Thursday, April 11, 2013

ကျေနပ်ရောင့်ရဲခြင်း

-->
      အမေရိကန်စီးပွါးရေးတက္ကသိုလ်တစ်ခုမှ ပါမောက္ခတစ်ဦးသည် တိတ်ဆိတ်သောမက်ဆီကန် တံငါရွာလေးတွင် အလုပ်ပိတ်ရက်၌ လာရောက်အနားယူပါသည်။ ပါမောက္ခကြီးသည် မနက်ပိုင်းအချိန်တွင် ငါးဖမ်းကိရိယာများကို သိမ်းဆည်းနေသော တံငါသည်တစ်ယောက်ကို ငေးကြည့်နေပါသည်။ ထင်ရှားကျော်ကြားသောစီးပွါးရေးတက္ကသိုလ်တစ်ခုမှ အောင်မြင်သောပါမောက္ခကြီးက မက်ဆီကန်တံငါသည်ကြီးကို အခမဲ့အကြံဥာဏ်လေးပေးရန် စိတ်ကူးရပါသည်။
      “ဟေ့၊ ခင်ဗျား ဒီနေ့ ဘာလို့ ငါးဖမ်းကိရိယာတွေကို စောစောစီးစီးသိမ်းနေတာလဲ။” လို့ ပါမောက္ခကြီးက မေးလိုက်ပါတယ်။
       မက်ဆီကန်ကြီးက “ ဒီနေ့ မိသားစုစားဖို့အတွက်နှင့် ပိုတာလေးရောင်းဖို့ လုံလောက်အောင် ငါးရပြီပဲ ဆရာရယ်။ ” လို့ ပြန်ပြောပါတယ်။ “အခုဆို မိန်းမနဲ့ ထမင်းစားမယ်။ နေ့လည်ခင်း တစ်ရေးအိပ်မယ်။ ပြီးရင် ကလေးတွေနဲ့ ကစားမယ်။ ညနေပိုင်းမှာ ဆိုင်သွားပြီး၊ တကီးလားအရက်နည်းနည်းသောက်မယ်။ ပြီးရင် သူငယ်ချင်းတွေနဲ့ ဂစ်တာတီးပြီး သီချင်းဆိုမယ်။ အဲဒီလောက်ဆို လုံလောက်ပါပြီ ဆရာရယ်။” လို့ တံငါသည်ကြီးက ပြောပါတယ်။
     စီးပွါးရေးပါမောက္ခကြီးက “ကျုပ် ပြောတာကို နားထေင်ပါ မိတ်ဆွေကြီး” လို့ ပြောတယ်။ “ခင်ဗျား ညနေပိုင်းအထိ ငါးဖမ်းရင် အခုရတာထက် နှစ်ဆ အသာလေးရနိုင်တယ်ဗျ။” “ခင်ဗျား ပိုတာကို ရောင်းမယ်။ ပိုက်ဆံစုမယ် ဆိုရင် ခြောက်လ၊ ကိုးလအတွင်းမှာ ဒီထက် ပိုကောင်းတဲ့လှေကို ဝယ်လို့ ရတယ်။ အလုပ်သမားတွေကို ငှားထားလို့ ရတယ်ဗျ။”
     “အဲဒီအချိန်မှာ ခင်ဗျား လေးဆ ပိုပြီး ငါးတွေဖမ်းလို့ရတယ်။ ခင်ဗျား ပိုရှာလို့ရနိုင်တဲ့ပိုက်ဆံတွေကို တွေးကြည့်လိုက်စမ်းပါ။ အဲဒီအတိုင်းသွားရင် နောက်တစ်နှစ်၊ နှစ်နှစ်ဆိုရင် လှေတစ်စီးထပ်ဝယ်နိုင်မယ်။ အလုပ်သမားတွေ ထပ်ငှားနိုင်မယ်ဗျာ။ ခင်ဗျား အခုလို စီးပွါးရေးအစီအစဉ်အတိုင်း လိုက်လုပ်သွားရင် ခြောက်နှစ်၊ ခုနှစ်နှစ်အတွင်း ငါးဖမ်းလှေအုပ်ကြီးတစ်အုပ်ကို ပိုင်နိုင်တယ်ဗျာ။ ခင်ဗျား စဉ်းစားကြည့်လိုက်စမ်းပါ။”
    “ အဲဒီနောက် ခင်ဗျားရဲ့ရုံးခမ်းကို လော့အိမ်ဂျယ်လိစ် ဒါမှမဟုတ် မက္ကဆီကိုမြို့တော်ကို ပြောင်းလိုက်ဗျာ။ လော့အိမ်ဂျယ်လိစ်မှာ နှစ်နှစ်၊ သုံးနှစ်လောက် လုပ်ကိုင်ပြီးရင် ခင်ဗျားရဲ့ကုမ္ပဏီကို စတော့ဈေးကွက်ထဲကို သွင်းလိုက်ပြီး၊ ခင်ဗျားက CEO လုပ်ဗျာ။ ထိုက်တန်တဲ့လခနဲ့ ရှယ်ယာတွေ ပိုင်ဆိုင်တဲ့CEO တစ်ယောက်ပေါ့ဗျာ။”
