Monday, September 17, 2012

ကျွန်တော်ကြိုက်ခဲ့သောစာအုပ်များ(၂)

နှစ်လောက--မြန်မာပြန်ဆိုသူ မောင်ထွန်းသူ
Adventure in Two World ---A.J Cronin..
         ဒီစာအုပ်လေးကတော့ စာရေးဆရာရဲ့ ကိုယ်တိုင်ရေး အတ္တုပတ္တိ (Autobiography)လို့ ဆိုရပါမယ်။ ဒီစာအုပ်ထဲက ