ဘယ်လိုပြောရ၊ လုပ်ရမှာလဲ အစ်ကို။ ”

“ဒီတော့ မင်းကိုယ်မင်း သေချာအောင် စစ်ဆေး၊ မေးမြန်းရမယ်။ ဘယ်လိုစစ်ဆေး၊ မေးမြန်းရမလဲဆိုတော့ ပထမဆုံး မင်းဘဝရည်မှန်းချက်က ဘာလဲဆိုတာ တိတိကျကျ သိအောင်လုပ်ရမယ်။ ဘာဖြစ်လို့လဲဆိုတော့ လူတွေဟာ ထင်ယောင်၊ ထင်မှားစိတ်နဲ့ ဖြစ်ချင်တာတွေ ရှိတတ်တယ်။ စိတ်ထဲမှာ တကယ်ဖြစ်ချင်တာမဟုတ်ဘဲ ထင်ယောင်မှားပြီး ဖြစ်နေတတ်တဲ့ စိတ်ပေါ့။ ဥပမာ.. ငယ်ငယ်ကတည်းက လေးစားအားကျခဲ့ရသူ တစ်ယောက်ယောက်ရဲ့ အပြုအမူ၊ အပြောအဆိုတွေကို ကိုယ်ဖြစ်ချင်တာလို့ ထင်ယောင်မှားဖြစ်တတ်ကြတာမျိုးပေါ့။ တစ်ခါက လူတစ်ယောက်ရှိတယ်။ သူက ရုပ်ရှင်မင်းသားကျော်ဟိန်းကို အားကျသူဖြစ်တယ်။ သူ တကယ်ကျင်လည်နေထိုင်နေရတာက နယ်မြို့လေးတစ်ခုရဲ့ ဆင်ခြေဖုံးရပ်ကွက်လေးမှာပါ။ ရုပ်ရည်ကလဲ အတန်အတင့်ချောတဲ့လူဆိုတော့ အားလုံးက  “ကိုကျော်”  “ကိုကျော်” နဲ့ ခေါ်ကြပါတယ်။ သူကလည်း အဲဒီအပေါ်ကျေနပ်အားရဖြစ်နေတဲ့အပြင် ကျော်ဟိန်းလိုပဲ အမူအယာအမျိုးမျိုးလုပ်၊ ပြုမူပြောဆိုနေတာပေါ့။ ပြီးတော့ တစ်နေ့မှာအောင်မြင်ရမယ်လို့လည်း ယုံကြည်နေပါသေးတယ်။ ဒါပေမယ့် သူ့အသက်(၄၀) လောက် ရောက်တဲ့အထိ ဘာမှ မည်မည်ရရဖြစ်မလာခဲ့ဘူး။ ကျော်ဟိန်းလို ပြောလိုက်၊ ဆိုလိုက်၊ လေ့ကျင့်လိုက်နဲ့ အချိန်ကုန်လွန်သွားခဲ့ရတာပါ။ သူ အိမ်ထောင်ကြပြီးလို့ ကလေး ၂ ယောက် ရခဲ့တာတောင် ဒုံရင်း ဒုံရင်းပဲ ရှိနေတယ်။ ညီလေး စဉ်းစားကြည့်စမ်းကွာ။”


“သူက ဖြစ်ချင်တာပဲ ရှိတာကိုး။ ဖြစ်အောင်လုပ်ဖို့ မပါဘူးလေ။ အဲဒါကြောင့်လို့ ထင်ပါတယ်။”

