Sunday, October 13, 2013

အောင်မြင်ချင်သော လူငယ်တိုင်းသို့ ( ၂ )



“ကျွန်တော် အလုပ်တော်တော်များများ လုပ်ကိုင်ဖူးတယ် အစ်ကို။ ကျွန်တော် ဝါသနာမပါဘူး။ မကျွမ်းကျင်ဘူး။ ဒီလုပ်ငန်းမှာတော့ ဝါသနာပါတယ်။ ကျွမ်းကျင်မှုလည်း အထိုက်အလျောက်ရှိပါတယ်။ စိတ်လည်းဝင်စားတယ်။ အဲဒါကြောင့်ပါ။”

“ဟုတ်ပြီ။ မင်းဖြစ်ချင်တဲ့ဘဝရည်မှန်းချက်နဲ့ နည်းနည်းနီးစပ်လာပြီ။ ဆက်မေးမယ်။ မင်းဘဝရဲ့ ရည်မှန်းချက်အတွက် မင်းဘာတွေပြင်ဆင်ပြီးပြီလဲ။”


“ဗျာ။ ကျွန်တော်ကောင်းကောင်း မသိဘူး။ နားမလည်ဘူး။”


“ဒီလိုလေ အောင်မြင်တဲ့ ဟော်တယ်လုပ်ငန်းရှင်ကြီးဆိုပြီး ခြုံပြီးလုံးမချနဲ့ကွ။ စောစောကပြောသလို တိကျမှ၊ သေချာမှ၊ ပိုင်နိုင်မှ မဟုတ်လား။ အောင်မြင်တဲ့ ဟိုတယ်လုပ်ငန်းရှင်ကြီးတစ်ဦးရဲ့ ပုံရိပ်စိတ်ကူးကို ညီလေးအနေနဲ့ အထင်အရှား အပီအပြင် သိမြင်ဖို့လိုတယ်ကွဲ့။ အဲဒီလို ကိုယ့်ဘဝရည်ရွယ်ချက်ရော၊ ယုံကြည်ရာ အထင်အရှားသိမြင်ခြင်းကို ( Imagination ) လို့ ခေါ်တယ်။ တစ်နည်းပြောရရင် Self-image ပေါ့။ Self-image ထင်ရှားပီပြင်နေပြီဆိုရင် အဲဒီအတိုင်းဖြစ်ပေါ်လာဖို့ ရရှိဖို့အတွက် အလိုအလျောက် စီစဉ်ဆုံးဖြတ်ပြီးသား ( Auto Suggestion ) ဖြစ်သွားနိုင်တယ်လေ။ မင်း ဒီအထိ နားလည်ရဲ့လား။”

“ဟုတ်ကဲ့အစ်ကို၊ ကိုယ့်ဘဝရည်မှန်းချက် ပုံရိပ်အနေအထားကို အတိအကျ အသေအချာဖြစ်ဖို့ ပြောတာမဟုတ်လား။ အဲဒီတိကျတဲ့ဘဝရည်မှန်းချက်ပုံရိပ်ဟာ ကိုယ်ကိုယ်တိုင်အမှန်တကယ်ဖြစ်ချင်ပြီး၊ လိုလားတောင့်တတဲ့အရာ ဖြစ်ဖို့လိုတယ်လို့ ပြောတာပေါ့နော်။”
