Monday, September 17, 2012

ကျွန်တော်ကြိုက်ခဲ့သော စာအုပ်များ(၃)

       ကျွန်တော်ကြိုက်တဲ့ စာအုပ်လေး နောက်တစ်အုပ်က အင်တာဗျူးစာအုပ်လေးပါ။ မေးသူက ဆရာကြီးဦးအောင်သင်းပါ။ သရဖူမဂ္ဂဇင်းမှာ အခန်းဆက်ရေးထားတာကို စာအုပ်ပြန်ထုတ်ဝေထား တာပါ။ ဖြေတဲ့သူတွေက ဆရာကြီး ဦးအေးမောင်၊  ရုပ်ရှင်သရုပ်ဆောင် ဆွေဇင်ထိုက်နဲ့ စာရေးဆရာ ကြည်မင်းပါ။ မူရင်းသရဖူမဂ္ဂဇင်းမှာ အင်တာဗျူးလုပ်တုန်းက ဖြေဆိုသူသရုပ်ဆောင် မင်းသားကြီး ဦးကျော်ဟိန်း ပါခဲ့ပေမယ့် စာအုပ်အဖြစ် ထုတ်ဝေရာမှာတော့ မပါဝင်ခဲ့တာလဲ ထူးခြားမှုတစ်ခုပါ။

        ဒီစာအုပ်မှာ ဆရာအောင်သင်းရဲ့အပင်ပန်းခံမှုကို အထင်သား တွေ့မြင်ရပါတယ်။

 မေးချင်တာတွေ မေးထားတာမဟုတ်ဘဲ၊ နောင်လူငယ်တွေအတွက် ဆရာကြီးဦးအေးမောင်ထံမှ ပညာအမွေတွေ ရသလောက်နှိုက်ထုတ်ထားပါတယ်။ ဆရာကြီးရဲ့ စာအုပ်တွေကို အကုန်လုံး ပြန်ဖတ်ပြီး ကျောင်းသားလူငယ်တွေကို မေးခွန်းတွေ ထုတ်ခိုင်းပါတယ်။ သူကိုယ်တိုင်စာအုပ်တွေနဲ့ ညှိနှိုင်းဖတ်ရှုထားတာပါ။ အင်တာဗျူးဆိုတာနဲ့ပတ်သက်ပြီး၊ တစ်ခါတုန်းက အဆိုတော် လေးဖြုကို အင်တာဗျုးဆရာက မေးခွန်းတွေမေးပါတယ်။ လေးဖြူက “ခင်ဗျားအနေနဲ့ အင်တာဗျုးမယ်ဆိုရင် ကျွန်တော့် အကြောင်းကို ကြိုတင်လေ့လာထားရမှာ”လို့ ဖြေလိုက်တဲ့အတွက် အဲဒီအဖြေဟာ အတောလေးကို ဂယက်ရိုက်သွားသေးတယ်။

        ဆိုလိုတဲ့ သဘောက ဘာမှမလေ့လာပဲ မေးချင်တာတွေမေးရင် စာဖတ်ပရိသတ်အတွက် အကြိုးမများပါ။ လေ့လာထားမှ ဖြေတဲ့လူဆီက အဖိုးတန်တာတွေ နှိုက်ထုတ်နိုင်မှာပါ။

  • ဆရာကြီးဦးအေးမောင်ကိုတော့ သူ၏လေးနက်သော အတွေးအခေါ်များ၊ ကိုယ်ပိုင်ဥာဏ် အသုံးချမှုများကို ရိုသေလေးစားသောကြောင့် ချဉ်းကပ်မေးမြန်းခဲ့ပါသည်။


  • ရုပ်ရှင်မင်းသမီး ဆွေဇင်ထိုက်ကိုတော့ဖြင့် အနုပညာသည်တစ်ယောက်အဖြစ် အောင်မြင်နေပါလျှက် ပညာကို ခင်ခင်မွတ်မွတ်ဖြင့် လိုက်စားဆည်းပူးခဲ့သည့် ဇွဲကို လေးစားစိတ်နှင့် ချဉ်းကပ် မေးမြန်းခဲ့ ပါသည်။


  • ဆရာကိုကြည်မင်းကိုတော့ ပညာကို ခြေခြေမြစ်မြစ်ရအောင် ဆည်းပူးခဲ့သည့် ဇွဲကို လေးစားစိတ်နှင့် ချဉ်းကပ်မေးမြန်းခဲ့ပါသည်။

        အားလုံးမှာ ပညာနှင့်ပတ်သက်နေသည်ချည်း ဖြစ်ကြောင်းကိုလည်း သတိပြုမိကြပါလိမ့်မည်
ဟု အမှာစာတွင် ရေးသားထားပါသည်။

