Sunday, July 28, 2013

“အသာယာဆုံးတေးတံ”



       အဖိုးကြီးတစ်ယောက်ဟာ ဘဝမှာ ပထမဆုံးအကြိမ်အဖြစ် မြို့ကြီးသို့ ရောက်ရှိလာပါတယ်။ အဖိုးကြီးသည် ဝေးလံခေါင်ပါးသောဒေသမှာ ကြီးပြင်းခဲ့ပြီး၊ ပင်ပန်းစွာ ရုန်းကန်လှုပ်ရှားခဲ့ရပါတယ်။ အခုအချိန်မှာတော့ သူ့ကလေးတွေရဲ့အိမ်တွေရှိတဲ့ မြို့ကြီးပြကြီးကို ပထမဆုံးအကြိမ် ရောက်ရှိဖူးတာဖြစ်ပါတယ်။
      တစ်နေ့မှာတော့ မြို့မှာ လည်ပတ်ကြည့်ရှုရင်း အသံတစ်သံကို ကြားလိုက်ရပါတယ်။ တိတ်ဆိတ်တဲ့ တောင်ပေါ်တောရွာလေးမှာ တစ်ခါမှ မကြားဖူးခဲ့တဲ့ ဆိုးရွားလွန်းတဲ့အသံတစ်သံပါ။ ဒါကြောင့် ဘယ်နေရာက ဒီလို အသံထွက်နေတယ်ဆိုတာကို သိချင်လို့ စူးစမ်းမိပါတယ်။ အသံထွက်လာတဲ့အနောက်ကို လိုက်ရှာရင်း အိမ်တစ်အိမ်ရဲ့အနောက်ဖက်က အခန်းတစ်ခန်းဆီကို ရောက်သွားပါတယ်။ အခန်းထဲမှာ ကလေးငယ်တစ်ယောက်က တယောထိုးလေ့ကျင့်နေတာပါ။

      မမှန်ကန်တဲ့တေးသွားတွေကနေ ဆိုးရွားတဲ့အသံတွေ ထွက်နေပါတယ်။

      “ကျွီ၊ ကျိ…ကျိ…”

      အဖိုးကြီးက သူ့အိမ်ပြန်ရောက်တဲ့အခါမှာ သူ့သားက ထိုတူရိယာကို “တယော” လို့ ခေါ်ကြောင်း ရှင်းပြပါတယ်။ သေချာတာကတော့ အဖိုးကြီးက ဒီလောက်ဆိုးရွားတဲ့အသံကို မကြားလိုတော့ပါဘူး။

      နောက်တစ်နေ့မှာတော့ မြို့ရဲ့အခြားတစ်နေရာကို သွားရောက် လည်ပတ်ပါတယ်။     အဲဒီတနေရာမှာတော့ အသံတစ်သံကို ကြားပါတယ်။ သူ့ရဲ့အကြားအာရုံသိပ်မကောင်းတော့တဲ့ နားတွေကို ချော့မြူပွတ်သပ်နေသလို အသံက လုပ်နေပါတယ်။ ဒီလိုသာယာပြီး၊ ချော့မြူနေတဲ့အသံကို ကျေးလက်မှာ  တစ်ကြိမ်မှ မကြားခဲ့ဘူးပါဘူး။ ဒါကြောင့် သူ အသံထွက်ပေါ်ရာကို လိုက်ရှာမိတော့တယ်။ အသံထွက်ပေါ်လာရာကို နောက်ကိုလိုက်ရှာရင်း အိမ်တစ်အိမ်ရဲ့အိမ်ရှေ့ခန်းကို ရောက်သွားပါတယ်။ အိမ်ရှေ့ခန်းမှာ အဖွါးကြီးတစ်ယောက်က တယောနှင့် ဆိုနာတာတေးသီချင်းတစ်ပိုဒ်ကို ကျွမ်းကျင်စွာ တီးခတ်နေတာပါ။

     
 ဘာသာတရားကို ကောင်းမွန်စွာနားလည်တဲ့ သူတော်စင်တစ်ဦးနဲ့ တွေ့ကြုံခဲ့ရင် ခဏတာအတွေ့အကြုံဖြစ်သော်လည်း၊ နှစ်ပေါင်းများစွာ စွဲလမ်းပြီး ဖြစ်နေနိုင်ပါတယ်။

