ထိုင်းနိုင်ငံမှာ
သီတင်းသုံးတဲ့ဝါငယ်ရဟန်းတစ်ပါးအတွက်ဘဝဟာ မျှတမှုမရှိပါဘူး။ အကောင်းဆုံးသောအစားအစာနှင့်
အကောင်းဆုံးအခင်းကူရှင်ကို ဝါတော်ကြီးရဟန်းတော်တွေ သုံးစွဲပါတယ်။ လက်တွန်းလှည်းတွန်းခြင်းစသည့်
အလေးအပင်အလုပ်တွေကို မလုပ်ရပါဘူး။ ကျွန်တော်စားရသော တစ်နပ်စာဆွမ်းက အရမ်းကို ညံ့ဖျင်းလွန်းပါတယ်။
မာကျော၊ အေးစက်နေတဲ့ ကွန်ကရစ်ကြမ်းခင်းပေါ်မှာ နာရီပေါင်းများစွာ တရားထိုင်ရပါတယ်။ တခါတရံ
ပင်ပန်းတဲ့အလုပ်ကြမ်းတွေ လုပ်ရပါသေးတယ်။ အလွန်နုံချာလှတဲ့ ငါ့ကံတရားပါလားလို့ ညှဉ်းညူမိပါတော့တယ်။
တရားမျှတမှုကိုရရှိဖို့ ကျွန်တော်တစ်ယောက်ထဲ
နာရီပေါင်းများစွာ ညဉ်းညူမည်တမ်းမိပါတယ်။ ဝါကြီးတဲ့ရဟန်းတော်တွေအဖို့ အမြဲတမ်းစားသောက်နေရတဲ့အတွက်
အစားအသောက်ကောင်းတွေ မလိုအပ်တော့ပါဘူး ။ ကျွန်တော့်အတွက်တော့
တကယ့်ကို လိုအပ်ပါတယ်။ ဝါကြီးရဟန်းတော်တွေကနှစ်ပေါင်းများစွာ တရားထိုင်ခြင်းကို အလေ့အကျင့်ဖြစ်နေပါပြီ။
အဲဒါကြောင့် သူတို့အတွက် ထိုင်ခုံကူရှင်အကောင်းတွေ မလိုအပ်တော့ပါဘူး။ ဝါကြီးရဟန်းတော်တွေက
ဝါငယ်ရဟန်းတော်တွေကို အလုပ်လုပ်ဖို့ကြိုးစားဖို့ အမြဲပြောပါတယ်။ သူတို့ကိုယ်တိုင်တော့
မည်သည့်အလုပ်ကိုမှ မလုပ်ပါဘူး။
“အဲဒါကြောင့် လက်တွန်းလှည်းကို ဘယ်လောက်လေးလေးတွန်းရတယ်။”
“နေအပူထဲမှာ
ဘယ်လောက်ပင်ပန်းတယ်ဆိုတာကို သူတို့ သိကြပါ့မလား။”
“အလုပ်အစီအစဉ်တွေကို
အဲဒီရဟန်းတော်တွေ ချမှတ်ကြတာပါ။ ဒါကြောင့် အလုပ်တွေကို သူတို့လုပ်သင့်ပါတယ်။”
“ပင်ပန်းတဲ့အလုပ်တွေကျတော့ ငါတို့လုပ်ရတယ်။”
အဲဒီအခါမှာ
“ဘယ်လောက်ဆင်းရဲပင်ပန်းတဲ့ငါ့ဘဝလဲ။ ဘယ်လောက်တောင်ကံကောင်းလိုက်တဲ့သူတို့ဘဝတွေလဲ” လို့
တစ်ကိုယ်တည်း ရေရွတ်မိပါတယ်။
ကျွန်တော် ကိုယ်တိုင်ဝါကြီးရဟန်းတော်တစ်ပါးဖြစ်လာတဲ့အခါ
အကောင်းဆုံးသောအစားအသောက်တွေကို စားသောက်ရပါတယ်။ နူးညံ့တဲ့ကူရှင်အခင်းအပေါ်မှာ ထိုင်ပြီး၊
ကိုယ်ကာယပင်ပန်းသောအလုပ်တွေ မလုပ်ရပါဘူး။ သို့သော်လည်း ဝါငယ်ရဟန်းတော်အပေါ် မနာလို ဖြစ်မိပါတယ်။
တရားပွဲတွေကို ဝါငယ်ရဟန်းတွေ မဟောရပါဘူး။ တစ်နေကုန်တစ်နေခန်း လူတွေရဲ့ လူမူဒုက္ခတွေကို
နားထောင်စရာ မလိုအပ်ပါဘူး။ စီမံခန့်ခွဲရေးကိစ္စတွေမှာ အချိန်တွေကို သုံးစရာမလိုပါဘူး။
တာဝန်ခံစရာကိစ္စတွေမရှိသလို၊ အချိန်တွေကို ကိုယ်ပိုင်အဖြစ် သုံးစွဲလို့ရနိုင်ပါတယ်။
အဲဒီအခါမှာ “ဘယ်လောက်ဆင်းရဲပင်ပန်းတဲ့ငါ့ဘဝလဲ။ ဘယ်လောက်တောင်ကံကောင်းလိုက်တဲ့သူတို့ဘဝတွေလဲ”
လို့ တစ်ကိုယ်တည်း ရေရွတ်မိပါတယ်။
အခြေအနေတွေအာလုံးအပေါ်ကို ကျွန်တော်တွေးဆလို့ရပါပြီ။
ဝါနုရဟန်းတော်တွေအတွက် သူ့တို့ကိုယ်ပိုင်ဒုက္ခတွေရှိသလို ဝါကြီးရဟန်းတော်တွေအတွက်လည်း
သူတို့ဒုက္ခတွေနဲ့သူတို့ပါ။ ရဟန်းဘဝဝါတော်ရလာသည်နှင့်အမျှ ဒုက္ခတွေလဲ အမျိုးမျိုးပြောင်းလဲလာတာပါ။
တစ်ကိုယ်ရည်တစ်ကာယသမားတွေက အိမ်ယာထူထောင်သူတွေကို
သုခချမ်းသားတွေခံစားနေရတယ်ထင်ပြီး မနာလိုဖြစ်ကြသလို၊ အိမ်ထောင်သည်တွေကလဲ အိမ်ထောင်ရေးအဆင်မပြေမှုကြောင့်
တစ်ကိုယ်ရည်တစ်ကာယသမားတွေရဲ့လွတ်လပ်မှုကို မနာလိုဖြစ်နေကြသလိုပါပဲ။ တကယ်တော့ လူတိုင်းလူတိုင်း
ကိုယ်ဒုက္ခနှင့်ကိုယ်ဖြစ်နေတာပါ။ အိမ်ယာထူထောင်ခြင်းသည် အိမ်ထောင်ရေးဒုက္ခနှင့် တစ်ကိုယ်ရည်ဒုက္ခကို
လဲလှယ်လိုက်ခြင်းပါ။ အိမ်ထောင်ကို ကွာရှင်းပြတ်စဲခြင်းသည် တစ်ကိုယ်ရည်ဒုက္ခနှင့် အိမ်ထောင်ရေးဒုက္ခကို
ပြန်လဲလှယ်ခြင်းပါ။
ကျွန်တော်တို့ ငွေကြေးဥစ္စာချို့တဲ့ချိန်မှာ
ငွေကြေးချမ်းသာသူတွေကို မလိုဖြစ်တတ်ကြပါတယ်။ သို့သော် ငွေကြေးချမ်းသာသူတွေကလည်း ချို့တဲ့သူတွေပိုင်ဆိုင်တဲ့ရိုးသားသောရင်းနှီးချစ်ခင်ခြင်းနှင့်
အနှောင်အဖွဲ့ကင်းမှုကို မနာလိုဖြစ်နေတတ်ကြပါတယ်။ ငွေကြေးဥစ္စာချမ်းသာခြင်းသည် ဒုက္ခကင်းဝေးခြင်းလို့
ပြောလို့မရပါဘူး။ ဆင်းရဲတဲ့ဒုက္ခတွေကို ချမ်းသာတဲ့ဒုက္ခနဲ့ လဲလှယ်လိုက်ရတာပါ။
တစ်စုံတစ်ခုကို ပိုင်ဆိုင်လိုက်ရင် ပျော်ရွှင်ရမယ်လို့
ထင်မြင်ခြင်းသည် ထင်ယောင်ထင်မှားဖြစ်မှုပါ။ နေရာတစ်နေရာကို ပိုင်ဆိုင်ခြင်းသည် ပျော်ရွှင်ချမ်းမြေ့ခြင်း
မဟုတ်ပါ။ တစ်နေရာမှ ဒုက္ခနှင့် အခြားတစ်နေရမှဒုက္ခကို လဲလှယ်ခြင်းမျှသာဖြစ်ပါတယ်။ ဝါငယ်ရဟန်းဖြစ်ဖြစ်၊
ဝါကြီးရဟန်းဖြစ်ဖြစ် အရေးမကြီးပါ။ တစ်ကိုယ်ရည်တစ်ကာယသမားဖြစ်ဖြစ်၊ အိမ်ထောင်သည်ဖြစ်ဖြစ်
အရေးမကြီးပါ။ ဆင်းရဲချမ်းသာအရေးမကြီးပါ။ ရောက်ရှိသောနေရာနှင့် ပိုင်ဆိုင်သောဘဝလေးကို
ကိုယ်တိုင်ကျေနပ်နေဖို့သာလိုအပ်ပါတယ်။ ထိုကျေနပ်မှု၏ နောက်ဆက်တွဲအဖြစ် ဆင်းရဲဒုက္ခကင်းဝေးခြင်းကို
ပိုင်ဆိုင်ရပေလိမ့်မည်။
ထိုအချိန်တွင် “ကံကောင်းလိုက်တဲ့ငါ၊ ကံဆိုးလိုက်တဲ့သူများတွေ”
လို့ သင်ကြွေးကြော်နိုင်ပါလိမ့်မည်။
( poor
me, lucky them ကို ပြန်ဆိုရေးသားပါသည်။ )
No comments:
Post a Comment