Wednesday, January 8, 2014

တမျိုးသားလုံး ပျော်ရွှင်ချမ်းမြေ့မှုတန်ဖိုး


( အတွေးအမြင်မဂ္ဂဇင်း - အမှတ်(၂၅၈)- ၂၀၁၃ စက်တင်ဘာလ -- တွင် ဖေါ်ပြထားသော ဆရာမကြီးဒေါ်ခင်မာလာကြာဖြူ၏ ဆောင်းပါးကို ကူးယူဖေါ်ပြပါသည်။ )

          လူအဖွဲ့အစည်း၏ ဖွံ့ဖြိုးတိုးတက်မှုကိုတိုင်းတာတဲ့ ညွှန်းကိန်းတွေထဲမှာ လူသူတွေရဲ့ပျော်ရွှင်ချမ်းမြေ့မှုကိုပါ အရေးကြီးတဲ့ အချက်တစ်ချက်အဖြစ် ထည့်သွင်းလာကြပါသည်။
          G.N.H (Gass National Happiness ) တစ်မျိုးသားလုံး ပျော်ရွှင်ချမ်းမြေ့မှု စုစုပေါင်းတန်ဖိုးကို အောက်ပါအချက်များနှင့် တိုင်းတာပါတယ်။

၁။ လူတွေဟာ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာကြသလား၊ စိတ်ပိုင်းဆိုင်ရာ ပျော်ရွှင်ကြသလား၊ ကျင့်ဝတ်ပိုင်းဆိုင်ရာ ကောင်းစွာ ကျင့်သုံးကြပါသလား။
၂။ အချိန်ဟန်ချက်ညီမှု။ ၊ အချိန်ကိုကောင်းစွာ အသုံးချတတ်ကြပါသလား၊ စာချည်း လုပ်မနေဘဲကစားခွင့်ပေးသလား၊ အလုပ်ချည်း လုပ်မနေဘဲကောင်းစွာ နားခွင့်ပေးသလား။ မတော်မတရား တစ်နေ့မှာ (၁၆)နာရီ လုပ်ခိုင်းနေသလား။ ဘာမှမလုပ်ဘဲ မတော်မတရားတွေပဲ လုပ်နေသလား။
၃။ လူမှုရေးနှင့် အသိုင်းအဝန်းဆိုင်ရာတတ်ကြွမှုရှိသလား။ လူမှုဝန်းကျင်သက်ဝင် လှုပ်ရှားမှုရှိသလား။
၎။ ယဉ်ကျေးမှုဆိုင်ရာ တက်ကြွထက်သန်မှု ရှိသလား။
၅။ ပညာရေးအဆင့်အတန်းအခြေအနေ။
၆။ ကောင်းမွန်သောစီမံအုပ်ချုပ်မှု။ ( Good Governance )
၇။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုဂေဟဗေဒဆိုင်ရာလှုပ်ရှား တက်ကြွ ထက်သန်မှု။
၈။ လူတို့နေထိုင်မှု အဆင့်အတန်း စသည့်တို့ကို လေ့လာကြည့်ရှုပြီး G.N.H ကို တိုင်းတာကြပါတယ်။

ဒီလိုတိုင်းလိုက်ရာမှ နော်ဝေးနိုင်ငံက နံပါတ်(၁)၊ ဟော်လန်နိုင်ငံက(၂)၊ ဆွီဒင်က (၃) အခြေအနေမှာ ရှိပါတယ်။
          တကယ်တော့ တိုင်းပြည်အတိုင်းအတာနှင့် ဒီလိုအချက်တွေရှိရမှာ ဖြစ်သလို မိသားစု အိမ်ထောင်တစ်စုရဲ့ G.N.H ကိုလည်း ဒီလိုပဲ တိုင်းရပါတယ်။ တိုင်းပြည်တစ်ပြည်မှာ စီးပွါးရေးက အရေးကြီးပေမယ့် တခြား အရေးကြီးတာတွေလည်းရှိပါတယ်။ အရမ်းကြီးချမ်းသာပြီး G.N.H ကျနေရင်လည်း ဒီတိုင်းပြည်ကို ပျော်ရွှင်ချမ်းမြေ့တဲ့တိုင်းပြည်လို့ မခေါ်ကြပါဘူး။

