Wednesday, April 10, 2013

စူပါမားကတ်ထဲက ကလေးငယ်နှစ်ဦး


       ထောင်ထဲမှမိတ်တွေများကို ကျွန်တော် အမြဲပြောပြလေ့ရှိတဲ့ စကားလေးတစ်ခွန်းရှိပါတယ်။ အဲဒါကတော့ ကိုယ့်ကိုကိုယ် ရာဇဝတ်သားတစ်ယောက်လို့ သတ်မှတ်မထားဘဲ ရာဇဝတ်မှုကို ကျူးလွန်မိတဲ့ လူတစ်ယောက်လို့ သတ်မှတ်ထားဖို့ပါ။ ကျွန်တော်တို့က သူတို့ကို ရာဇဝတ်သားတွေလို ပြောဆိုဆက်ဆံရင် သူတို့က သူတို့ကိုယ်သူတို့ ရာဇဝတ်သားတွေအဖြစ် ယုံကြည်လာပါလိမ့်မယ်။ ပြီးတော့ ရာဇဝတ်သားလို့ သတ်မှတ်လိုက်ကြပါလိမ့်မယ်။ အဲဒီအခါမှာတော့ သူတို့ တကယ့်ရာဇဝတ်သားတွေ ဖြစ်သွားပါပြီ။
      စူပါမားကက်ကြီးတစ်ခုအတွင်း ငွေပေးရှင်းတဲ့နေရာမှာ ကလေးတစ်ဦးက နို့ပုလင်းတစ်လုံးကို လက်ကလွတ်ကျပြီး၊ ကွဲသွားတယ်။ နို့တွေကကြမ်းပြင်အနှံ့ ပျံ့ကျဲပြီး၊ ဖိတ်စင်ကုန်တယ်။ “မင်းက တကယ့်ကို သုံးမရတဲ့ကလေးဘဲ။” လို့ သူ့အမေက ပြောလိုက်တယ်။
      အခြားငွေရှင်းကောင်တာတစ်ခုမှာတော့ ကလေးတစ်ယောက်က ပျားရည်ပုလင်းကို လွတ်ကျပြီး၊ ကွဲသွားတယ်။ ပျားရည်တွေ ကြမ်းပြင်အနှံ့ပျံ့ကျဲသွားတယ်။ “ဒါကတော့ မင်း အသုံးမကျတဲ့ ကိစ္စတစ်ခုကို လုပ်တာပဲ။” လို့ သူ့အမေက ပြောလိုက်တယ်။
      ပထမကလေးကိုတော့ တစ်ဘဝလုံး အသုံးမကျဘူးလို့ သူ့အမေက သတ်မှတ်ပြောဆိုတယ်။ ဒုတိယကလေးကိုတော့ သူ့အမေက အသုံးမကျတဲ့ကိစ္စတစ်ခုကို လုပ်တဲ့သူလို့ သတ်မှတ်ပြီး ပြောဆိုတယ်။ ပထမကလေးကတော့ အသုံးမကျတဲ့ကလေးဖြစ်လာဖို့ ပိုနီးစပ်ပါတယ်။ ဒုတိယကလေးကတော့ အသုံးမကျတဲ့ကိစ္စတွေကို မလုပ်မိဖို့ ကြိုးစားပါလိမ့်မယ်။
     ကျွန်တော်က မိတ်ဆွေထောင်သားတွေကို မေးမြန်းပါတယ်။ သူတို့ ရာဇဝတ်မှုကျူးလွန်တဲ့နေ့မှာ ဘာလုပ်ကြသလဲ။ အခြားနေ့တွေမှာ ဘာတွေလုပ်ကြသလဲ။ ဒီပြင်အခြားအချိန်၊ နေ့ရက်တွေမှာ ဘာတွေ လုပ်ကြသလဲလို့ မေးမြန်းပါတယ်။ ကျွန်တော့်ရဲ့ရွဲ့စောင်းနေသောအုတ်ခဲနှစ်လုံးနှင့် အုတ်နံရံကြီးပုံပြင်ကို ပြန်ပြောပြပါတယ်။ ရာဇဝတ်မှုဆိုတာ ရွဲ့စောင်းနေတဲ့အုတ်ခဲနှစ်လုံးလိုပါပဲ။ ကျွန်တော်တို့ ဘဝမှာ အခြားကောင်းမွန်တဲ့အုတ်ခဲပေါင်းများစွာ ရှိပါတယ်။ ရာဇဝတ်မှုတွေ မကျူးလွန်ပဲ ကောင်းမွန်စွာနေထိုင်တဲ့ နေ့ရက်တွေဟာ ကောင်းမွန်တဲ့အုတ်ခဲတွေလိုပါပဲ။ ကောင်းမွန်တဲ့အုတ်ခဲအရေအတွက်ဟာ ရွဲ့စောင်းနေတဲ့အုတ်ခဲနှစ်လုံးထက် အရေအတွက်အားဖြင့် များစွာပိုပါတယ်။ အဲဒီတော့ ခင်ဗျားတို့က ရွဲ့စောင်းနေတဲ့အုတ်ခဲတွေကိုပဲ မြင်ပြီး၊ အုတ်နံရံကြီးကို ဖြိုချမလို့လား။ ခင်ဗျားတို့ဟာ ရွဲ့စောင်းနေတဲ့အုတ်ခဲနှစ်လုံးပါဝင်တဲ့ အုတ်နံရံကြီးတစ်ခုလိုပါပဲ။ ကျွန်တော်တို့ရဲ့ဘဝတွေဟာလဲ ခင်ဗျားတို့ ရွဲ့စောင်းနေတဲ့အုတ်ခဲတွေပါဝင်တဲ့ အုတ်နံရံကြီးတွေပါ။
       လအနည်းငယ်အကြာမှာတော့ ကျွန်တော် ကျောင်းထိုင်ဆရာတော်ဖြစ်လာပါတယ်။ အကျဉ်းထောင်တွေဆီကို သွားပြီး၊ တရားဟောကြားခြင်းအလုပ်ကို မလုပ်နိုင်တော့ပါဘူး။ တရက်မှာတော့ အကျဉ်းဦးစီးအရာရှိတစ်ယောက်က ကျွန်တော့်ကို ဖုန်းခေါ်ပါတယ်။ ထိုအရာရှိက ထောင်သားတွေကို လာပြီး တရားဟောကြားဖို့ ကျွန်တော့်ကို ပြောဆိုပါတယ်။ ကျွန်တော့်ဟောကြားချက်တွေက အလွန်ကောင်းမွန်ပါတယ်လို့ အရာရှိက ပြောပါတယ်။ ထောင်ထဲက ကျွန်တော့်တပည့်အကျဉ်းသားတွေ ထောင်ကျရက်တွေ ပြည့်သွားပြီး ထောင်ကလွတ်သွားပါတယ်။ အဲဒီနောက် ထောင်အပြင်ဖက်မှာ ထောင်ကျမယ့်အလုပ်တွေကို ဘယ်တော့မှ မလုပ်ကြတော့ပါဘူးလို့ အရာရှိက ကျွန်တော့်ကို ပြောကြားဆိုခဲ့ဘူးပါတယ်။
( ရွဲ့စောင်းနေသော အုတ်ခဲနှစ်လုံးပုံဝတ္ထုကို အရင်စာမျက်နှာများတွင် ပြန်လည်ဖတ်ရှုနိုင်ပါသည်။ )
( ဆရာတော် Ajahn Brahm ၏ “the child in the supermarket” ကို ပြန်ဆိုခြင်းဖြစ်ပါသည်။ )

No comments:

Post a Comment