Wednesday, January 8, 2014

မြေကြီးတူးသင်ခန်းစာ


          “ဘဝတွင် ဆောင်ရွက်ရမည့်ကိစ္စရပ်တိုင်းအတွက် အခက်အခဲဆုံးအပိုင်းသည် ထိုကိစ္စကို ဆောင်ရွက်ရန် စဉ်းစားခြင်းပင်ဖြစ်သည်။” .. 
            ထို ဘဝသင်ခန်းစာလေးကို ကျွန်တော် ငယ်ရွယ်စဉ်အချိန် ထိုင်းနိုင်ငံတောင်ပိုင်းတွင် တောမှီရဟန်းဘဝအဖြစ်နေထိုင်ချိန်တွင် ရရှိခဲ့ပါသည်။
          ဆရာတော် Ajahn Chan သည် ဘုန်းကြီးကျောင်းဆောင်အသစ်ကြီးကို တည်ဆောက်နေပြီး၊ ထိုအလုပ်ကို အခြားရဟန်းပေါင်းများစွာမှ ကူညီဆောင်ရွက်ရပါသည်။ ရဟန်းတစ်ပါးသည် Pepsi တစ်လုံး၊ နှစ်လုံးတန် အစားအသောက်ကို စားသောက်၍ တစ်နေကုန်ပင်ပန်းသောအလုပ်တွေကို လုပ်နိုင်သလားလို့ ဆရာတော် Ajahn Chan ကပြောဆိုပြီ ကျွန်တော်တို့ကို စမ်းသပ်လေ့ရှိပါတယ်။ Pepsi နှစ်လုံးရဲ့ တန်ကြေးဆိုတာ မြို့မှအလုပ်သမားကို ပေးရမယ်ငွေကြေးအောက် အဆပေါင်းများစွာ သက်သာပါတယ်။
          ရဟန်းတော်တွေက ဘုန်းကြီးကျောင်းဆောင်အသစ်ကြီးတစ်ဆောင်လုံးကို ဆောက်လုပ်ရမှာပါ။ မြေကြီးတူးစရာ၊ မြေဖို့စရာ အများကြီးလုပ်ဖို့ကျန်နေပါတယ်။ ဆရာတော် Ajahn Chan ရဟန်းတော်တွေအားလုံးကို ခေါ်ပြီး၊ ကျောင်းဆောင်အရှေ့မှ မြေကြီးတွေကို အနောက်ကို ပြောင်းဖို့ရန် ပြောပါတယ်။ သုံးရက်လုံးလုံး မနက်၁၀နာရီမှ မိုးစုပ်စုပ်ချုပ်ချိန်အထိ အားလုံးအလုပ်လုပ်ရပါတယ်။ မြေကြီးကို ဂေါ်ပြားနဲ့ထိုး၊ တွန်းလှည်းပေါ်တင်ပြီး၊ ဆရာတော် စိတ်တိုင်းကျနေရာတိုင်းကို လိုက်ဖို့ပေးရပါတယ်။ အခုလိုအလုပ်ပြီးဆုံးသွားတော့ ကျွန်တော်တို့ ဝမ်းသာပီတိဖြစ်ရပါတယ်။ 

          နောက်ရက်မှာ ဆရာတော် Ajahn Chan အခြားဘုန်းကြီးကျောင်းတစ်ကျောင်းကို သွားရောက်လည်ပတ်ရန်အတွက် ရက်အနည်းငယ်ကြာခရီးထွက်သွားပါတယ်။ ဆရာတော် ခရီးထွက်သွားသောအခါ၊ ဒုတိယကျောင်းထိုင်ဆရာတော်သည် ရဟန်းအားလုံးကို ဆင့်ခေါ်လိုက်ပါတယ်။ ထို့နောက်မြေဖို့သောနေရာမှားနေသည့်အတွက် ပြန်လည်လုပ်ကိုင်ရမည်ဖြစ်ကြောင်း ပြောကြားပါတယ်။ ပူပြင်းတဲ့အပူပိုင်းနေရောင်ခြည်အောက်မှာ သုံးရက်လုံးလုံး ပင်ပင်ပန်းပန်း လုပ်ကိုင်ပြီးပါပြီ။ အခုကြားရတဲ့နောက် ကျွန်တော် တော်တော်စိတ်ပျက်သွားပြီး၊ ပြန်လှန်မေးခွန်းထုတ်တတ်သည့်စိတ်ကို အတင်းချိုးနှိမ်ထားရပါတယ်။    
     