          အိမ်တစ်အိမ်မှာ စီးပွါးရေးဟာ အတိုင်းအတာတစ်ခုအထိ ကောင်းရမှာဖြစ်သလို ထိုကောင်းမွန်သောစီးပွါးရေးကို အထက်ပါ G.N.H ၏ လိုအပ်ချက်တွေမှာ မျှတသုံးစွဲရပါတယ်။ ကောင်းမွန်သောစီမံအုပ်ချုပ်မှုနှင့် ပတ်သက်၍ “ဧကရာဇ်ဘုရင်တစ်ပါးဟာ တိုင်းသူပြည်သားတွေနှင့် တရားဥပဒေရဲ့ကျေးကျွန်တစ်ယောက်သာ ဖြစ်တယ်ဆိုတာကို လေ့ကျင့်သင်ကြားပေးတယ်။ ကိန်းအောင်းစေတယ်။ ပညာရေးမှာ မသင်မနေရ ဥပဒေကို ပြဋ္ဌာန်းတော်မှုတယ်။ တရားရုံးတော်ဖွင့်၍ ဥပဒေအရစီရင်စေတယ်။ လမ်းပန်းဆက်သွယ်ရေး တိုးတက်စေပြီး ပင်လယ်ကူးသင်္ဘောတည်ဆောက် စေတယ်။ စက်မှုလုပ်ငန်းကို အစိုးရက စတင်အကောင်အထည်ဖေါ် လည်ပတ်ပြီး၊ ပုဂ္ဂလိကသို့ လွှဲပေးခဲ့တယ်။ တိုင်းပြည်အုပ်ချုပ်ရေး(Cabinet) အစိုးရအဖွဲ့ကို ပြည်သူတွေတောင်းဆို၍ မဟုတ်ဘဲ ဘုရင်ကိုယ်တိုင်က စတင် ဖန်တီးပေးတော်မူတယ်။ တိုင်းသူပြည်သားတို့၏ လွတ်လပ်ရေးကို ရှေးရှု၍ လွှတ်တော်ကို ဖွဲ့စည်းစေတယ်။ ပြုပြင်ပြောင်းလဲရေး စတင်ပြီး (၃၇)နှစ်အကြာ ၁၉၀၀ ပြည့်နှစ်တွင် ဂျပန်သည် ဥရောပလက်နက်ကိုင်နိုင်ငံကြီးများနှင့် တစ်ပြေးညီတိုးတက်မှုမြန်ဆန်လာတယ်။ ဒါကို Melji Reformation လို့ခေါ်ကြတယ်။”

          မြန်မာသီပေါဘုရင်ဟာ ၁၈၇၈ အသက်(၂၀)မှာ နန်းတက်တယ်။ ဂျပန်ဘုရင်ကတော့ အသက်(၁၆)မှာ နန်းတက်တယ်။ သီပေါဘုရင်ဟာ ဗုဒ္ဓကျမ်းစာတော့ တတ်ပါရဲ့ သတ္တိ ဗျတ္တိ နှလုံးရည်၊ လက်ရုံးရည် မထူးချွန်တာကြောင့် ကိုယ်ပိုင်ဆုံးဖြတ်နိုင်စွမ်းမရှိခဲ့ပါ။ ဆင်ဖြူမရှင်စုဖုရားလတ်တို့ ကြိုးဆွဲရာ ကခဲ့ရပါတယ်။ အမြင်မကျယ်ရုံမျှမက ဆင်ခြင်တုံတရားလည်း ကင်းမဲ့ခဲ့တယ်။ အပျော်အပါးဝါသနာပါသမျှ ပြည်သူ အခွန်တည်းဟူသော ဘဏ္ဍာငွေကို စည်းမဲ့ ကမ်းမဲ့ သုံးဖြုန်းပစ်တော်မူတယ်။ မြန်မာပြည်ရဲ့တစ်ပုံမှာ အင်္ဂလိပ်လက်အောက်ရောက်နေပါလျက်၊ တစ်ပုံကို ပြန်မပါဖို့ အရေးမတွေး စိတ်ကူးစိတ်သန်းမရှိ စစ်ရေးအမြင် နိုင်ငံရေးအမြင်မရှိ၊ ဖခင်လက်ထက်က အမှုထမ်းတော်မူခဲ့သော ပညာရှိယောမင်းကြီးဦးဖိုးလှိုင်ကို ဆည်းကပ်ရမှန်းမသိ။ တိုင်းပြည်ခေတ်မှီတိုးတက်ရေး စည်းမျဉ်းခံဘုရင်စနစ် ကူးပြောင်းရန် ရာဇဓမ္မသင်္ဂဟကျမ်းကို ပယ်ချ၍ ယောမင်းကြီးကို ရာထူးမှ ချတော်မူခဲ့သည်။ သည်လိုနှင့် ကြက်ကလေး၊ ငှက်ကလေးတွေလို အဖမ်းခံရပြီး ထီးကျန်း စည်ပေါက် ထီးနန်းပျောက်ခဲ့ရပါသည်။

