Friday, April 12, 2013

အပြုံးတစ်ခု ဖန်တီးခြင်း

         ချီးမွှမ်းပြောဆိုခြင်းကြောင့် ငွေကြေးအပိုမကုန်ပါ။ သို့သော် ချီးမွှမ်းပြောဆိုခြင်းကြောင့် ကျွန်တော်တို့၏ ဆက်ဆံရေးကို ပိုမိုခိုင်မြဲစေပြီး၊ ပျော်ရွှင်စေပါသည်။ ချီးမွှမ်းပြောဆိုခြင်းကို ကျွန်တော်တို့ ပတ်ဝန်းကျင်တွင် ပိုမိုပျံ့နှံ့စေရန် လိုအပ်ပါသည်။
         ချီးမွှမ်းပြောဆိုဖို့အခက်ခဲဆုံးလူသားကတော့ မိမိကိုယ်တိုင်ပါပဲ။ ကိုယ့်ကိုကိုယ် ချီးမွှမ်းပြောဆိုနေပြီဆိုရင် ဒီလူကတော့ ဘဝင်မြင့်နေပြီလို့ ကျွန်တော်တို့ ထင်ကြပါတယ်။ တကယ်တော့ အဲဒီလို မဟုတ်ပါဘူး။ ကိုယ့်ကိုကိုယ် ချီးမွှမ်းသူတွေဟာ အကြင်နာတရားရှိသူတွေပါ။ ကျွန်တော်တို့ရဲ့ ကောင်းမွန်တဲ့အရည်အသွေးတွေကို ချီးမွှမ်းခြင်းသည် အပြုသဘောနဲ့ အရည်အသွေးကောင်းတွေကို အားပေးချီးမြှောက်လိုက်ခြင်းပါ။
ကျွန်တော်ကျောင်းသားဘဝတုန်းက ပထမဆုံးတရားပြဆရာက လက်တွေ့ကျတဲ့သင်ခန်းစာတစ်ခုကို သင်ပေးပါတယ်။ မနက်ပိုင်းအိပ်ယာထပြီး၊ ပထမဆုံး ဘာလုပ်သလဲဆိုတဲ့ မေးခွန်းကို ဆရာက ကျွန်တော့်ကို မေးပါတယ်။
     “ကျွန်တော် ရေချိုးခန်းကို သွားပါတယ်” လို့ ပြန်ဖြေလိုက်ပါတယ်။
    “မင်းရဲ့ ရေချိုးခန်းမှာ မှန်မရှိဘူးလား။” လို့ ကျွန်တော့်ကို ထပ်မေးပါတယ်။
    “ဟုတ်ကဲ့၊ ရှိပါတယ်။”
   “ကောင်းတယ်။” လို့ ဆရာက ပြောပါတယ်။
   “အခုအချိန်ကစပြီး မနက်တိုင်း၊ အိပ်ယာထပြီး သွားမတိုက်မှီ၊ မှန်ကို ကြည့်ပါ။ ပြီးတော့ မှန်ထဲမှာ မင်းကို မင်း ပြုံးပြလိုက်ပါ။”
  “ဆရာရယ်!” လို့ ကျွန်တော်က ပြန်ပြီးပြောဆိုပါတယ်။ “ကျွန်တော်က ကျောင်းသားပါ။ တခါတလေ ညအိပ်ယာဝင်တာ နောက်ကျပါတယ်။ အဲဒီအခါ မနက်အိပ်ယာထချိန်မှာ သုန်သုန်မုန်မုန်ဖြစ်နေတတ်တယ်။ တခါတလေ ပြုံးဖို့နေနေသာသာ၊ ကျွန်တော့်မျက်နှာကို မှန်ထဲမှာ မကြည့်ရဲလောက်အောင်ပါပဲ၊ ဆရာ။ ”
ဆရာက ရယ်လိုက်ပါတယ်။ ကျွန်တော့် မျက်လုံးကို စူးစိုက်ကြည့်ပြီး ဒီလိုဆက်ပြောပါတယ်။
      “မင်းက သဘာဝအပြုံးတစ်ခုကို မလုပ်နိုင်ဘူးဆိုရင်တော့ လက်ညိုးနှစ်ချောင်းကို ပါးစပ်ထဲထည့်လိုက်ပါ။ ပြီးတော့ ဟောဒီလို လက်ညိုးနဲ့ ပါးစပ်အစွန်းနှစ်ဘက်ကို ဆွဲဖြဲလိုက်စမ်းပါ။ ဟောဒီလိုပေါ့ကွာ။”
ဆရာကိုယ်တိုင် အဲဒီလိုလုပ်ပြီး ကျွန်တော့်ကို ပြပါတယ်။ ဆရာ့ပုံစံက ရယ်စရာကောင်းနေတော့ ကျွန်တော် ရယ်လိုက်မိပါတယ်။ ဆရာက မနက်တိုင်း ကျွန်တော့်ကို အဲဒီလို ပါးစပ်ကို လက်ညိုးနှစ်ချောင်းနဲ့ ဆွဲဖြဲကြည့်ဖို့ခိုင်းပါတယ်။
