Monday, September 17, 2012

ကျွန်တော်ကြိုက်ခဲ့သောစာအုပ်များ(၁)


ကျွန်တော် ဖတ်ခဲ့တဲ့စာအုပ်တွေအကြောင်းပြန်စဉ်းစားကြည့်တော့ ဝတ္ထုအမျိုးအစားက အများဆုံးပါပဲ။ ဝတ္ထုထဲမှာတောင် ဘာသာပြန်က များပါတယ်။ ကျွန်တော်ဖတ်ဖြစ်တဲ့ထဲက ကြိုက်မိတဲ့ စာအုပ်လေးတွေကို သူငယ်ချင်းတွေကို မျှဝေပေးချင်တာပါ။
(၁) မုန်းချစ်သံသရာ ဟိုဘက်မှာ (နန္ဒသူ)...
မူရင်းဂျပန်ဝတ္ထုက (The Realm Beyond ---by Kikuchi Kan)
ပါ။
နောက်ဆုံးအကြိမ် မြန်မာပြန်ကို စိတ်ကူးချိုချိုစာအုပ်တိုက်က ၂၀၀၉-သြဂုတ်လတွင် ဒုတိယအကြိမ် အဖြစ်ပြန်လည်ထုတ်ဝေခဲ့ပါတယ်။
  ဇာတ်လမ်းက ဆာမူရိုင်းတစ်ယောက်က သူ့ဆရာအိမ်မှာနေရင်း ဆရာဖြစ်သူရဲ့ မယားငယ်နဲ့ ငြိစွန်းမိကြတယ်။ သူ့ဆရာက သိတဲ့အခါ ဆရာဖြစ်သူကိုပြန်လည် ခုခံရင်း သူ့ဆရာ သေဆုံးသွားပါတယ်။ အဲဒါနဲ့ သူလည်း မယားငယ်ကိုခေါ်ပြီး အဝေးကို ထွက်ပြေးခဲ့တယ်။ နောက်တော့ သူတို့နှစ်ယောက်ဟာ လူသူအလှမ်းဝေးတဲ့ ရွာနှစ်ရွာ ကြားက တောလမ်းခရီးမှာ စားသောက်ဆိုင်လေးနဲ့ တည်းခိုခန်းဖွင့်ပြီး ဝရမ်းပြေးဘဝကို ဇာတ်မြုပ် ထားခဲ့တယ်။
  ဆိုင်ကိုလာရောက် တည်းခိုသူတွေကို အကဲခတ်မှတ်သားပြီး ဆိုင်ကထွက်ခွာသွားတဲ့အခါ အနောက်ကလိုက်ပြီး ပစ္စည်းလုလူသတ် နှုတ်ပိတ်တော့တာပါပဲ။ သူကိုယ်တိုင် မကောင်းမှုမှန်း သိပေမယ့် မယားဖြစ်သူရဲ့ တိုက်တွန်းမှုနဲ့ ပစ္စည်းလုလူသတ် အလုပ်ကို ဆက်လုပ်နေမြဲ လုပ်ခဲ့တယ်။
   နောက်ဆုံးမှာ  လောဘဇောမသတ်နိုင်သော မယားဖြစ်သူကို စွန့်လွှတ်ကာ တစ်ယောက်ထဲ အဲဒီနေရာဒေသကို စွန့်ခွာခဲ့တယ်။ ဆရာကိုသတ်ခဲ့သော အတိတ်မှအရိပ်က သူရဲ့စိတ်ကို အမြဲခြောက်လှန့်နေဆဲ။ ထိုအတိတ်ဆိုးကို ဖြေဖျောက်ရန် ရဟန်းဘဝကို ခံယူခဲ့ပြီး တစ်နေရာမှ တစ်နေရာသို့ ခရီးလှည့်လည် သွားလာနေခဲ့ပါတယ်။
   လမ်းခရီးတစ်နေရာကို ရောက်တဲ့အခါ ကျဉ်းမြောင်းတဲ့ တောင်ပတ်လမ်းက လူအများ အပြားကို မကြာခဏလိမ့်ကျသေဆုံးတဲ့ အခြေအနေကိုသိရှိပြီး အတိတ်ကအပြစ်များ ကို ဆေးကြောသည့် အနေနှင့်  တောင်ကိုဖောက်ကာ လမ်းဖောက်မည် ဟု ဆုံးဖြတ်ချက် ချလိုက်တော့တယ်။
  မာကြောသော ကျောက်တောင်ကို ဖောက်ကာ လမ်းဖောက်ရမယ့် အလုပ်သည် မလွယ်ကူမှန်း သိသော်ပေမယ့် အပြစ်တွေကို ဆေးကြောသည့်အနေဖြင့် တောင်ဖောက် လှိုဏ်လမ်းကို အတိုဆုံးလမ်းတစ်ခုအဖြစ် ဖောက်လုပ်ရန် ဆုံးဖြတ်ချက်ချခဲ့တယ်။