          အိမ်တစ်အိမ်မှာလည်း ထိုနည်းတူ အိမ်ထောင်ဦးစီးမှာ အရေးကြီးပါ၏။ အမြော်အမြင် ဆင်ခြင်ဥာဏ်နည်းပြီး ရှာဖွေရသမျှ စည်းမဲ့ကမ်းမဲ့ သုံးဖြုန်းပစ်ပြီး အပျော်အပါးလွန်စွာ လိုက်စားပါက သည်အိမ် နံလံမထူနိုင်တော့ပါ။ ဒါမှမဟုတ် အိမ်ထောင်စုအတွက် ခွဲဝေသုံးစွဲခြင်း မရှိမူ၍ မိမိတစ်ဦးတည်း ပျော်ရွှင်ရေး၊ ကောင်းစားရေး၊ ချမ်းသာရေးကို ရှေးရှုခဲ့ပါလျှင်လည်း၊ ထိုအိမ်သားများ ဒုက္ခပင်လယ်ဝေလိမ့်မည်။ အိမ်ထောင်တစ်ခုကို စည်းစနစ်တကျ ထိန်းသိမ်းပြုပြင်ရေးဟာလည်း ဥပဒေကဲ့သို့ တည်ရပါမယ်။ အလွန်တင်းကျပ်ပြီး မရှုသာမရှိုက်သာ အုပ်ချုပ်ပြန်ရင်လည်း အိမ်သားများ စိတ်ဆင်းရဲပြီး သည်အိမ် မသာယာနိုင်တော့ပါ။


မိမိဟာ ခေါင်းဆောင်အဖြစ် ရပ်တည်ရသောအခါ တိုင်းပြည်အပေါ်ဖြစ်ဖြစ် မိမိအိမ်အပေါ်ဖြစ်ဖြစ် ဘယ်သောအခါမှ “ငါခေါင်းဆောင်ရတာ” ဆိုပြီး မိမိအလုပ်အပေါ် အရေးတစ်ရပ်အနေနှင့် မယူဖို့ ကိုယ့်ကိုယ်ကို အမြဲသတိပေးနေမှ ခေါင်းဆောင်ကောင်းဖြစ်ပါတယ်။
          ခေါင်းဆောင်ဟာ စောင့်စည်းဖို့လည်း လိုပါတယ်။ စိတ်အလိုမလိုက်ဖို့၊ ခဏပန်း ပျော်ရွှင်မှုကို ဦးစားမပေးပဲ တွန်းလှန်တတ်တာဟာ သီလရှိနေတာပါပဲ။ သည်ခဏပန်း အပျော်များဟာ နောင်တွင် ပိုမိုကြီးကျယ်သည့် ကောင်းကျိုးချမ်းသာကို ပြီးစီး အောင်မြင်စေမှုအတွက် အနှောင့်အယှက် ဖြစ်စေနိုင်သည်ကို သတိထားရပါမယ်။

