Sunday, July 28, 2013

မျက်ကန်းယုံကြည်မှု



            အသက်အရွယ်ရလာသည်နှင့်အမျှ အမြင်အာရုံတွေ ဝေဝါးလာပါမယ်။ အကြားအာရုံတွေ ချို့တဲ့လာပါတယ်။ ဆံပင်တွေ ကျွတ်လာမယ်။ သွားတွေ ယိုင်နဲ့လာမယ်။ ခြေလှမ်းတွေ ယိမ်းယိုင်လာသလို၊ လက်တွေက တုန်ရီလာပါလိမ့်မယ်။ သို့သော်လည်း အသက်အရွယ်ကြီးလာသလို ပိုပြီးအားကောင်းလာတဲ့ စနစ်တစ်ခုတော့ ရှိပါတယ်။ အဲဒါကတော့ ပိုပြီး စကားတွေ ပြောလာတာပါ။ အဲဒီလို ပိုပြီး အားကောင်းလာလို့ အရည်အချင်းပြည့်မှီတဲ့ ကျွန်တော်တို့နိုင်ငံသားတွေက ဘဝရဲ့နောက်ပိုင်းနှစ်တွေမှာ စကားအများကြီးပြောရတဲ့ နိုင်ငံရေးသမားတွေ လုပ်ကြပါတယ်။
  
            လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းက ဘုရင်ကြီးတစ်ပါးဟာ သူ့ရဲ့ဝန်ကြီးတွေနဲ့ ပတ်သက်ပြီး ဒုက္ခတွေ့နေရပါတယ်။ ဝန်ကြီးတွေက ငြင်းခုံကြရင်း အချိန်တွေကုန်နေပြီး၊ ဆုံးဖြတ်ချက်တစ်ခုမှ မချနိုင်ကြပါဘူး။ ဝန်ကြီးတွေက ရှေးဟောင်းနိုင်ငံရေးအစဉ်အလာအတိုင်း ငါပဲ မှန်တယ်၊ ကျန်တဲ့သူအကုန်မှားတယ် ဆိုပြီး ငါတစ်ကောကောနေကြသူတွေပါ။ စည်းရုံးရေးကောင်းတဲ့ဘုရင်ကြီးက လူထုအတွက် ပွဲတော်တစ်ခု ကျင်းပဖို့ ဆုံးဖြတ်လိုက်တဲ့အခါ၊ အားလုံးလိုက်နာကြပါတယ်။
    ကြီးမားတဲ့ကွင်းပြင်ကြီးမှာပြုလုပ်တဲ့ ပွဲတော်ကြီးကို အထူးတလည် ပြင်ဆင်ထားပါတယ်။ အဆို၊အက၊ ဂီတ၊ ဟာသ၊ ကျွမ်းဘား..စတဲ့ ဖျော်ဖြေရေးတွေလည်း ပါဝင်ပါတယ်။ ပွဲတော်ကြီးရဲ့ရှေ့ဆုံး၊ အကောင်းဆုံးနေရာမှာ ဝန်ကြီးအဖွဲ့က နေရာယူထားပါတယ်။ အဲဒီနောက်မှာတော့လူထုပရိသတ်အားလုံး ရှိနေပါတယ်။ ကွင်းပြင်ကြီးရဲ့အလယ်ကို ဘုရင်ကြီးက သူ့ရဲ့တော်ဝင်ဆင်ကြီးကို စီးပြီးဝင်လာပါတယ်။ ဆင်ကြီးရဲ့နောက်မှာတော့ မျက်မမြင်ပုဏ္ဏား ၇ ယောက်လိုက်လာပါတယ်။      မျက်မမြင်ပုဏ္ဏားတွေကို မွေးရာပါ မျက်စိမမြင်သူတွေလို့ လူထုက သိထားကြပါတယ်။
          ဘုရင်ကြီးက ပထမပုဏ္ဏားရဲ့လက်ကို ဆွဲပြီး၊ ဆင်ကြီးရဲ့ နှာမောင်းကို ကိုင်စေပါတယ်။
   ပြီးတော့ “ ဒါက ဆင်။” လို့ ပြောပါတယ်။
   ဒုတိယပုဏ္ဏားကိုလည်း ဆင်ကြီးရဲ့အစွယ်ကို ကိုင်ထားဖို့ ပေးလိုက်ပြီး၊ အဲဒါက ဆင်လို့ ပြောလိုက်ပါတယ်။
    တတိယပုဏ္ဏားကိုတော့ နားရွက်ကို ကိုင်ခိုင်းထားလိုက်ပါတယ်။
    စတုတ္ထပုဏ္ဏားကို ဦးခေါင်းကို ကိုင်ခိုင်းလိုက်ပါတယ်။
    ပဉ္စမပုဏ္ဏားကို ကိုယ်လုံးကို ကိုင်ခိုင်းထားလိုက်ပါတယ်။
    ဆဌမပုဏ္ဏားကို ခြေထောက်တွေကို ကိုင်ခိုင်းလိုက်ပါတယ်။
    သတ္တမပုဏ္ဏားကိုတော့ အမြီးကို ကိုင်ခိုင်းလိုက်ပါတယ်။
    ပုဏ္ဏားခုနှစ်ယောက်ကို မင်းတို့ကိုင်ထားတဲ့အရာက ဆင်လို့ ပြောထားလိုက်ပါတယ်။
    ဘုရင်ကြီးက ပထမဆုံးပုဏ္ဏားဆီကို သွားပြီး ဆင်ဆိုတာ ဘာနှင့်တူပါသလဲလို့ အသံအကျယ်ကြီးနဲ့ မေးလိုက်ပါတယ်။
    “ငါရဲ့ ခံစားသိမြင်မှုအရဆိုရင်တော့ ဆင်ဆိုတာ တကယ်ကိုကြီးတဲ့ မြွေကြီးပါ။ အဲဒါ လုံးဝကို သေချာပါတယ်။” လို့ နှာမောင်းကို ကိုင်တွယ်ပွတ်သပ်ရင်း ပထမပုဏ္ဏားက ပြန်ဖြေပါတယ်။
     “ဘယ်လောက်တောင် ပေါက်တတ်ကရတွေ ပြောတာလဲကွ။ ဒီလောက်မာကျောနေတဲ့ ဆင်ဆိုတာ မြွေဖြစ်နိုင်ပါ့မလား။ ဖြစ်နိုင်တာကတော့ လယ်သမားရဲ့ထယ်ပဲ ဖြစ်ရမယ်။ ငါ လုံးဝကို မမှားဘူး။” လို့ အစွယ်ကို ကိုင်တွယ်ပွတ်သပ်ရင်း ဒုတိယပုဏ္ဏားက ပြောလိုက်ပါတယ်။
    “ဟာသတွေ သိပ်မပြောနဲ့ဟေ့။ ဆင်ဆိုတာ ထန်းရွက်နဲ့လုပ်ထားတဲ့ယပ်တောင်လိုပဲကွ။” လို့ နားရွက်ကို စမ်းနေတဲ့ တတိယပုဏ္ဏားက ပြန်ပက်ပါတယ်။
    “မင်းတို့ အားလုံးက အရည်အချင်းမရှိတဲ့ အရှုးတွေပဲကွ၊ ဆင်ဆိုတာ ကြီးမားတဲ့ ရေတကောင်းကြီးကွ။” လို့ ဦးခေါင်းကို စမ်းရင်း စတုတ္ထပုဏ္ဏားက ပြောလိုက်တယ်။
   “မဖြစ်နိုင်ဘူး။ လုံးဝကို မဖြစ်နိုင်ဘူး။” လို့ ကိုယ်လုံးပိုင်းကို စမ်းနေတဲ့ ပဉ္စမပုဏ္ဏားက ပြန်အော်ပါတယ်။
   “ဆင်ဆိုတာ ကျောက်တုံးအကြီးကြီးကွ။”
   ဆဌမပုဏ္ဏားကတော့ ခြေထောက်ကို စမ်းသပ်ရင်း အော်လိုက်ပါတယ်။
   “လုံးဝကို အဓိပ္ပါယ်မရှိတာတွေကွာ။ ဆင်ဆိုတာ သစ်ပင်ရဲ့ပင်စည်ပေါ့ကွ။”
    သတ္တမပုဏ္ဏားကတော့ “အားလုံးငတုံးတွေကြီးပဲကွ။ ဆင်ဆိုတာ ဘာနဲ့တူလဲဆိုတာ ငါပြောပြမယ်။ ငါသိတာပေါ့ကွ။ ဆင်ဆိုတာ ယင်မောင်းတဲ့နှင်တံနဲ့ တူတယ်လေကွာ။”
    “အသုံးမကျတဲ့ကောင်တွေ မြွေနဲ့တူတယ်ကွ။”
    “မဖြစ်နိုင်တာကွာ၊ ရေကရားနဲ့ တူတာကွ။”
    “ဆင်က….”
     ပုဏ္ဏားတွေက ဆင်နဲ့ ပတ်သက်ပြီး စိတ်ရှိလက်ရှိကို ငြင်းခုံနေကြတော့တာပါပဲ။ ဒါပေမဲ့ သူတို့ရဲ့ငြင်းခုံသံတွေက လူထုကြီးရဲ့အော်ဟစ်ရယ်မောသံတွေကြားမှာ ပျောက်ကွယ်သွားပါတယ်။ ပုဏ္ဏားတွေက တစ်ဦးနှင့်တစ်ဦး စော်ကားရန်စပြောဆိုကြပါတော့တယ်။ ပြီးတော့ လက်သီးတွေနဲ့ ထိုးကြပါလေရော။
    မျက်မမြင်တွေဖြစ်တာကြောင့် ဘယ်သူက ဘယ်သူ့ကို ထိုးမိသလဲဆိုတာကို မသိနိုင်ပါဘူး။ ဘယ်သူ့ကို ထိသလဲဆိုတာကလဲ ဒေါသနဲ့ရုတ်ရုတ်သဲသဲဖြစ်နေချိန်မှာ အရေးမကြီးတော့ပါဘူး။
    အားလုံးက အမှန်တရားအတွက်၊ ဂုဏ်သိက္ခာအတွက်၊ မိမိရဲ့ရပ်တည်မှုအတွက် တိုက်ခိုက်နေကြတာပါ။ သူတို့ လက်ခံထားတဲ့ အမှန်တရားအတွက် တိုက်ခိုက်နေကြတာပါ။
  ဒဏ်ရာတွေနဲ့ ပွန်းပဲ့နေတဲ့ မျက်မမြင်ပုဏ္ဏားတွေကို ဘုရင်ကြီးရဲ့စစ်သားတွေက ခွဲထုတ်ထားလိုက်ရပါတယ်။
    အဲဒီအချိန်မှာ ကစားကွင်းကြီးထဲက ပရိသတ်ကြီးက နှုတ်ဆိတ်နေတဲ့ ဝန်ကြီးအဖွဲ့ကို ဝိုင်းပြီး ပြောင်လှေင်နေကြပါတယ်။
   ဝန်ကြီးတွေအားလုံးက ရှက်နေတဲ့မျက်နှာတွေနဲ့ပါ။
   လူတွေအားလုံးက ဘုရင်ကြီးပေးချင်တဲ့သင်ခန်းစာကို သဘောပေါက်သွားပါပြီ။
  