      ပထမဆုံးမေးမြန်းသူမှာ ဆရာကြီးဦးအေးမောင်ဖြစ်သည်။ "သူ့ပညာ"ဟု ခေါင်းစဉ် တပ်ထားသည်။ ဆရာကြီး၏ ထိုစဉ်က ထုတ်ဝေပြီးစာအုပ်မှာ ၇-အုပ်ဖြစ်သည်။ ဗုဒ္ဓနှင့် ဗုဒ္ဓ၀ါဒ(၃)တွဲမှာ ဆဋ္ဌသံဃာမှူနှင့် မကိုက်ညီဟုဆိုကာ ပြန်လည်ထုတ်ဝေခွင့်ကို ထိုစဉ်က ပိတ်ထားခဲ့သည်။ ဆရာကြီး၏ စာအုပ်များမှာ ပြန်လည်မထုတ်ဝေကြသေးပါ။ အင်တာဗျူးစာအုပ်တွင် ပါပြီးနောက်မှ ပြန်လည် ထုတ် ဝေကြခြင်း ဖြစ်ပါ သည်။ ဆရာကြီး၏ လုံ့လ၀ိရိယနှင့် စေတနာမှာ အံ့သြလောက်ပါသည်။         
        စာအုပ် တစ်အုပ်၏ နောက်တွင်ရေးထားသော ကျမ်းကိုးများမှာ ရည်လျားလှပါသည်။ ထို့ပြင် တင်ပြသော အကြောင်းအရာများမှာ သာမာန်လူများ မကိုင်ဝံ့သော ဘာသာရပ်များကို အထောက် အထား ခိုင်ခိုင်လုံလုံဖြင့် ပညာရှင်ပီသစွာ သမာသမတ်ကျလှပါသည်။

       ရေးသားသော ဘာသာရပ်ကို ကျွမ်းကျင်စွာ မွှေနောက်ပြီးမှ ပိုင်နိုင်စွာ စီစဉ်ရေးသားခြင်းဖြစ်ပါသည်။ ဘာသာပြန်ရုံသက်သက် မဟုတ်ပါ။ ထို့သို့ ပိုင်နိုင်သောကြောင့် မေးလိုက်သော မေးခွန်းများကိုဖြေရာတွင် အကိုးအကားကျမ်းများကို လက်တမ်းဖြေဆို နိုင်ခြင်းဖြစ်ပါသည်။

       ဆရာကြီးကို ပထမဆုံးမေးမြန်းသောအပိုင်းမှာ ဗီဇနှင့်ပတ်ဝန်းကျင်အပိုင်း ဖြစ်ပါသည်။ ထို အမေး အဖြေများမှ ကောင်းနိုးရာရာများကို ကောက်နုတ်တင်ပြပါမည်။ အပြည့်အစုံကို မူရင်းစာအုပ် တွင်ရှာဖွေ နိုင်ပါသည်။
 အေး။  ။ ဗီဇနှင့် ပတ်ဝန်းကျင်ဟာ လူသတ္တ၀ါတစ်ဦး သို့မဟုတ် နိုင်ငံတစ်ခု ကြီးပွားတိုးတက်မှု အတွက် အဓိကအကြောင်းတရား နှစ်ပါးဖြစ်တယ်ဆိုတာ ဘာမှယုံမှားစရာမရှိဘူး ကိုအောင်သင်းရဲ့။ ဒါပေမယ့်  ဒီအချက်ဟာ လူသတ္တ၀ါ တစ်ဦးအတွက်မှာ မှန်နိုင်သော်လည်းပဲ နိုင်ငံတစ်ခုအတွက်ဆိုရင် ဟုတ်နိုင်ပါ့မလားလို့ သံသယ ဖြစ်တတ်ကြတယ်။ ဒါကြောင့် အမေရိကန်လို သဘာဝ ပစ္စည်းမကြွယ်ဝတဲ့ တရုတ်-ဂျပန်-ထိုင်ဝမ်ဆိုတဲ့ တိုင်းပြည်မျိုးတွေမှာ ဘာကြောင့် တိုးတက်ကြီးပွါးနေသလဲလို့ မေးစရာ ဖြစ်လာတာပေါ့။