          အလုပ်တစ်ခုကို လုပ်တော့မယ်ဆိုရင် အရှည်ကို တွေးရပါမယ်။ စနစ်တကျမူချပြီး မပြုခင် မပြောခင် မကြံခင် ဆင်ခြင် တွေးတောရပါမယ်။ အကျိုးအပြစ်ကို ချိန်ဆပြီး စိတ်ဆန္ဒဆွဲဆောင်ရာသို့ မလိုက်ပါမိဖို့ အရေးကြီးပါတယ်။ အိမ်ထောင်ဦးစီးတစ်ယောက်၊ တိုင်းပြည်ခေါင်းဆောင်တစ်ယောက်၌ နားလည်မှု၊ နားလည်ပေးနိုင်မှု ရှိဖို့လိုသလို အသိပညာရော၊ ဥာဏ်ပညာပါ ရှိဖို့ လိုပါတယ်။ မိမိအုပ်ချုပ်ထားသူတွေအပေါ် တရားမျှတမှု ရှိရမယ်။ ကျောသားရင်သား မခွဲခြားဘဲ ချီးမြှောက်သလို အပြစ်ပေးတဲ့အခါမှာလည်း တူညီရမယ်။ လူတိုင်းမှာ အခွင့်အရေးရှိပါတယ်။ ထိုလူများရဲ့အခွင့်အရေးကိုလည်း လေးစား အသိအမှတ်ပြုရပါမယ်။ မိမိအိမ်ထောင်ဟာ မိမိလက်အောက်မှာ ပျော်ရွှင်ချမ်းသာအောင် စီမံခန့်ခွဲနိုင်ရင် လူသားထုတစ်ရပ်လုံးကို ပျော်ရွှင်ချမ်းသာစေတာနှင့် အတူတူပဲဖြစ်တာမို့ အိမ်ထောင်တာဝန်၊ တိုင်းပြည်တာဝန်ထမ်းဆောင်ရင်း လူသားအကျိုးပြုတဲ့ ကုသိုလ်တစ်ရပ် ကောင်းမှုတစ်ခု ဖန်တီးလိုက်တာပါပဲ။

          ယောဆရာတော်ရဲ့ တရားမှာ မိမိရှာဖွေလို့ရတဲ့ ငွေနဲ့ မိမိစီမံခန့်ခွဲထားတာတွေအပေါ် ကုသိုလ်ကောင်းမှု နေ့တိုင်းလုပ်နိုင်တာ မိမိအိမ်ထောင်စုအပေါ်မှာပါပဲ။ အလှူကြီး အတန်းကြီး မပေးနိုင်သော်မှ အိမ်ကလူ အေးပါစေ၊ ချမ်းသာကို အောင်ပါစေဆိုပြီး မိသားစုကို လုပ်ကျွေးတာဟာ ကုသိုလ်ကောင်းမှုလုပ်တာပါပဲ။ တိုင်းပြည်ခေါင်းဆောင်အနေနဲ့ ငါ့ခေါင်းဆောင် ပြန်စီမံခန့်ခွဲလိုက်တဲ့အတိုင်း တိုင်းသူပြည်သားများ ချမ်းသာပါစေ၊ နှလုံးစိတ်ဝမ်းအေးကြပါစေ ဆိုပြီး ကောင်းမွန်သောအုပ်ချုပ်ရေးစနစ် ကို အကောင်အထည်ဖေါ်ရုံမျှနှင့် ကောင်းမှုကုသိုလ်အဝဝကို ရရှိပြီး ဖြစ်ပါတယ်။

          ပညာရေးဆိုင်ရာမှာ ဆရာ၊ ဆရာမဟာ စာသင်ပေးရင်ပြီးရော မဟုတ်လားဆိုတာမျိုး မတွေးပါနဲ့၊ Knowledge ချည်းပဲ သင်လို့ မရပါဘူး။ Skill ဆိုတဲ့ ကျွမ်းကျင်လိမ္မာစွာ ပညာကိုလည်း အသုံးချတတ်ဖို့ သင်ပေးရပါမယ်။ ဒီနေရာမှာ Thinking စဉ်းစားတတ်အောင်၊ Reasoning ဆင်ခြင်တတ်အောင်၊    Decision making ဆုံးဖြတ်တတ်အောင် သင်ပေးရမှာပါ။ ကျန်းမာရေးနှင့် ပတ်သက်လို့ လူတစ်ဦးချင်း ကျန်းမာဖို့ လိုအပ်သလို လူအများအတွက် ကျန်းမာရေး စောင့်ရှောက်မှုဆိုလျှင်လည်း စီမံကိန်းတွေ လိုပါတယ်။ အဓိက အရေးကြီးတာက ဒီခေတ်မှာ ဆရာဝန် တော်ဖို့ချည်းပဲ လိုတာမဟုတ် ဆေးကုသရာမှာ “လူနာအဓိက” ဆိုတဲ့ စနစ်ကို ကျင့်သုံးနေရပါပြီ။ လူနာမှာလည်း လူနာအခွင့်အရေ ရှိပါတယ်။ ဆရာဝန် အနေနဲ့ သည်အခွင့်အရေးကို လေးစားလိုက်နာရလိမ့်မယ်။

          သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုမှာ လူနှင့် သစ်ပင်၊ လူနှင့် တိရစ္ဆာန်၊ လူနှင့် ကမ္ဘာမြေကြီး ဆက်သွယ်ပတ်သက်နေသူများကို မပျက်စီး၊ မညှင်းပန်ပဲ စောင့်ရှောက်ရမယ့်အချိန် ရောက်လာပါပြီ။ နှစ်သန်းပေါင်းများစွာ လူတွေဟာ ကမ္ဘာကြီးကို မကယ်တင်၊ မကာကွယ်၊ မစောင့်ရှောက်ဘူးဆိုရင် လူတွေရော ကမ္ဘာကြီးရော ပျက်စီးတော့မယ်။ မိုးနည်းတော့ မိုးခေါင်ရေရှား သစ်ပင်လူတိရစ္ဆာန်ဒုက္ခ။ ဒီမှာ သဘာဝဘေးအန္တရာယ်ဆိုတာ နတ်ဆိုးတွေရဲ့ ကျိန်စာ မဟုတ်ဘူး။ လူတွေလုပ်တာပါ ဆိုတာကို Awareness တွေ ရှိရမယ်။ သတိမူရမယ်။ ကိုယ်တိုင်က သစ်ပင် မခုတ်ပေမဲ့ သစ်ပင်ခုတ်လျှင် ရာသီဥတု ဖေါက်ပြန်တတ်တယ်ဆိုတဲ့ အသိကို သစ်ပင်ခုတ်တဲ့ လူတွေရော၊ ခုတ်ရောင်းတဲ့သူတွေရော ဝယ်တတ်တဲ့ လူတွေပါ သတိပြုမိဖို့ လုပ်ရမယ်။ ငါတို့က သူများတိုင်းပြည်က ခုတ်ရောင်းတာတွေ ဝယ်တာ ရောင်းတဲ့ပြည်မှာပဲ သဘာဝဘေးအန္တရာယ်ဖြစ်မှာပေါ့လို့ မျက်နှာလွှဲ ခဲပစ်မလုပ်ဖို့၊ ဒီကမ္ဘာကြီးတစ်ခုထဲမှာ နေနေကြတယ်၊ သူတို့ပြီးရင် ငါ့အလှည့်ပဲဆိုတာကို သတိပြုမိဖို့ နှိုးဆော်ရပါတယ်။

          ဖန်လုံအိမ်ဓါတ်ငွေ့တွေဟာ ဘာတွေလဲ။ ကာဗွန်ဒိုင်အောင်ဆိုဒ်၊ မီသိန်း၊ နိုက်ထရပ်(စ)အောက်ဆိုဒ် ရေခိုးရေငွေ့ စသည်တို့ဖြစ်တယ်။
          ကျောက်ဖြစ်ရုပ်ကြွင်း လောင်စာ၊ သစ်ပင်စိုက်ပျိုးရေး အမှိုက်တွေ လောင်ကျွမ်းပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့ ပေါင်းလိုက်တော့ မှန်လုံအိမ် ဓါတ်ငွေ့ဖြစ်တယ်။ 

          မီသိန်းနှင့် နိုက်ထရစ်အောက်ဆိုဒ်တွေကတော့ ဖို့မြေတွေ ရေနံကို သန့်စင်တာတွေနှင့် ကျောက်မီးသွေးတွင်းတွေက ဖြစ်လာတာဖြစ်တယ်။ စက်ရုံတွေ တည်ဆောက်တယ်ဆိုတာနဲ့ CO2 တွေ ပုံလာမှာပဲ။ မီသိန်းလည်း နှစ်ဆဖြစ်မှာပဲ။ CO2 ဟာ လိုတာထက်ပိုရင် လူကို ထိခိုက်တယ်။ CO2 ဟာ သူ့ဟာသူ ပျောက်သွားမလား။ မပျောက်ဘူး။ ရာစုနှစ်ပေါင်းများစွာ တည်နေတယ်။ CO2 ဟာ လေထဲမှာ ရှိတဲ့ဓါတ်ငွေ့တွေရဲ့အဆ(၅၀) မြေပြင်မှာရှိတဲ့ဓါတ်ငွေ့တွေရဲ့(၁၀)ဆ ရှိတယ်။ CO2 ဟာ သမုဒ္ဒရာထဲ ရောက်သွားရင် ကာဗွန်နစ်အက်ဆက်ဖြစ်တယ်။ 