          မြေကြီးပုံကြီးကို ပြန်လည်ပြောင်းရွှေ့အပြီးမှာ ဆရာတော် Ajahn Chan ပြန်ရောက်လာပါတယ်။ ဆရာတော်က ရဟန်းတွေ အားလုံးကို ဆင့်ခေါ်ပြီး ပြောလိုက်ပါတယ်။
“ဘာလို့ဒီနေရာကို မြေကြီးတွေ ရွှေ့ထားတာလဲ။ ငါရွှေ့ခိုင်းတာ အခြားနေရာလေ။ အဲဒီနေရာကို ရွှေ့ကြ။”
          ကျွန်တော် အရမ်း၊ အရမ်းကို ဒေါသထွက်သွားပါတယ်။ 

            “ဒီလိုဝါကြီးတဲ့ရဟန်းတော်တွေက ဘာကို အရင်ဆုံးလုပ်သင့်တယ်ဆိုတာကို မဆုံးဖြတ်နိုင်ကြဘူး။”
“ဗုဒ္ဓဘာသာဆိုတာ စုစည်းညီညွှတ်တဲ့ဘာသာရေးတစ်ခုပါ။ ဒီဘုန်းကြီးကျောင်းရဲ့ စည်းလုံးမှု မရှိပုံကတော့ ဘယ်နေရာမှာ မြေကြီးပုံ ရမယ်ဆိုတာတောင် မသေချာဘူး။ တစ်ယောက်၊ တစ်ပေါက်ပါပဲ။ ဒီဘုန်းကြီးတွေနဲ့ ငါကတော့ မဖြစ်ပါဘူး။”
          သုံးကြိမ်မြောက်အဖြစ် ခက်ခဲပင်ပန်းရှည်ကြာလွန်းတဲ့နေ့ရက်တွေကို ဖြတ်သန်းနေရပါတယ်။ လေးလံတဲ့လက်တွန်းလှည်းကို တွန်းနေစဉ် ကျွန်တော် အင်္ဂလိပ်လိုဆဲပါတယ်။ ထိုင်းဘုန်းကြီးတွေ နားမလည်ပါဘူး။ လူတိုင်း လက်မခံနိုင်လောက်တဲ့ကိစ္စကြီးကို လုပ်နေရတာပါ။ ဘယ်တော့များမှ ပြီးပါ့မလဲလို့ ညှည်းမိပါတယ်။

          ဒေါသပိုထွက်လေလေ၊ လက်တွန်းလှည်း ပိုလေးလေဖြစ်နေပါတယ်။ ကျွန်တော် တစ်ယောက်တည်းဆဲဆိုညှည်းတွားနေသံကို ကြားပြီး၊ ရဟန်းတစ်ပါး အနီးကို ကပ်လာပါတယ်။
“သိပ်စဉ်းစားနေလို့မင်းဒုက္ခရောက်နေတာကွ..” လို့ ကျွန်တော့်ကို ပြောပါတယ်။ 

          အဲဒီရဟန်းပြောတာ အရမ်းကို မှန်ကန်ပါတယ်။ ညှဉ်းတွားပြောဆိုနေတာကို ရပ်လိုက်တဲ့အခါ၊ လက်တွန်းလှည်းတွန်းရတာ ပိုပေါ့သွားသလိုပါပဲ။ အဲဒီအချိန်မှာ မှတ်သားစရာသင်ခန်းစာကို ရလိုက်ပါပြီ။ မြေကြီးသယ်ဖို့စဉ်းစားနေခြင်းဟာ အပင်ပန်းဆုံးအပိုင်းပါ။ တကယ်တမ်း မြေကြီးသယ်ရတာ မပင်ပန်းပါဘူး။
          ဒီလိုဘဝအမြင်သစ်တစ်ခုရအောင် ဆရာတော်ကြီး Ajahn Chan နှင့် ဒုတိယဆရာတော် ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့တော့ ကျွန်တော် ထင်မြင်မိပါတယ်။

( a moving experience ကို ပြန်ဆိုပါသည်။ )

No comments:

Post a Comment