-->
ပတ်(စ်)မြို့ရှိ
ကျွန်ုပ်၏ဘုန်းကြီးသို့ အော်စတြေးလီးယားလူမျိုးအမျိုးသမီးငယ်တစ်ဦး ကျွန်ုပ်ကို လာရောက်တွေ့ဆုံဖူးပါသည်။
တခါတရံ ဘုန်းတော်ကြီးများသည် လူတို့၏လောကီကိစ္စရပ်များအတွက် အကြံဥာဏ်များ ပေးရလေ့ရှိပါသည်။
“ဆွေးနွေးတိုင်ပင်ခြင်း”အတွက် အဖိုးအခမတောင်းခံသောကြောင့် ဘုန်းတော်ကြီးများထံမှ အခမဲ့အကြံဥာဏ်များ
ရယူရန်လာရောက်ကြခြင်းလည်း ဖြစ်နိုင်ပါသည်။ ထိုအမျိုးသမီးငယ်သည် စိတ်၏အပြစ်ဒဏ်ကို အကြီးအကျယ်ခံစားနေရပြီး၊
အလွန်အမင်းစိတ်ထိခိုက်လျှက်ရှိပါသည်။ လွန်ခဲ့သောခြောက်လခန့်က သူမသည် ဝေးလံခေါင်ဖျားသော
အော်စတြေးလီးယားတောင်ပိုင်းရှိ မိုင်းတွင်းကုမ္ပဏီတစ်ခုတွင် အလုပ်ဝင်လုပ်ကိုင်ခဲ့ပါသည်။
အလုပ်သည် ပင်ပန်းကြမ်းတမ်းသော်လည်း၊ လခမှာ မက်စရာကောင်းပါသည်။ သို့သော်အလုပ်ပိတ်ရက်များတွင်
သွားလာလည်ပတ်နိုင်သောနေရာမှာ အနီးအနားတွင် မရှိပါ။ ထို့ကြောင့် တနင်္ဂနွေနေ့ နေ့လည်ပိုင်းတစ်ခုတွင်
အခင်ဆုံးသူငယ်ချင်းနှင့် သူမ၏ယောက်ျားလေးမိတ်ဆွေတို့ကို တောတွင်းသို့ ကားမောင်းသွားကြရန်
အကြံပေးမိပါသည်။ သူငယ်ချင်းနှင့် ယောက်ျားလေးမိတ်ဆွေတို့မှာ ထိုခရီးစဉ်အတွက် စိတ်ပါလက်ပါ
မရှိကြပါ။
သို့သော်
သူမ၏ ချော့မော့မြောက်ပင့်ပြီး၊ တကျည်ကျည်နားပူနားဆာလုပ်ခြင်းကြောင့် ကားမောင်းခရီးကို
သူငယ်ချင်းများက သဘောတူလိုက်ပါသည်။ ထိုခရီးတွင် သူတို့ ကားအက်ဆီးဒင့်ဖြစ်ပွါးပါသည်။
မညီမညာကျောက်စရစ်ခဲလမ်းပေါ်တွင် လမ်းချော်ပြီး ကားသည် ချောက်ထဲသို့ လိမ့်ကျသွားပါသည်။
အချစ်ဆုံးသူငယ်ချင်းသည် ထိုအက်ဆီးဒင့်တွင် သေဆုံးပြီး၊ ယောက်ျားလေးမိတ်ဆွေမှာ ဒုက္ခိတတစ်ဦးဖြစ်ခဲ့ရပါသည်။
ထိုတောလမ်းခရီးကို ကားမောင်းသွားရန် သူမ အကြံပေးခြင်းဖြစ်ပါသည်။ သို့သော် ကားအက်ဆီးဒင့်မှ
သူမ ဘာအန္တရာယ်မှမဖြစ်ခဲ့ပါ။
“သူတို့ကို
ဒီခရီးစဉ်သွားဖြစ်အောင် ကျမ အတင်းအကျပ်တောင်းဆိုမိခဲ့တာပါ။ ဒီခရီးကို မသွားဖြစ်ခဲ့ရင်
သူငယ်ချင်းသေရမှာ မဟုတ်သလို၊ ယောက်ျားလေးမိတ်ဆွေလည်း ဒုက္ခိတ ဖြစ်မှာ မဟုတ်ပါဘူး။ အဲဒီအတွက်