“ဟုတ်တယ် အခြားသူတစ်ဦးက တိုက်တွန်းလို့၊ အားပေးလို့၊ တခြားသူကို အားကျလို့၊ သူလိုဖြစ်ချင်လို့ဆိုတဲ့ ထင်ယောင်ထင်မှားနေတဲ့စိတ်ဟာ ဘဝတိုးတက်ရေးအတွက် ဒုက္ခအပေးဆုံးပဲ။ မဟာ အတားအဆီးကြီးတစ်ခုပဲ။ ဒါကြောင့် ကိုယ့်ဘဝရည်မှန်းချက်ပုံရိပ် အထင်အရှားရှိနေဖို့ စီစစ်ဖို့ အရေးကြီးတယ် ညီလေး။ အဲဒီဘဝရည်မှန်းချက်အထင်အရှားရှိနေပြီဆိုရင် ကိုယ့်ရဲ့မသိစိတ်ရဲ့ မဟာစွမ်းအားကိုပါ ရယူအသုံးပြုနိုင်မှာ အသေအချာပဲ။ ဒါဆိုရင် မင်းဘဝ အောင်မြင်ဖို့ဖြစ်လာပြီပေါ့။”
“သိစိတ်နဲ့ မသိစိတ်ကိုတော့ ရေပြင်ထက်မှာပေါ်နေတဲ့ ရေခဲတုံးအပိုင်းလေးဟာ သိစိတ်ဆိုရင်၊ ရေအောက်မှာရှိနေတဲ့ မမြင်ရတဲ့အပိုင်းက မသိစိတ်ဖြစ်တယ်ဆိုတာ ကြားဖူးပါတယ်။ မသိစိတ်ဟာ ရမြင်သာဖို့ မလွယ်ကူသလို ဘယ်လောက်ကျယ်ကျယ်ပြန့်ပြန့် နက်ရှိုင်းတယ်ဆိုတာ မသိနိုင်ဘူးတဲ့။ အစ်ကို စောစောကပြောတဲ့အထဲမှာ သိစိတ်တစ်ဝက်အခြေအနေဆိုတာ ဘယ်အပိုင်းလဲ ပြောပြပါဦး။”
“မှန်တယ်၊ လူတွေပြောဆို၊ ထိတွေ့ခံစားနေကြတာတွေက သိစိတ်ထဲမှာပဲရှိနေကြတာပါ။ မသိစိတ်ကတော့ မမြင်သာ၊ မထင်ရှားပေမဲ့ အလွန်ကျယ်ပြန့်နက်ရှိုင်းပြီး အနှိုင်းမဲ့စွမ်းအားကြီးမားလှပါတယ်။ သိစိတ်တစ်ဝက် ( Subconscious ) အကြောင်းပြောရရင် သိစိတ်နဲ့ မသိစိတ်ကြားမှာ ရှိနေတဲ့ စိတ်အခြေအနေတစ်ခုပါ။ သိစိတ်နဲ့ လက်ခံယူဆယုံကြည်ထားတာတွေကို သိစိတ်တစ်ဝက်အနေအထားမှာ မှတ်သားပြုထားတာတွေနဲ့ နှိုင်းယှဉ်စိစစ်တယ်။ အရင်က မှတ်သားပြုထားတာတွေနဲ့ ကိုက်ညီတယ်ဆိုရင် လက်ခံယုံကြည်သွားတော့တာပဲ။ အဲဒီယုံကြည်မှုဟာ မသိစိတ်ထဲအထိ ရောက်ရှိလက်ခံပြီဆိုရင်တော့ အဲဒီယုံကြည်ချက်အတိုင်း အထမြောက်အောင်မြင်သွားတော့တာပဲ။ ဒါပေမယ့် ”
“ဒါပေမယ့် ဘာဖြစ်လဲအစ်ကို။ မသိစိတ်မှာ ယုံကြည်လက်ခံဖို့အတွက်ကရော..”
“ဒါပေမယ့်ဆိုတာ ဒီလိုပါ။ မသိစိတ်ကို မရောက်ခင် သိစိတ်နဲ့ တွေ့ထိသိရှိမှတ်သားမှုတွေကို သိစိတ်တစ်ဝက်အနေအထားမှာ အမှတ်အသားပြုထားတာတွေနဲ့ နှိုင်းယှဉ်စဉ်းစားစိစစ်တဲ့အခါ အရင်က မှတ်သားထားတာတွေနဲ့ ကိုက်ညီမှု ရှိ၊ မရှိ ကြည့်တယ်။ တစ်နည်းပြောရရင် အရင်က အမှတ်အသားပြုထားတဲ့အချက်တွေ အစွဲတွေနဲ့တိုင်းတာ ကိုက်ညှိတတ်ကြတယ်။ တကယ့်အမှန်တရား ဖြစ်နေရင်တောင် အစွဲနဲ့ သုံးသပ်မိနေတာတွေ ရှိတတ်တာတွေရှိတယ်။ အဲဒီမှာ အစွဲဆိုတာ အမှန် မဟုတ်ဘူးလေ။ အမှန်မဟုတ်တဲ့ အစွဲနဲ့ ကိုက်ညှိချင့်တွက်တော့ ထွက်လာတဲ့အဖြေကလည်း မှန်မှန်ကန်ကန် ဖြစ်မလာနိုင်တော့ဘူးပေါ့။ အစွဲကြောင့် မသိစိတ်ထဲအထိ ရောက်မလာနိုင်ဖြစ်သွားပြီး၊ မသိစိတ်ရဲ့ အနှိုင်းမဲ့အားကိုလည်း မရနိုင်တော့ဘဲ မအောင်မြင်နိုင်တော့ဘူးပေါ့။”
“ဟာ…ဒါဆို သိစိတ်တစ်ဝက်အနေအထားက အတော့်ကို ကြောက်စရာပါလား။ အစွဲဆိုတာကလည်း တော်တော်ဆိုးတာပဲနော်။ အဲဒါကို ကျော်လွန်ပြီး မသိစိတ်ထဲအထိ လက်ခံယုံကြည်ဖို့ ဘယ်လိုလုပ်ရမလဲအစ်ကို။”
“အစွဲဆိုတာကို ကျော်လွန်ဖို့ အင်မတန်လွယ်ကူလှပါတယ်။ ဒါပေမယ့် အစွဲပြုတ်အောင် လုပ်ဖို့ကတော့ မလွယ်ဘူး။ ဗုဒ္ဓဘုရားဟောကြားတဲ့ တရားတော်ထဲမှာ အစွဲဟာ ဒီဘဝမှာတင်မက နောင်ဘဝအထိစေ့ဆောင်ရိုက်ခတ်စေတတ်တယ်လို့ ဆိုတယ်။ အရင်ဘဝက မျောက်ဖြစ်ခဲ့တဲ့သူက ဒီဘဝလူဖြစ်လာရင်တောင် မျောက်လိုအမူအကျင့်တွေ ရှိနေတတ်တယ် မဟုတ်လား။ ဒါအစွဲကြောင့်ပေါ့။ ဒီအစွဲကို ဖယ်ရှားကျော်လွန်ဖို့အတွက် “ကမ္ဘာလောကကြီးထဲမှာ အကြောင်းမှ ကင်းပသော အကျိုးမရှိသလို၊ အကျိုးမှ ကင်းပသော အကြောင်းမရှိ” ဆိုတာကို သေသေချာချာ သိရှိလက်ခံထားဖို့ လိုတယ်။ ပြီးတော့ သင့်တင်လျှောက်ပတ်စွာ နှလုံးသွင်းဆင်ခြင်တတ်ဖို့လည်းလိုတယ်။ အခြေအနေ အကြောင်းတရား အဖြစ်အပျက်တစ်ခုမှာ စိတ်ကူးယဉ်တာတွေ၊ အစွဲအယူတွေကင်းတဲ့ ကြောင်းကျိုးဆက်စပ်မှု၊ ကျိုးကြောင်းဆီလျှော်မှုကို မျှမျှတတ ရှုမြင်ရမယ်။”
“အစ်ကို တရားဟောနေတာလား။ ကျွန်တော်က အောင်မြင်တဲ့ဟိုတယ်လုပ်ငန်းရှင်ကြီး ဖြစ်ချင်တာဗျ။ ဘုန်းကြီးဝတ် တရားအားထုတ်ချင်တာ မဟုတ်ဘူးနော် အစ်ကို။”
“ဟေ… အစ်ကိုက ညီလေးကို တရားဟောနေတာလို့ မင်း ယူဆသလား။ တကယ်တော့ ဓမ္မ=တရား=မျှမျှတတ ကျင့်ကြံအားထုတ်ခြင်းပဲ။ လောကီရေးပဲဖြစ်ဖြစ်၊ လောကုတ္တရာရေးပဲဖြစ်ဖြစ် မျှတမှုမှာ အခြေခံတဲ့ အကျင့်စရဏ ရှိရမယ်ကွ။ မျှတမှုရှိနေတဲ့အတွက် အစွန်းတစ်ဖက် မရောက်တော့ဘူးပေါ့။ ကမ္ဘာပေါ်မှာ ဖြစ်ပျက်နေတာတွေ ပြဿနာတွေရဲ့ အခြေခံအကြောင်းတရားဟာ မမျှတမှုကြောင့်ပဲ။ စီးပွါးရေး၊ နိုင်ငံရေး၊ လူမှုရေးနယ်ပယ်တွေမှာပေါ့။ အဲဒီမှာ လူတစ်ဦးတစ်ယောက်ရဲ့ စိတ်အတွင်းခံဟာလည်း မျှမျှတတတွေးတောကြံစည်နိုင်မယ်ဆိုရင် အစွဲကင်းပနိုင်မှာပါပဲ ညီလေးရဲ့။ အစွဲဆိုတဲ့အထဲမှာ မမျှတမှု၊ မမြင်သာမှုနဲ့ မတွေးတော၊ မကြံစည်နိုင်မှုတွေပါရှိနေတယ်။ အမှန်ကို မြင်ပြီး အမှန်ကို လက်ခံနိုင်မှု မရှိတာမျိုးတွေပေါ့။ ဒီတော့”
“ဟုတ်ကဲ့အစ်ကို၊ အစွဲဆိုတာကို ကျော်လွန်ဖို့ ကြောင်းကျိုးညီညီနဲ့ ကောင်းဆိုးအလီလီကို မျှမျှတတ စိစစ်ဝေဖန်ပြီး လက်ခံနိုင်ရမယ်ဆိုတာ သဘောပေါက်ပါပြီ အစ်ကို။ အောင်မြင်တဲ့လုပ်ငန်းရှင်ဖြစ်ဖို့အတွက် ထပ်ပြီး ဘယ်လိုပြုမူ ပြောဆိုရမယ်ဆိုတာ ပြောပြပါဦး။”
“ဟုတ်ပြီ၊ ကောင်းဆိုး အလီလီကို ကြောင်းကျိုးညီညီ စိစစ်လက်ခံနိုင်စွမ်းဟာ မင်းရဲ့ယုံကြည်မှုကို ခိုင်မာစေတာပဲ ညီလေးရဲ့။ မင်းရဲ့ မသိစိတ်ထဲအထိ မင်းရဲ့ဘဝရည်မှန်းပုံရိပ်ကို ခိုင်ခိုင်မာမာ လက်ခံယုံကြည်လာစေတာပဲ။ မသိစိတ်ထဲက လက်ခံယုံကြည်ပြီဆိုရင် မင်းရဲ့ယုံကြည်မှု အထမြောက် အောင်မြင်ဖို့ ( ၇၀%) သေချာသွားပြီ။”
“ရာနှုန်းပြည့်အောင်မြင်ဖို့ ဘယ်လိုလုပ်ရမလဲအစ်ကို။”
“ရာနှုန်းပြည့်အောင်မြင်ဖို့ဆိုရင် တကယ်လက်တွေ့လုပ်ကိုင်ဖို့ပဲ”
“ဘယ်လိုလုပ်ရမှာလဲ”
“ဘယ်လိုလုပ်ကိုင်ရမလဲဆိုတော့ လက်တွေ့ကြတဲ့အလုပ်တွေလုပ်ဖို့ပဲ။ ဒီအပိုင်းက စိတ်ကူးနဲ့ မြင်အောင်ကြည့်ရတာဆိုတော့ နည်းနည်းရှုပ်ထွေးသလိုတော့ရှိတယ်။ ဒါပေမယ့် သေသေချာချာ နားလည်ရင် ရှင်းပါတယ်။ ညီလေးရဲ့ဘဝရည်မှန်းချက်ဖြစ်တဲ့ အောင်မြင်တဲ့ ဟော်တယ်လုပ်ငန်းရှင်ပုံရိပ်ကို စိတ်ကူးနဲ့မြင်အောင် ပုံဖေါ်ကြည့်ကြစို့။”
“စိတ်ကူးယဉ်ကြည့်တာကို ပြောတာလားအစ်ကို။”