    “ နားထောင်စမ်းဗျာ။”
   “ နောက်နှစ်အနည်းငယ်အကြာမှာ ရှယ်ယာတွေကို ထပ်ရောင်းချရင် ခင်ဗျား မီလီယံနာသူဌေးကြီးတစ်ယောက် ဖြစ်လာမှာဗျ။”
    “ အဲဒီကိစ္စတွေအတွက် ကျုပ်က ခင်ဗျားကို အာမခံတယ်ဗျာ။ ကျုပ်က အမေရိကားက ထင်ရှားတဲ့စီးပွါးရေးကျောင်းက ပါမောက္ခကြီးဗျ။ အဲဒါကြောင့် ဒါတွေအကုန်လုံးကို သိတယ်ဗျာ။”
      အမေရိကန်ပါမောက္ခကြီးရဲ့ တက်တက်ကြွကြွ ပြောကြားချက်တွေအာလုံးကို မက္ကဆီကန်တံငါသည်ကြီးက ဂရုတစိုက်နားထောင်နေပါတယ်။ ပါမောက္ခကြီး ပြောကြားလို့အပြီးမှာ မက္ကဆီကန်ကြီးက မေးခွန်းတစ်ခု မေးပါတယ်။ “ဆရာကြီးရယ် ဒေါ်လာသန်းပေါင်းများစွာ ကျွန်တော် ရလာတဲ့အခါ ဘာဆက်လုပ်ရမလဲ၊ ခင်ဗျား။”
      အမေရိကန်ပါမောက္ခကြီးက စီးပွါးရေးအစီအစဉ်ကို အဲဒီလောက်အထိ ရောက်အောင်မဆွဲထားလို့ ရုတ်တရက်အံ့သြသွားပါတယ်။ ဒါကြောင့် ပါမောက္ခကြီးက လူတစ်ယောက်က ဒေါ်လာသန်းပေါင်းများစွာ ပိုင်ဆိုင်ပြီးရင် ဘာဆက်လုပ်ရမလဲဆိုတာကို တွေးဆတွက်ချက်ပါတော့တယ်။
      “အကြံရပြီဗျာ။”                                                                        
     “ ခင်ဗျား အဲဒီလောက် ပိုက်ဆံတွေရပြီဆိုရင် အငြိမ်းစားယူလို့ရပြီဗျာ။”
    “ခင်ဗျား ဘဝမှာ နားလို့ရသွားပြီဗျာ။ ဒီလိုလှပတဲ့တံငါရွာလေးမှာ အိမ်လေးတစ်လုံးဝယ်ဗျာ။ ဒီလို အိမ်လေးပေါ့။ ပြီးတော့ လှေလေးတစ်စင်းဝယ်ဗျာ။ ဒီလိုအသေးလေးပေါ့။”
    “ မနက်ပိုင်း ငါးဖမ်းထွက်ဗျာ။ မိန်းမနဲ့ နေ့လည်စာအတူစားပြီး၊ နေ့လည်ပိုင်း တစ်ရေးတစ်မော အိပ်မယ်ဗျာ။ နေ့လည်ပိုင်းမှာ ကလေးတွေနဲ့ အချိန်ဖြုန်း၊ ညနေစာစားပြီးရင် သူငယ်ချင်းတွေနဲ့ ဂစ်တာတီး။ ပြီးရင် ဆိုင်သွားပြီး တကီလာအရက်ကလေး သောက်မယ်ဗျာ။”
   “ခင်ဗျား ပိုက်ဆံတွေ ရပြီးရင်၊ အဲဒီလို ဘဝမှာ အနားယူပြီး၊ အေးအေးဆေးဆေး မပူမပင် နေတော့ပေါ့ဗျာ။”
      “ဒါပေမဲ့ ဆရာကြီးရယ်၊ အခု ကျွန်တော် အဲဒီလိုဘဝမျိုးမှာ နေထိုင်နေတယ်လေဗျာ။” လို့ မက္ကဆီကန်ကြီးက ပြောလိုက်ပါတယ်။
     ကျေနပ်တင်းတိမ်ရောင့်ရဲမှုကို အရင်ဆုံးရှာဖွေခြင်း မပြုမှီ၊ အလုပ်ကြိုးစားလုပ်ကိုင်ပြီး၊ ချမ်းသာအောင်ရှာဖွေရမည်လို့ အဘယ့်ကြောင့် ကျွန်တော်တို့ ယုံကြည်လက်ခံနေရပါသလဲ။
( ဆရာတော် “Ajahn Brahm”  ၏  “the Mexican fisherman” ကို ပြန်ဆိုခြင်း ဖြစ်ပါသည်။ )

No comments:

Post a Comment