         ကျွန်တော်တို့တစ်ဦးစီက အမှန်တရားရဲ့အစိတ်အပိုင်းတစ်ခုစီကိုသာ သိထားကြတာပါ။ ကျွန်တော်တို့ သိထားသောကန့်သတ်မှုရှိတဲ့ အသိပညာကိုသာ ဆွဲကိုင်ထားမယ်ဆိုရင်တော့ ကျွန်တော်တို့တွေဟာ မျက်မမြင်ပုဏ္ဏားတွေလိုဖြစ်မှာပါပဲ။ ကိုယ်ကိုင်တွယ်မိတဲ့အစိတ်အပိုင်းအရ တဝက်တပျက်အတွေ့အကြုံနဲ့ ကောက်ချက်ချမိတဲ့ မျက်မမြင်ပုဏ္ဏားတွေလို ဖြစ်မှာပါ။ ပုဏ္ဏားအားလုံးရဲ့ ကောက်ချက်ချမှုဟာ မှားယွင်းပါတယ်။
         မျက်ကန်းယုံကြည်ခြင်းကို ကိုင်စွဲမည့်အစား၊ ဆွေးနွေးအဖြေရှာခြင်းကို လုပ်သင့်ပါတယ်။ တစ်ဦးနှင့်တစ်ဦး ဆန့်ကျင်ပြောဆိုနေမည့်အစား၊ ဝိုင်းဝန်းအဖြေရှာလိုက်လျှင် ရလာနိုင်မည့် ကောက်ချက်ကို စဉ်းစားကြည့်လိုက်ရအောင်။
          "ဆင်ဆိုတာ ခိုင်ခံတဲ့ပင်စည်ဒေါက်တိုင်လေးခုအပေါ်မှာ တည်ရှိတဲ့ကြီးမားသော ကျောက်တုံးကြီး။ ကျောက်တုံးကြီးရဲ့အနောက်ဖက်မှာ ယင်မောင်းတဲ့အတံလေးတပ်ထားတယ်။ အရှေ့ဖက်မှာ ရေတကောင်းကြီးကွ။” 
       “ရေတကောင်းကြီးရဲ့ဘေးဖက်မှာ ထန်းရွက်လို ယပ်တောင်နှစ်ခု၊ အောက်ဖက်ပိုင်းမှာ ထယ်နှစ်ချောင်း၊ အလယ်ပိုင်းမှာတော့ မြွေအရှည်ကြီးပေါ့ကွ။”
   အဲဒီလိုကောက်ချက်ချလိုက်ခဲ့ရင်တော့ တစ်ခါမှ ဆင်ကို မမြင်ဘူးတဲ့လူတွေကို ရှင်းပြရာမှာ သိပ်မဆိုးလှတော့ပါဘူး။
(ဆရာတော် “Ajahn Brahm” ရဲ့ “blind faith” ကို ပြန်ဆိုရေးသားခြင်းဖြစ်ပါသည်။ )

No comments:

Post a Comment