“စိတ်ကူးယဉ်တယ်ဆိုတာ ရေရာတိကျမှု မရှိဘူး။ မျှော်လင့်တာသက်သက်ပဲ။ အခုပြောတဲ့စိတ်ကူးနဲ့ မြင်အောင်ပုံဖေါ်ကြည့်တာကတော့ ရေရာတိကျမှုရှိပြီး၊ လက်တွေ့အနေအထားကိုပါ ပြုပြင်ပြောင်းလဲယူနိုင်တာ တွေ့ရလိမ့်မယ်။ ညီလေးက အောင်မြင်တဲ့ ဟော်တယ်လုပ်ငန်းရှင်ကြီး ဖြစ်ချင်တာဆိုတော့ ဘယ်အတိုင်းအတာအထိ အောင်မြင်ချင်တာလဲ။ ဘယ်လိုပုံစံ၊ ဘယ်လိုအနေအထားလဲ ဆိုတာ ညီလေးရဲ့စိတ်ကူးမှာ မြင်အောင်ကြည့်ပါဦး။”
“ကျွန်တော် ပြောကြည့်မယ်နော်အစ်ကို။”
“ပြောကြည့်ဖို့ သက်သက် မဟုတ်ဘူး။ ဖြစ်ချင်၊ ရချင်တဲ့အတိုင်း တိတိကျကျ ပုံဖေါ်ကြည့်ဖို့ပဲ။”
“ဟုတ်ကဲ့။ ကျွန်တော်ဖြစ်ချင်၊ ရချင်တဲ့ပုံစံအနေအထားက ဟိုတယ်သုံးခုပိုင်ချင်တာပဲ။ ဘာဖြစ်လို့လဲဆိုတော့”
“ဘာဖြစ်လို့လဲဆိုတာထက် ညီလေး တကယ်ရရှိပိုင်ဆိုင်ချင်တာ ဟုတ်ရဲ့လား၊ မှန်ရဲ့လားဆိုတာ သေချာဖို့ပဲ။”
“ဟုတ်ကဲ့၊ သေချာပါတယ်။”
“ဟုတ်ပြီ၊ ဒါဆိုရင် ဘယ်အချိန်အတွင်း ဘယ်နှစ်နှစ်အတွင်း ရရှိအောင်မြင်ချင်တာလဲ။”
“ဘယ်လောက်အကြာအတွင်းဆိုတာတော့ မပြောတတ်ဘူးလေအစ်ကို။ အမြန်ဆုံးဖြစ်ချင်တာပဲ။ ရချင်တာပဲ။”
“ဒါဆို ညီလေး၊ အသက်၉၀ကျော်မှ ပိုင်ဆိုင်ရမယ်ဆိုရင် ဘယ်လိုလဲ။”
“အဲဒီလောက်ကြီးတော့ မကြာချင်ဘူး။ အသက်၉၀ကျမှဆိုရင် ကျွန်တော်လည်း ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး။”
“အဲဒါကြောင့် အစ်ကိုပြောတာပဲ။ ပိုင်နိုင်သေချာဖို့လိုတယ်ဆိုတာပေါ့။ ဆိုလိုတာကကွာ ကိုယ်လိုချင်၊ ရချင်တဲ့ အချိန်ကာလ အကန့်အသတ်နဲ့ အနေအထားကို ကိုယ်တိုင်သေချာတိကျဖို့ပဲ။ သေချာတိကျမှုမရှိရင် ဝေဝါး ဝေးကွာနေမှာပဲ။ ဒါကြောင့် ”
“ဟုတ်ကဲ့ အစ်ကို။ ကျွန်တော် နားလည်ပါပြီ။ ခိုင်မာသေချာအောင် သေချာ စိစစ်ပြီး ဆုံးဖြတ်ပါမယ် အစ်ကို။ အစ်ကို့အနေနဲ့ ဘယ်လို လုပ်ကိုင်ပြုမှုပြောဆိုရမယ်ဆိုတာတော့ ပြောပေးပါနော်။ ”