ဒီမှာ CO2 နှင့် သစ်ပင်တို့ရဲ့ဆက်စပ်ပတ်သက်မှုကို ရေးပါတယ်။ သစ်တောတွေက CO2* ကို စုပ်ယူပြီး O2 အောက်ဆီဂျင်ကို ထုတ်ပေးတဲ့အတွက် သစ်တောပြုန်းတီးရင် လူတွေကို တိုက်ရိုက် ထိခိုက်နိုင်တာကိုလည်း သတိပေးရပါမယ်။

သစ်တောတွေ ကုန်သလောက်ရှိနေပြီဖြစ်တဲ့ နိုင်ငံအနေနဲ့ကတော့ စဉ်းစားသာ ကြည့်ပါတော့။ ဒါဟာ ခုတ်ရောင်းတဲ့ လူတွေ၊ ခုတ်ရောင်းခိုင်းတဲ့လူတွေ၊ ခုတ်ရောင်းပြီး အကျိုးအမြတ်ခံစားသူတွေအနေနဲ့ ငါတို့ဟာ ဒီတိုင်းပြည်ကလူတွေကို ပျက်စီးစေတာပါလား ဆိုတာကိုသိတဲ့ အသိဥာဏ် မရှိခဲ့လို့ ဖြစ်တာမို့၊ ဒီ Awareness ကို ဖြန့်ဖြူးရပါမယ်။
ယဉ်ကျေးမှုဆိုင်ရာအနေနဲ့ သည်ဘက်ခေတ်မှာ ဆရာတော်များရဲ့ တရားပွဲဟာ အလွန် ထွန်းကားပါတယ်။ သည်တရားပွဲတွေရှိလျက်နှင့် အကြမ်းဖက်သတ်ဖြတ်မှုတွေ “ပေါ်တင်” ဖြစ်ပျက်နေတာကို ကြည့်ရင်၊ တရားနာရင်လည်း “တရား” ကို တရားပွဲမှာ မထားခဲ့ပါနဲ့၊ ကိုယ်နဲ့အတူ ယူဆောင်လာပြီး လက်တွေ့နေ့စဉ် ကျင့်သုံးဖို့လိုပါတယ်။ “ဥာဏ်ပညာ” နှင့်တူသော အလင်းရောင်မရှိ ဟု ဗုဒ္ဓက မိန့်တော်မူခဲ့တယ်။ ဥာဏ်ပညာမဲ့သူတွေဟာ တိုင်းပြည်ကို မှောင်ထဲမှာ ထားခဲ့ချင်ကြတယ်။
လောကကြီးမှာ တန်ဖိုးသိတဲ့ ဥာဏ်မရှိရင်၊ တန်ဖိုး ဘယ်လောက်ရှိတဲ့ ပစ္စည်းဖြစ်ပါစေ၊ တန်ဖိုးမသိတဲ့ သူရှေ့မှာ တန်ဖိုးမရှိ ဖြစ်သွားတတ်ပါတယ်။
မြန်မာပြည် နိုင်ငံတော်သီချင်းမှာ “အဖိုးတန်မြေ” ဟာ ဥာဏ်ပညာရှိတဲ့လူတွေ လက်ထဲရောက်စေချင်ပါတယ်။
G.N.H အရ ကျွန်မတို့တိုင်းပြည်အဆင့် ဘယ်လောက်ရမယ်လို့ ခန့်မှန်းပါသလဲ။

                                                                   ခင်မာလာကြာဖြူ

( မှတ်ချက်။    ။ခွင့်တောင်းခြင်း မရှိဘဲ ကူးယူဖေါ်ပြမိခြင်းကို ခွင့်လွှတ်နားလည်ပေးပါရန် တောင်းပန်အပ်ပါသည်။ )

No comments:

Post a Comment