“အဲဒီလိုပြောရင်လည်း ရတယ်။ အဲဒီထက်သေချာတဲ့ မှတ်ချက်တစ်ခုပြောရရင် ဒီလူဟာ ယုံကြည်မှုအလွဲကြီးကို တည်ဆောက်ဖို့ စိတ်ကူးယဉ်အိမ်မက်မက်ရင်း အချိန်ကုန်ဘဝဆုံးသွားတာလို့ ပြောရမှာပဲ။ အဲဒီလိုလူတွေ အများကြီးရှိတယ် ညီလေး။ လွဲမှားယုံကြည်မှုတွေနဲ့ ဘဝဟာ ဘယ်တော့မှ ရှေ့မရောက်ဘူး။ မတိုးတက်ဘူး။ ဒါကြောင့် ယုံကြည်မှုအစစ်အမှန်ဆိုတာကို ကိုယ်တိုင် တွေ့မြင်သိရှိ၊ စဉ်းစားဆုံးဖြတ်နိုင်တာနဲ့ အဲဒီလူဟာ အလျှင်အမြန်နဲ့ တိုးတက်မြင့်မားသွားနိုင်တယ်။ ကိုယ်တိုင်ရဲ့တကယ့်ဘဝယုံကြည်မှုကို သိရင်၊ မြင်သာထင်ရှားရှိပြီဆိုရင် အဲဒီယုံကြည်မှုကို အောင်မြင်အောင်လုပ်ကိုင်ဖို့ လွယ်ကူသွားသလို အဲဒီဘဝယုံကြည်မှုဟာ ကိုယ့်ရဲ့မသိစိတ်ထဲမှာအထိ ရောက်ရှိသွားတာနဲ့သေချာပြီ  ဒီလူဟာ သူ့ဘဝရည်မှန်းချက် အောင်မြင်ပြီပဲ။ ဒါကြောင့် ကိုယ့်ဘဝမှာ ဖြစ်ချင်ရချင်တဲ့အောင်မြင်မှုဟာ ကိုယ်တကယ်ဖြစ်ချင်တာဟုတ်၊ မဟုတ် စီစစ်ဖို့လိုတယ်။ ဘယ်လိုစီစစ်မလဲဆိုတော့  ကိုယ်ဖြစ်ချင်တယ်ဆိုတာဟာ သူများတွေကို အားကျပြီးဖြစ်ချင်နေတာလား ဆိုတာ စီစစ်ပါ။ အများအားဖြင့် ကိုယ်ဖြစ်ချင်တာ မဟုတ်ဘဲ ဒါလေးဖြစ်ရင်ကောင်းမှာပဲ ဆိုပြီး ဖြစ်ချင်စိတ်မွေးနေတာကလည်း တကယ်ဖြစ်ချင်စိတ် မဟုတ်ဘူး။”

“ဟုတ်ကဲ့အစ်ကို လေးစားအားကျပြီး သူများဖြစ်နေလို့ ကိုယ်လည်းဖြစ်ချင်တာမျိုးက တကယ့်ဖြစ်ချင်စိတ်မဟုတ်ဘူး ဆိုတာ သိပါပြီ။”

“ပြီးတော့ ကိုယ်ဖြစ်ချင်စိတ်ဟာ တစ်ဦးတစ်ယောက်က တိုက်တွန်းလို့ဖြစ်ချင်စိတ် ဖြစ်လာတာလည်း အစစ်အမှန်မဟုတ်ဘူး။ နောက်ပြီး တကယ်လို့ “ငါ” ဒီလိုဖြစ်ရင် အာလုံးက လေးစားအားကျမှာ၊ ငါ့ကို မော်ကြည့်ကြရမှာ” လို့ ဆိုပြီး ဖြစ်ချင်စိတ်မှာရှိနေရင်လည်း ဒါဖြစ်ချင်စိတ်အမှန် မဟုတ်ဘူး။ တကယ်ဖြစ်ချင်စိတ်က သိစိတ်နဲ့မှတ်သားတာတွေ၊ သိစိတ်တစ်ဝက်နဲ့ လက်ခံထားတာတွေကို ကျော်လွန်ပြီး မသိစိတ်ရဲ့အားထဲမှာ ရှိနေတယ်။ အဲဒီစိတ်ကို ယုံကြည်စိတ်လို့ ခေါ်တယ်။ ဘယ်အချိန်တွေမှာ ဒီဖြစ်ချင်စိတ်၊ ယုံကြည်စိတ်က ပေါ်ထွက်လာသလဲဆိုတော့ ကိုယ့်ဘဝယုံကြည်မှု အမှန်တကယ် တစ်ဆင့်မြှင့်ချင်တဲ့အခါမှာ ပေါ်ထွက်လာတတ်တယ်။ စောစောက ညီလေးကို မေးခဲ့တုန်းက “မင်းဘဝရည်မှန်းချက်ဟာ အောင်မြင်တဲ့စီးပွါးရေးလုပ်ငန်းရှင်လို့ မင်းပြောခဲ့တယ်နော်။”
“ဟုတ်ပါတယ်အစ်ကို”
“အောင်မြင်တဲ့စီးပွါးရေးလုပ်ငန်းရှင်ဆိုတော့ ဘယ်လိုစီးပွါးရေးလုပ်ငန်းရှင်လဲ”
“ဟော်တယ်ပိုင်ရှင် စီးပွါးရေးလုပ်ငန်းရှင်ပါ အစ်ကို”
“ဟုတ်ပြီ အဲဒီ ဟိုတယ်ပိုင်ရှင် စီးပွါးရေးလုပ်ငန်းရှင်ကြီးဖြစ်ဖို့အတွက် မင်းအားကျတဲ့သူကြောင့်လား။ မင်း တကယ်ဖြစ်ချင်တာလား။ သေချာစဉ်းစားစီစစ်ကြည့်ပါဦး။ တစ်ယောက်ယောက်က တိုက်တွန်းတာကြောင့်လား။ ”

No comments:

Post a Comment