“စိတ်ပိုင်းဆိုင်ရာပြင်ဆင်မှုနဲ့အတူ ရုပ်ပိုင်းဆိုင်ရာတွေရော၊ စဉ်းစားတွေးခေါ်တာတွေရော မိမိဘဝ ရည်မှန်းချက်ပုံရိပ်နဲ့ လိုက်လျောညီထွေဖြစ်အောင် ပြုမှုပြောဆိုရမယ်။ ဆိုပါတော့ကွာ။ ကိုယ်က ဟော်တယ်လုပ်ငန်းရှင်းကြီးဖြစ်ချင်နေတယ်။ ဒါပေမဲ့ပြုမူစဉ်းစားတွေးခေါ်နေတဲ့ပုံစံက သာမာန်ဆိုက်ကားသမားတစ်ယောက်လိုပဲဆိုရင် အဲဒီရည်ရွယ်ပန်းတိုင်ဘယ်တော့မှ မရောက်နိုင်ဘူး။ မရနိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ထိုက်တန်မှုမရှိလို့ပဲ။ ကိုယ်ဖြစ်ချင်တဲ့အဆင့်အတန်းနဲ့ ကိုက်ညီတဲ့၊ ထိုက်တန်တဲ့ အပြုအမူ၊ အပြောအဆို၊ စဉ်းစားတွေးခေါ်မှုနဲ့ တာဝန်ယူ၊ တာဝန်ခံမှုတွေ ပြည့်ဝဖို့လည်း လိုသေးတယ်။ လူအများစုက ဖြစ်ချင်ကြ၊ ရချင်ကြ၊ ရောက်ချင်ကြပေမယ့် ကိုယ်ရည်ကိုယ်သွေး၊ အမူအကျင့်စရိုက်တွေကိုတော့ ကိုယ်ဖြစ်ချင်၊ ရချင်၊ ရောက်ချင်တဲ့အဆင့်အတန်းနဲ့ ကိုက်ညီမှုရှိအောင်၊ ထိုက်တန်မှုရှိအောင် မလုပ်နိုင်ကြဘူး။ ဒါနဲ့ သူတို့လားရာနဲ့ ဝေးနေကြတော့တာပေါ့။ အဲဒါကြောင့် ကိုယ့်ဘဝရည်မှန်းချက် ပြည့်ဝရရှိဖို့ဆိုရင် (၁) ဘဝရည်မှန်းချက်ပုံရိပ် ခိုင်မာပြတ်သားနေရမယ်။ ပစ္စုပ္ပန်မှာ ထင်ထင်ရှားရှားမြင်နေရမယ်။ (၂) အဲဒီ ဘဝရည်မှန်းချက်ပုံရိပ်နဲ့ လိုက်လျောညီထွေဖြစ်မယ့် အပြုအမူ အပြောအဆိုရှိရမယ်။ (၃) ဘဝရည်မှန်းချက် ကာလအကန့်အသတ်လည်း ထားရမယ်။ (၄) ဘဝရည်မှန်းချက်နဲ့ ဆက်စပ်နေတဲ့ အသိပညာ၊ အတတ်ပညာ ကြံစည်စိတ်ကူးမှုတွေ အမြဲရှာဖွေနေရမယ်။ (၅) ကိုယ့်ကိုယ်ကိုယ် ကတိတည်ပါစေ။”
ချောင်းသာကမ်းခြေကို အပြေးအလွှားလာရောက်ရိုက်ခတ်နေတဲ့ လှိုင်းလုံးဖြူဖြူကြီးတွေ တဝုန်းဝုန်း၊ ပင်လယ်ပြင်ကြီးကို ဖြတ်သန်းတိုက်ခတ်လာတဲ့ လေပြည်က အေးမြမြ။ ကျွန်တော်နဲ့ လူငယ်လေးမောင်အာကာဖြိုးတို့လည်း အတွေးကိုယ်စီနှင့် ငြိမ်သက်သွားကြပါတယ်။ အဲဒီလိုငြိမ်သက်သွားခြင်းဟာ လူငယ်လေးမောင်အာကာအတွက် အနာဂါတ်ဘဝပုံရိပ်တစ်ခုကို ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်ချက်ချဖို့ တွန်းပို့နေတာများလားလို့ နောက်ပိုင်းမှာ တွေးမိပါတယ်။”

ချောင်းသာက ပြန်လာပြီး ကျွန်တော်လည်း ပုံမှန်အလုပ်တွေနဲ့ လုံးချာလည်နေရင်းတစ်ရက်၊ ကျွန်တော့်ရဲ့အီးမေးလ်ကို ဖွင့်အကြည့်မှာ မေးလ်အသစ်တစ်ခု ပို့ထားတာတွေ့ရပါတယ်။ ဘယ်သူလဲ၊ ဘာအကြောင်းလဲလို့ သိချင်စိတ်နဲ့ ကလစ်လုပ်လိုက်တော့….