     … ဒီအတွေ့အကြုံတွေက အဖိုးကြီးအတွက် နောက်ဆုံးအတွေ့အကြုံ မဟုတ်ရပါဘူး။

      တတိယနေ့မှာတော့ အဖိုးကြီးက မြို့ရဲ့အခြားနောက်တစ်နေရာကို ထပ်သွားပါတယ်။ အဲဒီမှာ အသံတစ်သံကို ထပ်ကြားရပါတယ်။ အဲဒီမှာကြားရတဲ့အသံက အဖွါးကြီးရဲ့ကောင်းမွန်တဲ့တေးသွားကို ကြားရတာထက် အများကြီးသာယာပါတယ်။ အလွန်လှပပြီး၊ သန့်စင်တဲ့တေးသွားတစ်ခုပါ။ အဲဒီတေးသံက ဘယ်လိုများဖြစ်လိမ့်မလဲ စဉ်းစားကြည့်ပါတော့။
     နွေဦးပေါက်မှာ ကြားရတဲ့တောင်ကျချောင်းရဲ့အသံ၊ ဆောင်းဦးပေါက်မှာ တောကိုဖြတ်သန်းတိုက်ခတ်လာတဲ့ လေပြေညှင်းရဲ့ချော့မြူသံ၊ မိုးအကြီးအကျယ်ရွာပြီး တိတ်သွားတဲ့အခါ အပြင်ထွက်လာတဲ့ တောငှက်ကလေးတွေရဲ့တေးဆိုသံ…စတဲ့ အသံတွေထက် အများကြီး သာယာနေပါတယ်။

      ဆောင်းရာသီမှာ တိတ်ဆိတ်နေတဲ့လှိုဏ်ဂူထဲက ငြိမ်သက်၊ ဆိတ်သှဉ်းနေတဲ့အသံထက်လည်း ပိုမိုသာယာပါတယ်။ အရင်ကကြားခဲ့ဖူးတဲ့အသံတွေအားလုံးထက် အခုကြားရတဲ့အသံက အဖိုးကြီးရဲ့ နှလုံးအိမ်ကို ပိုပြီး အေးချမ်းစေပါတယ်။ အဲဒီအသံဟာ ဘယ်ကထွက်ပေါ်လာတဲ့အသံများ ဖြစ်လိမ့်မလဲ။

       ကြီးမားတဲ့သံစုံတီးဝိုင်းကြီးမှ ဆင်ဖိုနီတေးသွားကို ဝိုင်းဝန်းတီးခတ်နေရာမှ ထွက်ပေါ်လာတဲ့အသံပါ။
       အဖိုးကြီးအတွက် ပထမဆုံး အလှပဆုံးတေးသံဆိုတာ တူရိယာတစ်ခုကို ကျွမ်းကျင်စွာ တီးခတ်နိုင်တဲ့အခါမှာ ကြားရတဲ့အသံပါ။ ဒုတိယ အလှအပဆုံးတေးသံဆိုတာကတော့ ကျွမ်းကျင်စွာတီးခတ်နိုင်သူတွေ စုပေါင်းညီညာတီးခတ်လိုက်ရာမှ ထွက်ပေါ်လာသောတေးသံ ဖြစ်တယ်လို့ အဖိုးကြီး သဘောပေါက်လိုက်ပါတယ်။

      “အဲဒီသဘောတရားဟာ ကိုးကွယ်ရာဘာသာတရားတွေနှင့် ပတ်သက်ပြီး၊ ယူဆခဲ့ရင်လည်း မှန်ကန်ပါတယ်။” လို့ အဖိုးကြီးတွေးလိုက်ပါတယ်။

    “ငါတို့တစ်ဦးချင်းစီရဲ့ ဘဝအတွေ့အကြုံတွေမှတဆင့် ကိုးကွယ်ယုံကြည်မှုရဲ့ နူးညံ့တဲ့နှလုံးသားကို လက်ခံပြီး သင်ကြားသင့်ပါတယ်။”

    “မိမိကိုးကွယ်ရာ ဘာသာတရားတစ်ခုအတွင်းမှာ လုံးဝကျွမ်းကျင်အောင် လေ့လာသင့်ပါတယ်။ ”

    “မိမိကိုးကွယ်ရာဘာသာကို ကျွမ်းကျင်စွာလေ့ကျင့်ပြီးခဲ့မယ်ဆိုရင်၊ သံစုံတီးဝိုင်းကြီးမှာ အားလုံးညီညွှတ်စွာဝိုင်းဝန်းတီးမှုတ်ကြဖို့ ကြိုးစားသလို၊ အခြားဘာသာကိုးကွယ်ယုံကြည်သူတွေနဲ့ ဘယ်လို့အတူတကွ လိုက်လျောညီထွေဖြစ်အောင် နေထိုင်မလဲ ဆိုတာကို လေ့ကျင့်သင့်ပါတယ်။”

    အဲဒီအခါမှာ ထွက်ပေါ်လာတာကတော့ ဘဝအတွက်အသာယာဆုံးတေးသွား ဖြစ်ပါလိမ့်မယ်။

(ဆရာတော်  “Ajahn Brahm” ၏  “the most beautiful sound” ဘာသာပြန်ဆိုခြင်း ဖြစ်ပါတယ်။)

No comments:

Post a Comment