ကျမအရမ်းခံစားရပါတယ်။ အပြစ်ရှိတယ်လို့လည်း ခံယူပါတယ်။” လို့ ကျွန်ုပ်ကို မျက်ရည်စိုနေသောမျက်လုံးများနှင့်
မိန်းမငယ်က ပြောပြပါတယ်။
အဲဒီအချိန်မှာ
ကျွန်ုပ်ခေါင်းထဲကို ပထမဆုံးဝင်ရောက်လာသည့် အကြံဥာဏ်က ထိုအက်ဆီးဒင့်အတွက် သူမအပြစ်လုံးဝ
မရှိဘူးဆိုတာကို သေသေချာချာ ရှင်းလင်းပြောဆိုပြဖို့ပါ။ ထိုအက်ဆီးဒင့်အတွက် သူမ ကြံစည်ဆောင်ရွက်ခဲ့ခြင်း
မဟုတ်ပါဘူး။ အဲဒါသေချာပါတယ်။ မိတ်ဆွေတွေကို ထိခိုက်စေလိုတဲ့စိတ်မျိုး သူမမှာ မရှိပါဘူး။
သို့သော်လည်း အက်ဆီးဒင့်ကြောင့် မိတ်ဆွေတွေ ထိခိုက်ခဲ့ရပါတယ်။ အဲဒီအတွက် “ပြီးတာတွေပြီးပါစေတော့။
ကိုယ့်ကိုကိုယ် အပြစ်ရှိတယ်လို့ မခံယူပါနဲ့တော့။ ကိုယ်က ဒီလိုဖြစ်စေဖို့ ရည်ရွယ်ခဲ့တာမှ
မဟုတ်တာ။” စသည်ဖြင့် ရှင်းလင်းပြီး သူမကို စိတ်ကျေနပ်အောင် ရှင်းပြဖို့တွေးမိပါတယ်။
ဒုတိယမြောက်ဝင်လာတဲ့အတွေးတစ်ခုကတော့
“ဒီလိုသူမအပြစ်မရှိဘူးလို့ ရှင်းလင်းချက်သည် မလုပ်မဖြစ်ဘူး”လို့ ထင်ပါတယ်။ သူမ ဒီလိုရှင်းလင်းချက်မျိုးကို
ထောင်သောင်းမက ကြားခဲ့ဖူးပါလိမ့်မယ်။ အဲဒါကြောင့် အဲဒီလိုရှင်းလင်းခြင်းက အလုပ်မဖြစ်ဘူးဆိုတာ
သေချာပါတယ်။ ကျွန်ုပ် ခဏရပ်ပြီး၊ သူမရဲ့ အကြောင်းကို သေသေချာချာစဉ်းစားလိုက်တယ်။ ပြီးတော့
“သူမမှာ အမှန်တကယ် အပြစ်ရှိတယ်” လို့ ပြောလိုက်တယ်။
သူမ မျက်နှာက
ဝမ်းနည်းမှုကနေ အံ့သြမှုကို ပြောင်းသွားတယ်။ ပြီးတော့ စိတ်သက်သာရာရသွားသလို ဖြစ်သွားပါတယ်။
ဒီလို အပြစ်ရှိတယ်လို့ ပြောတာမျိုးအရင်က သူမ မကြုံခဲ့ပါဖူး။ အဲဒါကြောင့် သူမ ကိုယ်တိုင်
အပြစ်ရှိတယ်လို့ ထင်နေမိပါတယ်။ တွေ့တဲ့လူတိုင်းက သူမကို အပြစ်မရှိဘူးလို့ ပြောနေချိန်မှာ၊
သူမ ကိုယ်တိုင်က အပြစ်ရှိတယ်လို့ ခံစားနေမိပါတယ်။ သူမ ခံစားနေရတဲ့ ဝမ်းနည်းမှုက ထပ်ဆင့်ခံစားရသလိုဖြစ်နေပါတယ်။
ကားအက်ဆီးဒင့်အတွက် ဝမ်းနည်းမှုခံစားရတယ်။ အပြစ်ရှိတယ်ဆိုတဲ့ အပေါ်မှာလည်း ဝမ်းနည်းမှုခံစားရတယ်။
အဲဒီလို ကျွန်ုပ်တို့ရဲ့စိတ်တွေက ရှုပ်ရှုပ်ထွေးထွေး ဖြစ်ပျက်နေတာပါ။