“အစ်ကို……
နေကောင်းရဲ့လား။ ကျွန်တော်အခု စွန့်ဦးတီထွင်လုပ်ငန်းရှင်သင်တန်း တက်ရောက်နေပါတယ်။ မကြာခင်မှာ သြစတြေးလျက မာစတာဘွဲ့ယူပြီး ကျွန်တော်ရည်မှန်းထားတဲ့ ဟိုတယ်လုပ်ငန်းရှင်ကြီးဖြစ်အောင် လုပ်နိုင်တော့မယ်အစ်ကို။ အစ်ကိုပြောတဲ့ “ဖြစ်ချင်တာ ဖြစ်ခွင့်ရှိတဲ့လောကကြီးထဲမှာဖြစ်အောင် လုပ်ဖို့တော့မေ့နေတတ်ကြတယ်။” ဆိုတဲ့ စကားကို ကျွန်တော်  မမေ့ပါဘူး။ အမြဲတမ်းသတိရနေပါတယ်။ အဲဒီအထဲမှာ ကျွန်တော်မပါအောင်လည်း ကြိုးစားနေပါတယ်။ လက်တွေ့ကျကျ ကြောင်းကျိုးညီညီနဲ့ ကြိုးစားနေပါတယ်။ အစ်ကို။ ကျေးဇူးတင်ပါတယ် အစ်ကို။ အစ်ကို့ကို တစ်ခု တောင်းပန်ချင်တာလည်းရှိသေးတယ်။ တောင်းဆိုတာ ဆိုရင်လည်း မှန်ပါတယ်။ အဲဒါကတော့ ကျွန်တော်လို အောင်မြင်ဖို့ကြိုးစားချင်ပေမဲ့ ကိုယ်လိုလားတဲ့ ဘဝအောင်မြင်မှုကို ရှာမတွေ့သေးသူ သူငယ်ချင်းတွေအတွက် အစ်ကို့စာပေအရေးအသားနဲ့ ဖြန့်ဝေပေးချင်လို့ပါအစ်ကို။ ကျွန်တော်လည်း သြစတြေးလျက ပြန်လာရင် အစ်ကို့ကို လာရောက်တွေ့ဆုံပါဦးမယ်။ အစ်ကိုပြောပြတဲ့ လက်တွေ့ကျတဲ့စကားတွေ ကြားချင်ပါသေးတယ် အစ်ကို။ အစ်ကိုတို့ မိသားစု ရွှင်လန်းချမ်းမြေ့ပါစေလို့ ဆုတောင်းပါတယ်။ လေးစားချစ်ခင်လျက်…..”
“မောင်အာကာဖြိုး” ဆိုတဲ့ စာလေးကို ဖတ်လိုက်ရပါတယ်။
သြော်…. ချောင်းသာက ပြန်လာတာ ဘာမှ မကြာသေးဘူး ထင်ပေမယ့် ၁နှစ်ကျော်ခဲ့ပြီးပဲ။  အဲဒီ ၁နှစ်ကျော်ဆိုတဲ့ ကာလအတွင်းမှာ မောင်အာကာဖြိုး အောင်မြင်အောင် ကြိုးစားသွားတာက အံ့သြစရာပါ။
“သြော်…ဖြစ်ချင်စိတ်၊ ဖြစ်ချင်စိတ်။ ဖြစ်ချင်စိတ်က ဘဝအောင်မြင်ရေးအတွက် အရေးကြီးပါလားနော်” လို့ တွေးရင်း တိုးတက်ချင်သော လူငယ်တိုင်းသို့ ရည်ရွယ်ပြီး ဒီစာစုကို ရေးလိုက်ပါတယ်။

                                                                                          နိုင်စွမ်း
(    ရည်ညွှန်း။  ။ Dr. Robert Anthony’s Beyond Positive Thinking      )

No comments:

Post a Comment