Thursday, April 11, 2013

နောက်တော့ ပျော်ရမှာပေါ့ကွယ်

-->
        ရေတကောင်းပုံဝတ္ထုမှာ ဖေါ်ပြခဲ့သလို၊ ကျွန်တော်တို့ဘဝထဲကို အရင်ဆုံးထည့်ထားရမှာက စိတ်ပျော်ရွှင်မှုပါပဲ။ “စိတ်ပျော်ရွှင်မှု” ဆိုတာ ကျွန်တော်တို့မှာ မရှိခဲ့ရင်၊ အခြားသူတွေကို ဘယ်လိုမျှဝေပြီး၊ ပျော်ရွှင်အောင်လုပ်နိုင်မှာလဲ။ ကျွန်တော်တို့ အများစုကတော့ “ပျော်ရွှင်မှု” ကို သိပ်ပြီး အလေးအနက်မထားကြပါဘူး။ အခြားသောအရာများနှင့် နှိုင်းယှဉ်လာခဲ့ရင် ပျော်ရွှင်မှုကို အမြဲတမ်း နောက်ကိုပို့လိုက်ကြတာပါ။ ဘာလို့ အဲဒီလို လုပ်ကြရတာလဲ။
     ကျွန်တော် ၁၄ နှစ်သားတုန်းက လန်ဒန်မြို့က အထက်တန်းကျောင်းတစ်ခုမှာ ဂျီစီအီး-အို အဆင့်စာမေးပွဲတွေ ဖြေဖို့ကျောင်းတက်နေပါတယ်။ ကျွန်တော့မိဘများနှင့် ဆရာသမားတွေက ညနေပိုင်းတွေ၊ ကျောင်းပိတ်ရက်တွေမှာ ဘောလုံးကန်တာကို လျှော့ဖို့ ပြောကြပါတယ်။ ဘောလုံးကန်မဲ့အစား အိမ်မှာနေ၊ စာကျက်၊ အိမ်စာတွေကို လုပ်ပါလို့ ပြောကြပါတယ်။ ဂျီစီအီး-အို အဆင့်စာမေးပွဲတွေက ဘဝမှာ ဘယ်လောက်အရေးပါတယ်ဆိုတာကို မိဘ၊ ဆရာသမားတွေက ရှင်းပြကြပါတယ်။ စာမေးပွဲမှာ အဆင့်ကောင်းရခဲ့ရင် ကျွန်တော် ပျော်ရွှင်ရမယ်လို့လဲပြောကြပါတယ်။
      ကျွန်တော်က မိဘ၊ ဆရာသမားတွေရဲ့စကားကို နားထောင်ပြီး စာကြိုးစားခဲ့တယ်။ အဆင့်ကောင်းကောင်းနဲ့လည်း အောင်မြင်ခဲ့ပါတယ်။ သို့သော်လည်း ကျွန်တော် မပျော်ရွှင်ပါဘူး။ အို-အဆင့်စာမေးပွဲမှာ အဆင့်ကောင်းကောင်းနှင့် အောင်မြင်ခဲ့တဲ့ ကျွန်တော်ဟာ အေ-အဆင့်စာမေးပွဲတွေ အတွက် နောက်ထပ်နှစ်နှစ် အပြင်းအထန်ကြိုးစားရတော့မှာပါ။ ညနေပိုင်းနှင့် ကျောင်းပိတ်ရက်တွေမှာ အပြင်မလည်ဖို့ ကျွန်တော့်မိဘ၊ဆရာသမားတွေက ကျွန်တော့်ကို အကြံပေးကြပြန်တယ်။ ကောင်မလေးတွေနဲ့ ပတ်သက်ပြီး အချိန်ကုန်တာ၊ ဘောလုံးပွဲနဲ့ ပတ်သက်ပြီး အချိန်ကုန်တာကို ရပ်လိုက်ပြီး၊ အိမ်မှာနေပါ။ စာကျက်ပါလို့ အကြံထပ်ပေးကြပြန်ပါတယ်။ မိဘ၊ ဆရာသမားတွေက အေ-အဆင့်စာမေးပွဲတွေက ဘယ်လိုအရေးပါတယ်ဆိုတာ ကျွန်တော့်ကို ရှင်းပြကြပါတယ်။ အေ-အဆင့်စာမေးပွဲမှာ အဆင့်ကောင်းကောင်းနဲ့ အောင်မြင်ရင် ကျွန်တော် ပျော်ရွှင်ရပါလိမ့်မယ်တဲ့။
