ကျွန်တော် ကောလိပ်မှာခင်မင်တဲ့သူငယ်ချင်းတစ်ဦးရဲ့ သမီးလေးက
မူလတန်းမှာ တက်နေပါတယ်။ တစ်နေ့မှာ ဆရာမက ငါးနှစ်အရွယ်ကလေးတွေကို မေးခွန်းတစ်ခုမေးပါတယ်။
“ကမ္ဘာပေါ်မှာ အကြီးဆုံးအရာကိုပြောပါ။” လို့ ဆရာမက မေးပါတယ်။
“သမီးရဲ့အဖေပါ။” လို့ သမီးလေးတစ်ယောက်က ဖြေပါတယ်။
“ဆင်ပါ၊ ဆရာမ။” လို့ ကောင်လေးတစ်ယောက်က ဖြေပါတယ်။ သူက တိရိစ္ဆာန်ရုံကို
သွားဖူးတာ မကြာသေးပါဘူး။
“တောင် ပါ၊ ဆရာမ။”
လို့ နောက်ထပ်တစ်ယောက်က ဖြေပါတယ်။
ကျွန်တော့် သူငယ်ချင်းရဲ့သမီးလေးကတော့
“သမီးရဲ့မျက်လုံးက ကမ္ဘာပေါ်မှာ အကြီးဆုံးအရာပါ။” လို့ ဖြေပါတယ်။
အတန်းတစ်တန်းလုံး
တိတ်ဆိတ်သွားပါတယ်။ ကလေးငယ်ရဲ့အဖြေကို နားလည်ဖို့ စဉ်းစားနေကြပါတယ်။
ဆရာမလည်း အတန်းသားတွေလို
စိတ်ရှုပ်ထွေးစွာနဲ့ ပြန်မေးပါတယ်။
“သမီးက ဘာကို ဆိုလိုတာလဲ။”
“သမီးမျက်လုံးက
သမီးအဖေကိုလည်း မြင်နိုင်တယ်။ ဖေဖေ့ကိုလည်း မြင်နိုင်တယ်။ တောင်ကြီးကို မြင်နိုင်သလို
အခြားအရာတွေကိုလည်း မြင်နိုင်တယ်။ အဲဒီအရာတွေအားလုံးကို မျက်လုံးထဲမှာ မြင်နိုင်တော့
မျက်လုံးက အကြီးဆုံးအရာပေါ့၊ ဆရာမရယ်။ ” လို့ အတွေးအခေါ်ပညာရှင်လေးက ပြန်ဖြေပါတယ်။
“ပညာရှိခြင်း”
ဆိုသည်မှာ “သင်ယူခြင်း”မှ ဖြစ်ပေါ်လာခြင်း မဟုတ်ပါဘူး။ သင်ကြားခြင်း မရှိဘဲ အရာရာကို
ရှင်းလင်းစွာ နားလည်ခြင်းပါ။
သူငယ်ချင်းရဲ့သမီးလေးကို
အလွန်လေးစားမိပြီး၊ အနည်းငယ် ထပ်မံချဲ့ထွင်ခြင်းကို ကျွန်တော်လုပ်ကြည့်ချင်ပါတယ်။
အကြီးဆုံးအရာကတော့
“မျက်လုံး” မဟုတ်ပါဘူး။
“စိတ်” ဖြစ်ပါတယ်။
မျက်လုံးက မြင်တွေ့နိုင်တဲ့အရာတွေကို
ထပ်တွေ့နိုင်တာက “စိတ်” ပါ။
စိတ်ကူးစိတ်သန်းကြောင့်
ဖြစ်ပေါ်တဲ့အရာအားလုံးကိုလည်း စိတ်ကတဆင့် မြင်နိုင်တာပါ။
မျက်လုံးက မမြင်တွေ့နိုင်သော
အသံတွေကိုလည်း ကြားနိုင်ပါတယ်။ အထိအတွေ့အာရုံတွေကိုလည်း စိတ်ကတဆင့် သိနိုင်ပါတယ်။ အစစ်အမှန်အာရုံတွေကို
သိနိုင်သလို၊ အာရုံမှားတွေကိုလည်း တွေ့မြင်နိုင်ပါတယ်။
အာရုံငါးပါးပြင်ပမှာရှိသောအရာတွေအားလုံးကို
စိတ်က သိမြင်နိုင်ပါတယ်။
သိရှိနိုင်သောအရာအားလုံးကို
ထည့်ထားနိုင်သော “စိတ်” ဟာ ကမ္ဘာပေါ်မှာ အကြီးဆုံးအရာပါ။
“စိတ်” ထဲမှာ
အရာအားလုံးပါဝင်ပါတယ်။
No comments:
Post a Comment