           ဒီနေရာမှာ နိုင်ငံတစ်ခုရဲ့ ဥစ္စာဓနဆိုတာ အဲဒီ နိုင်ငံရဲ့ သဘာသ ပစ္စည်းကြွယ်ဝနေရုံနဲ့ မပြီးသေးဘဲ ကျင့်သုံးတဲ့ စီးပွါးရေး စနစ်ပေါ်မှာ လည်း တည်နေသေးတယ်ဆိုတာကို မမေ့သင့် ဘူးလေ။....အဲဒီလို စီးပွားရေးစနစ် ဆိုတဲ့ ပတ်ဝန်းကျင်ကိုလည်း ထည့်တွက်အုံးမှပေါ့။
 အေး။  ။ လူ့ဘ၀ကို ပြုပြင်ပြောင်းလဲ ဖန်တီးတဲ့ပတ်ဝန်းကျင် အကြောင်းတရားဆိုတာ မျိုးရိုးဗီဇမှ တစ်ပါး အခြားအရာအားလုံးကို ရည်ညွှန်းတာဖြစ်နေတယ်။ ဒါကြောင့် ပတ်ဝန်းကျင် ဆိုတာ အဆုံးအစ မရှိလောက်အောင်ကိုပဲ ကျယ်ဝန်းနေတယ်။ မိဘဆရာသမားရဲ့ ဆုံးမမှု-ဘာသာတရား-ရိုးရာ ယဉ်ကျေးမှု-လူနေမှုစနစ်-ရာသီဥတု စသည်အားဖြင့် ပြောလို့ မကုန်နိုင်ဘူး မဟုတ်လား။...

       ...ကြောက်စိတ်၊ မိမိဘ၀ ကိုတွယ်တာစိတ်၊ မိမိဘ၀ တည်မြဲဖို့ အတွက် တစ်ဖက်သား အပေါ် သနားညာတာမှု ကင်းမဲ့တဲ့စိတ် စသည် ဗီဇစိတ်တွေကတော့ လူနဲ့ တိရိစ္ဆာန် ပြောပလောက်အောင် ကွာခြားမှု မရှိလှဘူး။.....စသည် ဗီဇ နှင့်ပတ်ဝန်းကျင်စာအုပ် အပေါ်ဖြေကြားချက်များသည် လွန်စွာ စိတ်ဝင်စားစွာ ကောင်းနေပါသည်။

   ဆရာအောင်သင်း၏ နောက်ထပ်မေးမြန်းမည့်စာအုပ်မှာ သိပ္ပ္ပံနည်းစူးစမ်းမှုနှင့် သိပ္ပံပညာသဘော စာအုပ် ဖြစ်ပါသည်။
 အေး။  ။ကိုအောင်သင်းရေ ကျွန်တော်ရေးခဲ့လေသမျှ စာအုပ်ထဲမှာ ဒီစာအုပ်ဟာ လူကြိုက် အနည်းဆုံးလို့ ထင်တာပဲ။ စာဖတ် ပရိသတ်ရဲ့ တုံ့ပြန်မှုကလည်း ဘာမှကျေနပ်လောက်စရာ မရှိဘူး။ ကိုအောင်သင်းကို ပြောရအုံးမယ်။ ကျွန်တော့စာအုပ် လက်ဆောင်ပေးလိုက်တဲ့ တက္ကသိုလ်က သိပ္ပံပါမောက္ခတစ်ဦးကတောင် စိတ်ဝင်စားမှုလက္ခဏာ မပြဘူး။...

.....လေးလေးနက်နက် ဆင်ခြင် သုံးသပ်ချင်တဲ့ ဥာဏ်အားနည်းချက်ဟာ ကမ္ဘာ့လူအများစုရဲ့ စရိုက်ကြီးလိုကို ဖြစ်နေတယ်မဟုတ်လား...စတဲ့ စဉ်းစားဆင်ခြင်မှုနဲ့ ပတ်သက်သော မှတ်ချက်များက ရဲဝံ့ထိရှလှပါသည်။

   ဘာသာရေး နှင့်ပတ်သက် ပြီး မှားယွင်းစွာ ကောက်ချက်ဆွဲမှုများ၊

   ...သမိုင်းအတွေ့ အကြုံကို ပြန်လည် သုံးသပ်နိုင်သော စဉ်းစားဥာဏ် အားနည်းမှုကြောင့် မြန်မာတို့ စစ်(၃)ကြိမ် ရှုံးနိမ့်ခဲ့သည်ဟု ဆရာကြီးက ကောက်ချက်ဆွဲ ထားသည်။

    အတိတ်ကံနှင့် ပတ်သက်သော ဖြေကြားချက်များသည် မိရိုးဖလာ ဗုဒ္ဓဘာသာများအတွက် ထိရှ လွန်းလှသည်။ထိုအကြောင်းအရာများအတွက် ဆရာကြီးက ဗုဒ္ဓဟောကြားသော သုတ္တန်များကို ကိုးကားထားသည်။


No comments:

Post a Comment