      လူကြီးမိဘတွေရဲ့ ဆုံးမစကားတွေကို ကျွန်တော် နားထောင်ပြီး၊ အပြင်းအထန် ကြိုးစားခဲ့ပါတယ်။ ရလဒ်ကောင်းတွေလဲ ရရှိခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော် မပျော်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကြိုးစားမှုတွေအနက် အပြင်းထန်ဆုံးကြိုးစားမှုတွေကို ကျွန်တော် နောက်ထပ်လုပ်ရတော့မှာပါ။ တက္ကသိုလ်ကျောင်းက ဘွဲ့တစ်ခုကို ရရှိဖို့အတွက် နောက်ထပ်သုံးနှစ် ကြိုးစားရမှာပါ။ ကျွန်တော့အမေနဲ့ ဆရာသမားတွေက ကျွန်တော့်ကို ကောလိပ်မှာ အရက်ဘားတွေ၊ ပါတီတွေနဲ့ ကင်းကင်းနေဖို့၊ ပြင်းပြင်းထန်ထန် ကြိုးစားပြီး၊ စာကြည့်ချိန်များများ ယူဖို့ အကြံပေးကြတယ်။ သူတို့က ဘွဲ့တစ်ခုဟာ ဘယ်လိုအရေးပါတယ်ဆိုတာကိုလဲ ရှင်းပြကြပါတယ်။ ဘွဲ့ရရင် ကျွန်တော် ပျော်ရွှင်ရပါမယ်လို့လည်း ပြောကြပါတယ်။
      ကျွန်တော် ဒီကိစ္စမှာတော့ သူတို့စကားတွေကို သံသယရှိလာပါတယ်။
    ကျွန်တော် သူငယ်ချင်းအချို့ကို တွေ့ပါတယ်။ သူတို့က ဘွဲ့ရပြီးပြီ။ အလုပ်ကို အရမ်းကြိုးစားကြပါတယ်။ အခုဆို သူတို့ ပထမဆုံးရတဲ့အလုပ်မှာ အရမ်းကို ကြိုးစားကြပါတယ်။ အလုပ်ကို ပိုကြိုးစားပြီး၊ ပိုက်ဆံစုကြတယ်။ အရေးပါတဲ့ပစ္စည်းတွေ ဝယ်ဖို့အတွက်ပေါ့။ ဥပမာ…ကားဝယ်ဖို့။ သူတို့က ကျွန်တော့်ကို ဒီလိုရှင်းပြကြတယ်။ “ငါတို့ ပိုက်ဆံစုပြီး၊ ကားဝယ်မယ်။ ကား ဝယ်ပြီးရင်တော့ ပျော်ရွှင်ရမှာပါ။ ”
     သူတို့ ပိုက်ဆံတွေ စုပြီး၊ ကား ဝယ်လိုက်ကြတယ်။ သူတို့မှာ ပျော်ရွှင်ခြင်း မရှိပါဘူး။ အခု ပိုပြီးတော့ ကြိုးစားကြပါတယ်။ အခြားအရေးကြီးတဲ့ပစ္စည်းတွေကို နောက်ထပ်ဝယ်ဖို့အတွက် ကြိုးစားကြတာပါ။ အဲဒါတွေ ဝယ်ပြီးရင်တော့ ပျော်ရွှင်ရမှာပေါ့။ အဲဒီပစ္စည်းတွေ မဝယ်ဖြစ်ရင်လည်း  သူတို့ ချစ်ရေး၊ ချစ်ရာတွေမှာ အဆင်ပြေဖို့၊ ဘဝအတွက် အဖေါ်မွန်တစ်ယောက်ရရှိဖို့ ကြိုးစားကြတယ်။ “ငါတို့ လက်ထပ်မယ်။ ဘဝကို အခြေချမယ်။ အဲဒီအခါ ပျော်ရွှင်ရပါလိမ့်မယ်” လို့ ကျွန်တော့်ကို သူတို့ ပြောကြပါတယ်။
     အိမ်ထောင်ပြုပြီးနောက်၊ သူတို့ ပျော်ရွှင်ခြင်းကို မရရှိသေးပါဘူး။ အလုပ်ပိုတွေကို ထပ်လုပ်တယ်။ အလုပ်ကို ပိုကြိုးစားတယ်။ ပိုက်ဆံကို ပိုပြီး ရှာဖွေပါတယ်။ အိမ်ခန်းလေးတစ်ခန်း၊ ဒါမှမဟုတ် အိမ်ကလေးတစ်လုံးကို ဝယ်နိုင်ဖို့အတွက်ပါ။ “ငါတို့ ကိုယ်ပိုင်အိမ်လေးဝယ်ပြီးရင်တော့ ပျော်ရွှင်ရမှာပေါ့” လို့ ကျွန်တော့်ကို သူတို့ပြောကြပါတယ်။