      နောက်တစ်နေ့ မနက်မှ အိပ်ယာထဲက ကျွန်တော် အားတင်းပြီး ထပါတယ်။ ပြီးတော့ ဒယီးဒယိုင်နဲ့ ရေချိုးခန်းဆီကို သွားပါတယ်။ ပြီးတော့ မှန်ထဲမှာ ကိုယ့်ကိုကိုယ်ကြည့်လိုက်တယ်။
“အား !!”
   မျက်နှာက လုံးဝ မလှမပပါ။ သဘာဝအပြုံးကို ဘယ်လိုမှ လုပ်လို့ မရပါဘူး။ ဒါကြောင့် လက်ညိုးနှစ်ချောင်းကို ပါးစပ်ထဲ ထည့်ပြီး ဘေးကိုဆွဲဖြဲလိုက်တယ်။ မှန်ထဲမှာ ပေါ်နေတဲ့လူငယ်ရဲ့ပုံစံက ကျွန်တော် မရယ်ဘဲမနေနိုင်လောက်အောင် ဖြစ်နေပါတယ်။ မှန်ထဲမှာ သဘာဝအပြုံးတစ်ခုကို ဖန်တီးနိုင်တဲ့အခါမှာတော့ မှန်ထဲက ပြုံးနေတဲ့ကျောင်းသားတစ်ယောက်ကို တွေ့ရပါတော့တယ်။ အဲဒီအခါ ကျွန်တော် ပိုပြီး ပြုံးမိပါတယ်။ မှန်ထဲကလူက ကျွန်တော့်ကို ပိုပြီးတော့ ပြန်ပြုံးပြပါတယ်။ အဲဒီလိုနဲ့ ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက် ပြုံးပြနေတော့တာပါပဲ။
     အဲဒီလို အလေ့အကျင့်ကို ကျွန်တော် နှစ်နှစ်လောက် မနက်တိုင်း လုပ်မိပါတယ်။ အိပ်ယာကထချိန်မှာ ဘယ်လောက်ပင် သုန်သုန်မုန်မုန်ဖြစ်ဖြစ် မှန်ထဲမှာ ပြုံးပြုံးရွှင်ရွှင်ဖြစ်အောင် ကြိုးစားပါတယ်။ တခါတလေမှာတော့ ကျွန်တော် လက်ညိုးနှစ်ချောင်းရဲ့အကူအညီကို ယူပြီး ပြုံးရယ်ပါတယ်။ လူတွေက ကျွန်တော့်ကို အမြဲတမ်းပြုံးနေတယ်လို့ ပြောကြပါတယ်။ ကျွန်တော့်မျက်နှာက ကြွက်သားတွေက ပြုံးရယ်နေတဲ့အနေအထားမှာ အမြဲတမ်းကပ်ပြီး မရွေ့တော့ဘူးလား၊ မသိပါဘူး။
လက်ညိုးနှစ်ချောင်းနဲ့ ပြုံးရယ်တတ်အောင် လူတိုင်းလေ့ကျင့်လို့ ရနိုင်ပါတယ်။ ကျွန်တော်တို့ နေထိုင်မကောင်းတဲ့အခါ၊ ပင်ပန်းနွမ်းနယ်တဲ့အခါ၊ စိတ်ဓါတ်ကျဆင်းနေတဲ့အခါမှာ ပြုံးရယ်နိုင်ဖို့ဆိုရင်တော့ လက်ညိုးနှစ်ချောင်းနည်းလမ်းကို လိုအပ်ပါတယ်။ ရယ်မောလိုက်တဲ့အခါ ကိုယ်ခန္ဓာက အင်ဒရိုဖင်းဓါတ်ပစ္စည်းတွေကို သွေးထဲကို ထုတ်လွှတ်ပေးပါတယ်။ အဲဒီဓါတ်ပစ္စည်းတွေက ခုခံအားစနစ်ကို ပို၍အားကောင်းစေပြီး၊ ကျွန်တော်တို့အတွက် ပျော်ရွှင်မှုကို ခံစားစေပါတယ်။ ကျွန်တော်တို့ နံရံကြီးမှာ ရွှဲစောင်းနေတဲ့အုတ်ခဲနှစ်လုံး သာမက အခြားသော ကောင်းမွန်တဲ့အုတ်ခဲတွေကို မြင်တွေ့စေပါတယ်။ ရယ်မောခြင်းကြောင့် ကျွန်တော်တို့ ပိုပြီးကြည့်ပျော်ရှုပျော်ဖြစ်လာပါတယ်။
    ဒါကြောင့် ပတ်(တ်)မြို့ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းဆိုတဲ့ နာမည်အစား၊ တခါတရံ ကျွန်တော်က        “ဘရမ်းရဲ့အလှပြင်ဆိုင်” လို့ ခေါ်မိပါတော့တယ်။
( ဆရာတော် “Ajahn Brahm ” ၏ “ the two-finger smile ” ကို ပြန်ဆိုရေးသားခြင်းဖြစ်ပါသည်။ )

No comments:

Post a Comment