ကျွန်ုပ်နှင့် သီတင်းသုံးဖေါ်ရဟန်းတစ်ပါးသည် ပတ်(သ်)မြို့နှင့်ကပ်လျှက်ရှိသော
လုံခြုံရေးအဆင့်မြင့်ထောင်သစ်ကြီးတွင် ထောင်သားများကို သီတင်းပတ်အချို့ကြာအောင် တရားပြပါတယ်။
ထောင်သားအချို့တက်ရောက်ကြပြီး၊ ရဟန်းကိုလည်း လေးစားသမှုပြုကြပါတယ်။ သင်တန်းချိန်တစ်ခုအပြီးမှာတော့
ထောင်သားတွေက ရဟန်းတော်ရဲ့ တစ်နေ့တာ လုပ်ငန်းစဉ်တွေကို မေးမြန်းပါတယ်။
ရဟန်းတော်က
ဒီလို ဖြေကြားပါတယ်။
“ဦးဇင်းတို့
မနက်တိုင်း လေးနာရီမှာ အိပ်ယာထကြရပါတယ်။ ”
“ဦးဇင်းတို့နေထိုင်သောအခန်းငယ်လေးတွေမှာ
အပူပေးစက် မတပ်ထားပါဘူး။ အဲဒါကြောင့် အရမ်းအေးပါတယ်။”
“တစ်နေ့မှာ
တစ်ကြိမ်သာ စားသောက်ပါတယ်။ ထမင်း၊ ဟင်းတွေ အားလုံးကို သပိတ်ထဲကို ထည့်ပြီး၊ နယ်ဖတ်စားရတာပါ။
နေ့လည်စာ၊ ညစာစားခွင့် မရှိပါဘူး။”
“လိင်ဆက်ဆံခြင်း၊
အရက်သေစာသောက်စားခြင်း မရှိပါဘူး။ တယ်လီဗေးရှင်း မကြည့်ပါဘူး။ ရေဒီယိုနှင့် တေးဂီတကိုနားဆင်ခြင်း
မရှိပါဘူး။”
“ရုပ်ရှင်ကို
ဘယ်တော့မှ မကြည့်ရသလို၊ အားကစားတွေလည်း လေ့ကျင့်ခြင်းမရှိပါဘူး။”
“စကားကို
နည်းနည်းပြောဆိုပြီး၊ အလုပ်ကို များများလုပ်ကြရပါတယ်။ ကိုယ်ပိုင်အားလပ်ချိန်တွေမှာ
တပုလ္လင်ခွေပြီး တရားထိုင်ကြရပါတယ်။ အိပ်တဲ့အခါ ကြမ်းပြင်ပေါ်မှာ အိပ်စက်ရပါတယ်။ ”
ခက်ခဲကြမ်းတမ်းပြီး၊
ချိုးခြံချွေတာစွာနေထိုင်ရတဲ့ ရဟန်းတော်များ၏နေ့စဉ်ဘဝကို ကြားလိုက်ရတဲ့ ထောင်သားတွေ
အံ့သြသွားပါတယ်။ လုံခြုံရေးတင်းကျပ်တဲ့ သူတို့ထောင်ကြီးက ရဟန်းတော်တွေ နေထိုင်ရတာနှင့်
နှိုင်းယှဉ်လိုက်ရင် ကြယ်ငါးပွင့်ဟော်တယ်ကြီးတစ်ခုလို ဖြစ်နေပါတယ်။ ထောင်သားတစ်ယောက်ကမိတ်ဆွေရဟန်းတော်ရဲ့ခက်ခဲကြမ်းတမ်းတဲ့ဘဝကို
စာနာသနားလွန်းလို့ သူရောက်နေတဲ့နေရာကို မေ့သွားပြီး၊ အခုလို ပြောလိုက်ပါတယ်။
“မင်းရဲ့ ဘုန်းကြီးကျောင်းမှာ
နေထိုင်ရတာ တကယ်ကို ဆိုးရွားလွန်းပါတယ်ကွာ။ ဒီမှာလာပြီး၊ ငါတို့နှင့်အတူ ဘာလို့မနေနိုင်ရမှာလဲကွာ။”
အဲဒီစကားကိုကြားတော့
အခန်းထဲက အကျဉ်းသားတွေက တသောသော ရယ်မောကြပါတယ်။ အဲဒါကိုကြားလိုက်ရတော့ ကျွန်တော်လည်း
ရယ်လိုက်မိပါတယ်။ ထို့နောက်မှာ ကျွန်တော် အဲဒီကိစ္စကို လေးလေးနက်နက် စဉ်းစားကြည့်ပါတယ်။
ရာဇဝတ်မှုကြီးတွေ
ကျူးလွန်တဲ့လူတွေနေသော လုံခြုံရေးအတင်းကျပ်ဆုံးအကျဉ်းထောင်ကြီးမှာ နေထိုင်ရတာထက်ပိုပြီး
ကျွန်တော့်ဘုန်းကြီးကျောင်းမှာ ချိုးခြံချွေတာရပါတယ်။ သို့သော်လည်း ကျွန်တော့်ဘုန်းကြီးကျောင်းမှာ
နေထိုင်သူတွေက ဆန္ဒအလျှောက်လာရောက်နေထိုင်ကြတာပါ။ နေထိုင်ရတာကိုလည်း ပျော်ရွှင်ကြပါတယ်။