     ကံမကောင်းစွာနဲ့ အိမ်အတွက် အရစ်ကျငွေပေးချေမှုတွေ လုပ်နေရချိန်မှာလည်း မပျော်နိုင်ကြပါဘူး။ ပိုဆိုးတာက သူတို့မှာ မိသားစုတွေ ရှိလာကြပါပြီ။ ကလေးတွေရှိလာတော့ ညဘက် ကောင်းကောင်းအိပ်လို့ မရတော့ပါဘူး။ ပိုက်ဆံအပိုလေးတွေလည်း သိပ်မစုဆောင်းနိုင်တော့ပါဘူး။ စိုးရိမ်သောကတွေကလည်း အရင်ကထက်စာရင် အများကြီးပိုတိုးလာပါပြီ။ အခုဆိုရင် သူတို့ လုပ်ချင်တာလေးတွေ လုပ်နိုင်ဖို့ နှစ်ပေါင်းနှစ်ဆယ်လောက် စောင့်ရပါတော့မယ်။ “ကလေးတွေ ကြီးပြင်းလာပြီး၊ အိမ်ကနေထွက်ခွါသွားပြီး အခြေကျကုန်တဲ့အချိန်ရောက်ရင်တော့ ငါတို့ ပျော်ရွှင်ရလိမ့်မယ်။” လို့ ပြောကြပါတယ်။
     ကလေးတွေ အိမ်ကထွက်ခွါသွားချိန်မှာတော့ မိဘတွေက ပင်စင်ယူခါနီးအရွယ်တွေ ဖြစ်ကုန်ပါပြီ။ အဲဒီအချိန်မှာလည်း သူတို့ရဲ့ပျော်ရွှင်ခြင်းကို ထပ်ပြီး ရွေ့ဆိုင်းလိုက်ရပါတယ်။ အိုစာမင်းစာအတွက် ပိုက်ဆံကို ပိုမိုရှာဖွေစုဆောင်းရပါတော့မယ်။ “ပင်စင်ယူပြီးရင်တော့ ငါတို့ ပျော်ရွှင်နိုင်ပါပြီ။” လို့ ထပ်ပြီး ကျွန်တော့်ကို ပြောကြပါတယ်။
     သူတို့က ပင်စင်မယူမှီနဲ့ ပင်စင်ယူပြီးအချိန်တွေမှာ စတင်ပြီး၊ ဘာသာရေးကိစ္စတွေကို စတင် လုပ်ဆောင်ကြပါတယ်။ ဘုရားတက်၊ ကျောင်းသွားလုပ်ကြပါတယ်။ ဘုရားရှိခိုးကျောင်းက ခုံတန်းရှည်တွေမှာ အဘိုးကြီး၊ အဖွါးကြီးတွေ အများကြီးစုပြီး၊ ထိုင်နေကြတာကို သတိထားမိကြရဲ့လား။ အဖိုးကြီး၊ အဖွါးကြီးတွေကို “ဘာလို့ ဘုရားကျောင်းကို တက်နေတာလဲ” လို့ ကျွန်တော် မေးကြည့်ပါတယ်။ “ငါတို့ သေသွားတဲ့နောက်မှာ၊ ပျော်ရွှင်ဖို့အတွက်ပါ။” လို့ ကျွန်တော့်ကို ဖြေကြပါတယ်။
         “အဲဒါကို ပိုင်ဆိုင်ရရင် ပျော်ရွှင်ရလိမ့်မယ်” လို့ ထင်နေသူတွေကို ကျွန်တော် တစ်ခုလောက် ပြောချင်ပါတယ်။ ခင်ဗျားတို့အတွက် “ပျော်ရွှင်ခြင်း” ဆိုတာ အနာဂါတ်မှာ အိပ်မက်နေခြင်းပါပဲ။
         “ပျော်ရွှင်ခြင်း” ဆိုတာ ခြေတစ်လှမ်း၊နှစ်လှမ်းနဲ့ ရောက်သွားတယ်လို့ ထင်နေရတဲ့ သက်တန့်တစ်ခု လိုပါပဲ။ သို့သော် သက်တန့်တစ်ခုဆီကို ဘယ်တော့မှ ရောက်နိုင်မှာ မဟုတ်ပါဘူး။ အဲဒီလိုလူတွေအတွက် ပျော်ရွှင်ခြင်းကို ယခုဘဝမှာ သို့မဟုတ် နောင်ဘဝမှာ သိရှိခံစားနိုင်ဖို့ ဘယ်တော့မှ ဖြစ်နိုင်မှာ မဟုတ်ပါဘူး။
( ဆရာတော် “Ajahn Brahm” ၏  “then I’ll be happy ”  ကို ပြန်ဆိုပါသည်။ )

No comments:

Post a Comment