   ဖောက်လုပ်ရန် သတ်မှတ်လိုက်တဲ့ နေရာအနီးအနားမှာ တဲငယ်လေးတစ်လုံးထိုးပြီး ကိရိယာ၊ ဆူး၊ ဆောက် အနည်းငယ်နှင့် တောင်ကို ဖောက်သည့်အလုပ်ကို တစ်ကိုယ်တော် စတင်ပါတော့တယ်။ ဆွမ်းခံထွက်ချိန်မှလွဲလို့ အချိန်အတော်များများဟာ တောင်ဖောက်တဲ့ အလုပ်မှာပဲ အသုံးချလိုက်တယ်။
  လမ်းသွားလမ်းလာတွေက မြင်တွေ့တဲ့အခါ ကျောက်တောင်ကို လှိုဏ်ထွင်းပြီး လမ်းဖောက်သည့်အလုပ်ဟာ မဖြစ်နိုင်တဲ့ အလုပ်တစ်ခုလို ပြစ်တင်ကဲ့ရဲ့ကြတယ်။ ဒါပေမယ့် ရဟန်းကြီးကတော့ မိမိလုပ်ရမည့်အလုပ်ကို ဆက်လုပ်နေမြဲ လုပ်ခဲ့တယ်။ နှစ်အနည်းငယ်ကြာတော့ ရွာသားများ အမြင်ပြောင်းကာ တစ်ကိုယ်တည်း လုပ်ကိုင်နေသည့် ရဟန်းကို အကူအညီပေးဖို့ ရွာလုံးကျွတ်နီးပါး ဆူး၊ ဆောက်၊ ပေါက်ပြားများဖြင့် ကျောက်တောင်ကို ကုညီ ထွင်းဖောက်ပေးကြပြန်ပါတယ်။
   ကျောက်တောင်ကို ထွင်းဖောက်တဲ့အလုပ်ဆိုတာကလည်း ပင်ပန်းလွန်းပြီး အရာထင်မှုသည် နည်းလွန်းလှတဲ့အတွက် တစ်နေကုန် ပင်ပင်ပန်းပန်း တူးဆွမှ ရှေ့ကိုတစ်လက်မ၊ နှစ်လက်မမျှ မပေါက်ချင်၊ တစ်လလုံးလုံး ပင်ပင်ပန်းပန်း ထွင်းဖောက်ပေမယ့် အလုပ်ပြီးမြောက်မှုက သိပ်မသိသာလှ စသည်ဖြင့် ကြုံတွေ့လာရတယ်။ လအနည်းငယ်ကြာတဲ့အခါ တဖြည်းဖြည်းနှင့် ရွာသားများလည်း အကြောင်းပြချက်အမျိုးမျိုးနဲ့ စွန့်ခွားသွားလိုက်ကြတာ ရဟန်းကြီးတစ်ပါးထဲသာ ကျန်ရစ်ခဲ့ပါတော့တယ်။
  ထွက်ခွာသွားသူများဘက်ကလည်း မဖြစ်နိုင်သည့်အလုပ်တစ်ခုကို ဆက်လုပ်နေတယ်ဆိုတဲ့ အပြစ်တင် ငြိုငြင်ကြတယ်။ ရဟန်းကတော့ ကိုယ်လုပ်ရမည့် အလုပ်ကို ဆက်လက် လုပ်ကိုင်နေဆဲ..
  အဲဒီအချိန်မှာပဲ သူ့သတ်ခဲ့မိတဲ့ ဆရာရဲ့သားလည်း အရွယ်ရောက်လာချိန် အဖေကို သတ်ခဲ့သောသူကို လက်စားချေ ပြန်သတ်ပြီး ကျဆင်းခဲ့တဲ့မျိုးရိုး ဂုဏ်သိက္ခာကို ပြန်ဆယ်ဖို့ ခရီးလှည့်လှည်ရင်း  လိုက်လံ ရှာဖွေ နေပါတယ်။
  ရဟန်းကြီးကတော့ အိပ်ချိန် စားချိန်ကလွဲလို့ လှိုဏ်ခေါင်းထဲမှာ မီးရောင်လဲ့လဲ့နဲ့ တစ်ကိုယ်တော် တူးဆွနေမြဲ တစ်ခါတစ်ရံ ညအမှောင်ထဲမှာ တောင်တူးဆွလျှက်၊ တစ်ကိုယ်ထဲ ပင်ပင်ပန်းပန်း လုပ်ကိုင်ရမှုကြာင့် ကိုယ်ခန္ဓာက ပိုပြီးကြုံလှီလာတယ်။ ဘယ်လိုပဲ ပင်ပန်းဆင်းရဲပေမယ့် မရပ်မနား တူးဆွလျှက်။
