ကျွန်ုပ် ကျင့်ကြံသောလမ်းစဉ်အရ ဗုဒ္ဓဘာသာရဟန်းများသည် ငွေကြေးကို
လက်ခံခြင်း၊ ပိုင်ဆိုင်ခြင်း၊ ကိုင်တွယ်ခြင်း မပြုရပါဘူး။ ငွေကြေးပိုင်ဆိုင်မှုအတွက်
အစိုးရအခွန်ကောက်မယ်ဆိုရင်တော့ ခေါင်းကိုက်စရာပါ။
ဒကာများထံမှ
ထောက်ပံ့လှူဒါန်းသော ရိုးရှင်းသောဝတ္ထုပစ္စည်းများနှင့် နေထိုင်ရခြင်း ဖြစ်ပါတယ်။ တခါတရံမှာတော့
ထူးထူးခြားခြားလှူဒါန်းမှုလေးတွေကို လက်ခံရရှိတတ်ပါတယ်။
ထိုင်းလူမျိုးဒကာတစ်ယောက်ရဲ့
လူမှုရေးပြဿနာလေးတွေကို ကူညီခဲ့ဖူးပါတယ်။ တုံ့ပြန်ကျေးဇူးဆပ်သည့်အနေနှင့် ဒကာမှ ကျွန်ုပ်ကို
ဒီလိုကမ်းလှမ်းမှုလေးလုပ်ပါတယ်။
“ဆရာတော်၊ တပည့်တော်
ဆရာတော် ကိုယ်ပိုင်အသုံးပြုရန်အတွက် လိုအပ်သောပစ္စည်း ပစ္စယလေးတွေကို လှူဒါန်းလိုပါတယ်။
ဆရာတော်အတွက် တပည့်တော် ဘတ်၅၀၀ ဖိုး ဝယ်ယူလှူဒါန်းပါမယ်။” လို့ ပြောလာပါတယ်။
ငွေဘယ်လောက်အသုံးပြုပြီး၊
ဝယ်ယူလှူဒါန်းမယ်ဆိုတာက နားလည်မှုမလွဲမှားရအောင် ပြောလေ့ပြောထရှိကြတာပါ။ အခုချက်ချင်းပြောရမယ်ဆိုရင်တော့
ကျွန်ုပ် ဘာတွေလိုအပ်နေတယ်ဆိုတာ ပြောလို့မရပါဘူး။ ဒယကာကလည်း ကျွန်ုပ်ရဲ့အဖြေကို ချက်ချင်း
သိချင်နေပါတယ်။ အဲဒါကြောင့် နောက်နေ့ ဒကာကျောင်းကို ပြန်ရောက်လာချိန်မှာ ပြောပါမယ်လို့
ကျွန်ုပ်က ပြောလိုက်ပါတယ်။
ဒီအချိန်မတိုင်မှီကဆိုရင်
ကျွန်ုပ်က စိတ်ချမ်းသာပျော်ရွှင်နေတဲ့ရဟန်းတစ်ပါးပါ။ အခုအချိန်ကစတင်လို့ ကျွန်ုပ် ဘာလိုပစ္စည်းတွေ
လိုချင်တယ်ဆိုတာကို တွေးတောရပါတော့တယ်။ စာရင်းတစ်ခုကို ပြုစုပါတယ်။ စာရင်းက ရှည်လာပြီး
ဘတ်၅၀၀ နဲ့ မလောက်တော့ပါဘူး။ စာရင်းထဲက တစ်ခုခုကို ဖျက်ပြစ်လိုက်ဖို့ တော်တော်စဉ်းစားရပါတယ်။
လိုအပ်တဲ့ပစ္စည်းတွေက ဘယ်ကဘယ်လို ပေါ်လာမှန်းမသိပါဘူး။ လိုအပ်တဲ့ပစ္စည်းတွေမှ မရှိမဖြစ်အရာတွေ
အဖြစ်ပြောင်းလဲသွားပါတယ်။ ပစ္စည်းစာရင်းက ပိုရှည်လာပြီး ဘတ်၅၀၀၀ နဲ့ ဝယ်ရင်တောင် လုံလောက်မှုမရှိတော့ပါဘူး။
အခု ဘယ်လိုဖြစ်နေတယ်ဆိုတာကို
သတိထားမိပြီး၊ ပြုစုနေတဲ့စာရင်းစာရွက်ကို ကျွန်ုပ် လွင့်ပစ်လိုက်ပါတယ်။ နောက်နေ့မှာ
ဒယကာ ကျောင်းကို ရောက်လာတဲ့အခါ၊ ဘတ်၅၀၀ ကို ဘုန်းကြီးကျောင်းဆောက်ရန်အတွက် လှူဒါန်းဖို့
၊ ဒါမှမဟုတ် အခြားကောင်းကျိုးပြုတဲ့နေရာတစ်နေရာမှာ လှူဒါန်းဖို့ ကျွန်တော် ပြောလိုက်ပါတော့တယ်။
ဘတ်၅၀၀ ကို မလိုချင်တော့ပါဘူး။ ကျွန်ုပ်အမှန်တကယ် လိုချင်မိတဲ့တာက အရင်နေ့တွေတုန်းကရှိခဲ့တဲ့
တင်းတိမ်ရောင့်ရဲစွာ ကျေနပ်ပျော်ရွှင်မှုပါ။ လိုအပ်ချက်တွေကို ဝယ်ယူဖြည့်ဆည်းဖို့ ပိုက်ဆံမရှိတဲ့အချိန်၊
ဖြည့်ဆည်းဖို့နည်းလမ်း မရှိသောအချိန်တွေမှာ ကျွန်ုပ်ရဲ့ စိတ်ဆန္ဒတွေ အားလုံးပြည့်စုံနေခဲ့ပါတယ်။
အလိုဆန္ဒတွေကို
ဖြည့်ဆည်းဖို့ အဆုံးသတ်မရှိပါဘူး။ ဘတ်သန်း၁၀၀၀၊ ဒါမှမဟုတ် ဒေါ်လာသန်းတစ်ထောင်ရှိမယ်ဆိုခဲ့ရင်တောင်
အလိုဆန္ဒတွေက ပြည့်စုံမယ် မဟုတ်ပါဘူး။ သို့သော်လည်း အလိုဆန္ဒတွေကို အဆုံးသတ်ဖို့နည်းလမ်းရှိပါတယ်။
ဘယ်အရာကိုမှ လိုချင်တောင့်တခြင်း မရှိတော့ဘူးဆိုရင်တော့ အလိုဆန္ဒတွေ ပြည့်စုံသွားခြင်း
ဖြစ်ပါတယ်။ တင်းတိမ်ရောင့်ရဲခြင်းကတော့ လိုအပ်မှုများစွာကို ပြည့်စုံစေသော တစ်ခုသောအရာပင်ဖြစ်ပါတယ်။
( ဆရာတော် “Ajahn Brahm” ၏ “when all my wishes were
fulfilled” ကို ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါသည်။ )
No comments:
Post a Comment