Sunday, September 30, 2012

ရိုးသားခြင်းနှင့် အယောင်ဆောင်ခြင်းများ


 “ကျွန်တော်တို့ ဘယ်လောက်ရိုးသားကြသလဲ” ဟူသော Reader Digest မဂ္ဂဇင်းမှ ပြုလုပ်သောရိုးသားမှု စမ်းသပ်ပွဲတစ်ခုအကြောင်း ဖတ်ဖူးပါသည်။ မတူညီသောနိုင်ငံ အသီးသီးတွင် ပိုက်ဆံအိတ်များ လမ်းပေါ်တွင် ကျပျောက်သလို ဟန်ဆောင်ကာ၊ ပိုက်ဆံအိတ် ကောက်ယူရရှိသူတို့ ဘယ်လောက် ရိုးသားသလဲ စမ်းသပ်ခြင်း ဖြစ်ပါသည်။ ကောက်ရသူတို့သည် ပစ္စည်းပျောက်ဌာနသို့ လာရောက် အပ်နှံသလား။ ဌာနသို့အပ်နှံခြင်းမရှိဘဲ မသိချင်ယောင်ဆောင်ကာ အပျောက်ရှင်းကြသလား စသည် တို့ကို နိုင်ငံအလိုက် ရာခိုင်နှုန်းဖြင့်တွက်၍ စစ်ဆေးကြည့်ကြခြင်း ဖြစ်ပါသည်။
     ပစ္စည်းပျောက်ဌာနသို့ လာရောက်အပ်နှံသူတွေကို ဆုပေးခြင်း မလုပ်သလို၊ အပျောက်ရှင်းသွားသူများ အတွက်လည်း အမှုအခင်းတွေ မပြုလုပ်ပါ။ ဆုပေး၊ ဒဏ်ပေးခြင်းများ မပြုလုပ်သောကိစ္စ၊ ကိုယ် တစ်ယောက်ထဲသာ သိသောကိစ္စများတွင် မည်မျှ အကျင့်သီလကို စစ်ဆေးကြည့်ခြင်းဖြစ်ပါသည်။
     ထိုသို့အလားတူဖြစ်ရပ်မျိုးကို A.J Cronin ၏ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ နှစ်လောက (Adventure in two world) တွင်ဖတ်ဖူးပါသည်။ ဆရာကြီး A.J Cronin သည် အထူးကုဆရာဝန် "စာမေးပွဲတွင် နှုတ်ဖြေစာမေးပွဲကို ဖြေရပါသည်။ စာစစ်ဆရာဝန်ကြီးက ဘာကြောင့် ဆရာဝန် အလုပ်ကို ရွေးချယ်ရပါသလဲ" ဟူသော အလွန်ရိုးရှင်းသောမေးခွန်းကို မေးပါသည်။ A.J Cronin က "ဝင်ငွေအသင့်အတင့်ကောင်းမွန်ပြီး သက်တောင့်သက်သာရှိတဲ့ အလုပ်တခုလို့ ထင်လို့ပါ" ဟု ဖြေဆို သောအခါ စာစစ်ဆရာက အအောင် ပေးလိုက်ပါသည်။ စာစစ်သူက "အကယ်၍ မင်းကသာ သူများအသက်ကို ကယ်တင်ချင်လို့၊ မြင့်မြတ်တဲ့အလုပ်ဖြစ်လို့ စတဲ့ ပေါက်ကရ အဖြေတွေဖြေရင် ငါကမင်းကို စာမေးပွဲချလိုက်ဖို့ ဆုံးဖြတ်ပြီးပြီ"
လို့ A.J Cronin ကိုပြောလေသည်။
    တချို့သော ရုပ်ရှင်၊ဝတ္ထုဇာတ်လမ်းများသည် ဖြစ်နိုင်ခြေအလွန်နည်းသော အဖြစ်အပျက်များကို
ချဲ့ကား၍ ရေးကြ၊ရိုက်ကြသည်။ ဥပမာ…အလွန်ဒုက္ခရောက်ချိန်တွင် ဖခင်အရင်းဟု ပြောကာ သူဌေးကြီးတစ်ယောက် ရောက်လာသောဇာတ်လမ်းမျိုးဖြစ်သည်။
   တိုင်းပြည်ကို အသက်ပေးပြီးကာကွယ်ချင်လို့ လူတွေရဲ့အသက်ကိုကယ်တင်ချင်လို့ တိုင်းပြည်ရဲ့
လမ်း တံတားတွေကို အဆင့်မြှင့်တည်ဆောက်ချင်လို့ ကမ္ဘာပတ်ချင်လို့  စတဲ့ကိုယ်ရွေးချယ်တဲ့ အသက်မွေးဝမ်းကျောင်းနဲ့ ပတ်သက်တဲ့ မကြာခဏ ကြားမိ ပါသည်။ ထိုသို့ကြားမိလိုက်တိုင်း ဖြစ်နိုင်ချေ
နည်းသော ရာခိုင်နှုန်းတစ်ခုကို ရိုးသားမှုမရှိပဲ ချဲ့ကားပြောဆိုသည်ဟု ခံစားရပါသည်။ ထိုသို့သောကိစ္စ
များတွင် မှန်ကန်မှုမည်မျှ ရှိသနည်း ကိုစစ်ဆေးခြင်းမှာမိမိ ကိုယ်တိုင်သာဖြစ်၍ မိမိသည်သာ အသိဆုံးဖြစ်ပါသည်။
     ရာထူးအသီးသီးတွင် တိကျစွာ ပြဌာန်းထားသော တာဝန်များရှိသလို၊မိမိ၏ ကိုယ်တိုင်သာရှိသော တာဝန်ယူစိတ်ဖြင့်လုပ်ရသော အလုပ်များရှိရပါမည်။ ဥပမာ…ကျောင်းဆရာတစ်ယောက်အတွက် ကျောင်းသားများကို စာသင်ကြားရခြင်းသည် ပြဌာန်းထားသော အလုပ်ဖြစ်သော်လည်း၊ တတ်မြောက်အောင် နည်းလမ်းမျိုးစုံသုံးကာ စေတနာဖြင့် သင်ကြားခြင်းကတော့ ကိုယ်တိုင်သာသိရှိသောတာဝန်ယူစိတ်ပင်ဖြစ်ပါသည်။
     ရိုးသားစွာဖြင့် မိမိကိုယ်ကို စမ်းစစ်ကြည့်မှသာ မိမိ၏ ရိုးသားမှုကို သိနိုင်မည်ဖြစ်သည်။ သို့သော် ထိုသို့ မိမိ ကိုယ်ကို ဆန်းစစ်ခြင်းကိုရော လုပ်မိကြရဲ့လားဟူသော မေးခွန်းမှာ အဖြေခက်သော မေးခွန်း ဖြစ်သည်။မေးမြန်းကြည့်လိုက်လျှင်လည်း လူ့သဘာဝဆန်စွာ ငါတစ်ယောက်ထဲ မရိုးသားမှုကို လုပ်တာမဟုတ်တာ ဆိုသော အဖြေသာ ပေးမိမည် ဖြစ်သည်။ ဘေးမှ ပတ်ဝန်းကျင်ကလည်း အလှူ မှတ်တမ်းတွင် မည်မျှ လှူဒါန်းသည်ကိုသာ သတိထားပါသည်။ ထိုငွေကြေးများကို မည်သို့ရရှိသည်ကို ဂရုစိုက် မနေခြင်းသည်က ကျွန်တော်တို့၏ အလေ့အထ လိုပင်ဖြစ်ပါသည်။
    တခါတလေတွင် ကံကောင်းလိုက်တာ ဟုချီးကျုးကာ အိမ်ဦးခန်းတွင် နေရာပေးခြင်းတောင် ခံရနိုင်သေးသည်။
    ကျွန်တော်တို့ လူနေမှုတွင် ကြိုတင် ကာကွယ်မှုထက်၊ ဖြစ်ရပ်များဖြစ်ပွားပြီးမှ အရေးယူ ဆောင်ရွက်ရခြင်းသည် အလေ့အထတစ်ခုလို ဖြစ်နေပါပြီ။ ထိုဖြစ်ရပ်များသည် တာဝန်ယူသူ များ၏ ကိုယ်တိုင် တာဝန်သိစိတ်ဖြင့် မတားဆီးသောကြောင့် ဖြစ်ပွါးရခြင်းများ ဖြစ်ပါသည်။
    အလေ့အထဆိုးတစ်ခုကတော့ တာဝန်ဆိုသည့် စကားရပ်ကို မိမိ၏ ပင်ကိုယ်သိစိတ်ဖြင့် ဆောင်ရွက်ရမည့်အစား၊ မိမိ၏ ရာထူးတည်မြဲနေရုံ အပေါ်ယံဆောင်ရွက်နေကြခြင်း ဖြစ်သည်။ ထို့ကြောင့် ကိုယ်တိုင် တာဝန်ရှိသူ၏ တာဝန်ယူစိတ်နဲပါးမှု၊ မကျွမ်းကျင်မှုများကြောင့် မလိုအပ်သော ကိစ္စရပ်များဖြစ်ပွားရပါသည်။ ထိုကိစ္စရပ်များကို ကာကွယ်ရန် မြောက်မြားစွာသော စည်းမျဉ်းများကို ထုတ်ပြန်ရပါတော့သည်။
    ထို့ကြောင့် ရိုးသား၍ တာဝန်ယူစိတ် ပြည့်ဝသောစိတ်ဓါတ် ပိုင်ရှင်များကို မွေးထုတ်ပေးနိုင်သော၊ ထိုကဲ့သို့သော လူများကို အလေးထားသော လူ့အဖွဲ့အစည်းရှိမှသာ ကျွန်တော်တို့ လိုအပ်သော ပန်းတိုင်သို့ မြန်မြန်ဆန်ဆန် ရောက်ရှိမည် ဖြစ်သည်။


No comments:

Post a Comment