    သူ့ဆရာ၏ သားကလည်း နေရာအနှံ့ သွားလာရင်း ရှာဖွေစုံစမ်းနေဆဲ။ ဒီလိုနဲ့ လှိုဏ်ခေါင်းက အတော်ခရီးပေါက်လာတဲ့အခါ ရွာသားများ ပြန်ရောက်လာပြီး ကူညီ ကြပြန်တယ်။ လအနည်းငယ် ကူညီပြီးတဲ့အခါ အပြစ်တင် ရေရွတ်သံတွေနဲ့ ထွက်ခွာ သွားကြပြန်တယ်။ ရဟန်းကြီးကတော့ တစ်ကိုယ်တော် ဆက်လက် လုပ်ကိုင်လျှက်ရှိနေဆဲ။
    တစ်နေ့တော့ သူ့ဆရာရဲ့သားက ရဟန်းကြီးကို ရှာတွေ့ခဲ့သွားတယ်။ သူ့အဖေကို သတ်သွားသူ လူသတ်သမားက အိုမင်းကြုံလှီနေသော ရဟန်းကြီးအဖြစ် တွေ့ရလိမ့်နယ်လို့ သူ-ထင်မှတ်မထားခဲ့တာအမှန်ပါ။ လူသတ်သမားကို သတ်ဖို့ သူအမျိုးမျိုးတွေးတောခဲ့၊ ကြံစည်ခဲ့ပေမယ့် အခုလို ရဟန်းအိုကြီး အဖြစ်တော့ မမျှော်လင့်ခဲ့ပါ။
   ဘယ်လိုပဲဖြစ်ဖြစ် သတ်ရမယ်။ ရဟန်းကြီးရဲ့ လှိုဏ်ခေါင်းတူးခြင်းကလည်း တဖြေးဖြေး တစ်ဖက်သို့ပေါက်ဖို့ အရမ်းနီးကပ်လာပြီ်။ ရွာသားတွေလည်း ကူညီဖို့ ပြန်ရောက်လာကြပြန်ပါတယ်။ ဆာမူရိုင်းသားက ရဟန်းကြီးကို အဆင်သင့်ပြင်ရန်ပြောတော့ ရဟန်းကြီးက သူ့ကိုသတ်ခွင့်ရပါစေမည် ဟု ကတိပေးရင်း လှိုဏ်ခေါင်းတူးခြင်းကိစ္စ ပြီးဆုံးသည်အထိ စောင့်ရန်သာခွင့်တောင်းလိုက်တယ်။ အဲဒီအခါ ဆာမူရိုင်းကြီးရဲ့သားက ရွာသားများနဲ့ ကူညီလုပ်ကိုင်ရင်း စောင့်ဆိုင်းနေခဲ့တယ်။
  ဆာမူရိုင်းရဲ့သားဟာ ရွာသားများနဲ့ ကူညီလုပ်ကိုင်ရင်း ရဟန်းကြီးနဲ့အတူ နှစ်ပေါင်းများစွာ အပင်ပန်းဆင်းရဲခံ အတူကြိုးစားပုံ၊ သာမာန်လူတို့ မဖြစ်နိုင်ဟု ထင်ထားတဲ့ အလုပ်ကို တစ်ကိုယ်ထဲ ကိုယ်ကြိုးစွန့် ဆောင်ရွက်ပုံကို မြင်ယောင်လာအောင် ရေးသားထားတာတွေ့ရပါတယ်။ 
တစ်ချိန်က ပြစ်မှုကျူးလွန်ခဲ့သူ၊ ရှက်စရာ အလုပ်ကို ဆောင်ရွက်ခဲ့သူ၊ 
အခုတော့  သူ့ကိုယ်ကျိုးမပါဘဲ အများကောင်းကျိုးအတွက် နှစ်ပေါင်းများစွာ စွန့်လွှတ် အနစ်နာခံခဲသူ ။
    တစ်ဖက်မှာလဲ ဆွေမျိုးများအလယ်တွင် ကျဆင်းခဲ့ရသော သိက္ခာ....
    သိက္ခာဆယ်ရန် အတွက် လူသတ်သမားကို သတ်ရတော့မည်။
    အဖေကိုသတ်တဲ့ လူသတ်သမားအဖြစ် မုန်းခြင်း၊ လူအများအကျိုးကို နှစ်ပေါင်းများစွာ ကိုယ်ကြိုးစွန့် အနှစ်နာခံသူအဖြစ် ချစ်ခြင်း စသဖြင့် အားပြိုင်ရင်း ဝတ္ထုကို အဆုံးသတ်ထားပါတယ်။
 မူရင်းဝတ္ထုက ပါးပါးသေးသေး စာအုပ်လေးပါ။ နာမည်ကြီး စာအုပ်စာရင်းထဲလည်း မပါခဲ့ပါ။
ကျွန်တော်ကြိုက်မိတာကတော့ ရဟန်းကြီးနဲ့ရွာသားတွေပါ။ သူတို့ရဲ့ အပြုအမူတွေကို လက်တွေ့ ဘဝတွေနဲ့ နှိုင်းယှဉ် ကြည့်ချင်မိပါတယ်။

No comments:

Post a Comment