အပြစ်တစ်စုံတရာကို ကျွန်ုပ်တို့ ပြုလုပ်မိသောအခါတွင်၊
အပြစ်ရှိသည်ဟူသော ပထမအဆင့်ကို ဖြတ်သန်းရပါသည်။ သူမအနေနှင့် အပြစ်ရှိသည်ဟု ခံစားလက်ခံခြင်းမှာ
မှန်ကန်ပါသည်။ သို့သော် ထိုအပြစ်အတွက် နောက်ထပ်ဘာဆက်လုပ်မလဲဟူသော အဖြေကို ဆက်လက်ရှာဖွေရပါမည်။
ထိုအပြစ်အတွက် ဘာတွေ ဆက်လုပ်သင့်ပါသလဲ။
“ဖယောင်းတိုင်တစ်တိုင် ထွန်းညှိလိုက်ခြင်းသည်၊
မှောင်မိုက်ခြင်းကို ညဉ်းညူနေသည်ထက်ပို၍ ကောင်းပါသည်။” ဟူသော ဗုဒ္ဓဆိုရိုးစကားတစ်ခွန်းရှိပါသည်။
စိတ်ပျက်အားလျော့နေမည့်အစား လုပ်ကိုင်ရန်နည်းလမ်းတစ်ခု
အမြဲရှိပါသည်။ အနည်းဆုံး ညဉ်းညူခြင်းကို ရပ်ပြီး၊ ငြိမ်သက်စွာထိုင်နေနိုင်ပါသည်။
အပြစ်ရှိခြင်းနှင့် နောင်တတရားသည် အနှစ်သာရအားဖြင့်
ကွဲပြားပါသည်။ “အပြစ်ရှိခြင်း” ဆိုသည်မှာ တရားရုံးတွင် တရားသူကြီးက စားပွဲကိုတူနှင့်
ထု၍အပြစ်ဒဏ်တစ်ခုချမှတ်ခြင်းဟု ကျွန်ုပ်တို့၏ ယဉ်ကျေးမှုက သတ်မှတ်ထားပါသည်။ အကယ်၍ အပြစ်လုပ်မိပြီး၊
တစ်ယောက်ယောက်က ကိုယ်ကို အပြစ်ဒဏ်တစ်ခုမပေးဘူးဆိုရင်တော့၊ အခြားတစ်နည်းနှင့် ကိုယ့်ကိုကိုယ်
အပြစ်ပေးတော့တာပါ။ “အပြစ်လုပ်မိပြီဆိုရင် အပြစ်ပေးခံရမယ်” ဆိုသည့် အချက်ကို စိတ်အတွင်းမှာ
စွဲမြဲစွာ မှတ်ထားတတ်ပါတယ်။
ထို့ကြောင့် မိန်းမငယ်လေးက လုပ်ခဲ့တဲ့အပြစ်တွေကျေဖို့အတွက်
ပြစ်ဒဏ်တစ်ခုခုကို လိုအပ်နေတာပါ။ မှားယွင်းမှုတွေကို မေ့ပြစ်ပြီး၊ ဘဝကို ဆက်လျှောက်သွားပါဆိုသည့်
အကြံပေးချက်မျိုးကို သူမ လက်မခံပါဘူး။ “ယာဉ်ထိခိုက်မှုကြောင့် ဒဏ်ရာရသူတွေအတွက် ပြန်လည်ထူထောင်ရေးစခန်းမှာ
လူနာတွေကိုကူညီဖို့ လုပ်အားပေးအဖြစ် ဝင်ရောက်လုပ်ကိုင်ပါ။” လို့ ကျွန်ုပ် သူမကို အကြံပေးလိုက်ပါတယ်။
ပြန်လည်ထူထောင်ရေးစခန်းမှာ အပြစ်တွေဆေးကြောဖို့အတွက် ပင်ပင်ပန်းပန်း လုပ်ကိုင်ပြီး၊
အကူအညီလိုအပ်နေသူတွေကို တကယ်ကိုယ်ဖိရင်းဖိ သူမ အကူအညီပေးနေလိမ့်မယ်လို့ ကျွန်ုပ် တွေးထင်နေမိပါတော့တယ်။
(ဆရာတော် “Ajahn Brahm” ၏ “guilt
and absolution” ကို ဘာသာပြန်ဆိုခြင်းဖြစ်ပါသည်။ )
No comments:
Post a Comment