ကောင်းမွန်စွာနေထိုင်ရတဲ့အကျဉ်းထောင်ကြီးမှာတော့ ထောင်သားတွေက မနေချင်ကြပါဘူး။ အပြင်ကိုလွတ်လိုပါတယ်။
မပျော်ရွှင်ကြပါဘူး။ ဘာဖြစ်လို့ ဒီလိုဖြစ်ရတာပါလဲ။
ကျွန်တော့်ဘုန်းကြီးကျောင်းမှာ
နေထိုင်ကြသူတွေက မိမိတို့နေရာမှာ နေလိုကြပြီး၊ ထောင်သားတွေကတော့ မိမိတို့နေရာမှာ မနေလိုကြခြင်း
ဖြစ်ပါတယ်။ အဲဒီကွာခြားချက်ရှိပါတယ်။
ဘယ်လောက်ပင်ကောင်းမွန်သည့်နေရာဖြစ်ပါစေ၊
မနေထိုင်လိုလျှင်၊ ထောင်မှာနေရသလိုပါ။ အဲဒီအချက်က “အကျဉ်းထောင်” ဆိုသည့်စကားလုံးရဲ့
တကယ့်အဓိပ္ပါယ်မှန်ပါ။ မနေလိုတဲ့နေရာမှာနေထိုင်ရခြင်းသည် အကျဉ်းထောင်ထဲတွင်နေထိုင်ရခြင်းနှင့်
အတူတူပင်ဖြစ်ပါတယ်။ နေထိုင်မကောင်းဖြစ်ပြီး၊ နာကျင်နေသောကိုယ်ခန္ဓာသည်လည်း အကျဉ်းထောင်တစ်ခုပါပဲ။
သင် မနှစ်သက်သည့် မည်သည့်အခြေအနေတွင်မဆို နေထိုင်ရခြင်းသည် အကျဉ်းထောင်တွင် ကျနေခြင်းပင်ဖြစ်သည်။
ဒီလိုဆိုရင် ဘဝအကျဉ်းထောင်မှ လွတ်မြောက်အောင် ဘယ်လိုလုပ်ရပါ့မလဲ။
အလွန်လွယ်ကူပါတယ်။
ရောက်ရှိနေသောအခြေအနေအပေါ်
ရှုမြင်သုံးသပ်ချက်ကို ပြောင်းလဲကြည့်လိုက်ပါ။ “ဒီနေရာမှာ နေချင်တယ်” ဆိုသည့် အမြင်ကို
ပြောင်းလိုက်ပါ။ အကျဉ်းထောင်မှာနေထိုင်ခြင်း၊ ဒါမှမဟုတ် ကျွန်ုပ်ဘုန်းကြီးကျောင်းမှာ
နေထိုင်ခြင်းတို့ကို ကြိုက်နှစ်သက်သည်ဟု ပြောင်းလဲနိုင်ခဲ့ပါလျှင်၊ အမှန်တကယ်အကျဉ်းထောင်ထဲတွင်
နေထိုင်ရသော်လည်း စိတ်အကျဉ်းကျနေတော့မည် မဟုတ်ပါ။ သင့်ရဲ့အလုပ်အကိုင်၊ သင်နှင့် အခြားသူတို့၏လူမှုဆက်ဆံရေး၊
နေထိုင်မကောင်းဖြစ်နေသောကိုယ်ခန္ဓာ…စသည်တို့ကို ဆန့်ကျင်နေမည့်အစား အရှိအတိုင်း လက်ခံလိုက်ပါ။
ထိုအခါမှာ ကျရောက်နေသောသောက၊ ဒုက္ခတို့၏ ပိတ်ဆို့ထားခြင်းမှ လွတ်မြောက်လာပါလိမ့်မယ်။
အကျဉ်းထောင်မှာ နေထိုင်ရတယ်လို့ ခံစားမိတော့မည် မဟုတ်ပါ။ ရောက်ရှိနေသောအခြေအနေကို ကျေနပ်ခဲ့ပါလျှင်၊
သင် တကယ်လွတ်မြောက်သွားပါပြီ။
“လွတ်လပ်ခြင်း”
ဆိုသည်မှာ သင်ရောက်ရှိသောနေရာအပေါ် လက်ခံကျေနပ်ခြင်းပါ။ အကျဉ်းထောင်ဆိုတာကတော့ မနေလိုသောအခြားနေရာတစ်ခုကို
ဆိုလိုခြင်းပါ။ ကျေနပ်ရောင့်ရဲမှုရှိတဲ့လူအတွက် ကမ္ဘာကြီးက လွတ်လပ်မှုအပြည့်ရှိပါတယ်။ သူ့အတွက် လွတ်လပ်သောကမ္ဘာကြီးမှာ နေထိုင်ရခြင်း ဖြစ်ပါတယ်။
အလိုဆန္ဒများကို မညှိတွယ်ခြင်း၊ ကင်းလွတ်ခြင်းသည်သာ အမှန်တကယ်လွတ်မြောက်မှုဖြစ်ပါတယ်။
( ဆရာတော်
“Ajahn Brahm” ၏ “free world”
ကို ဘာသာပြန်ဆိုခြင်း ဖြစ်ပါတယ်။ )
No comments:
Post a Comment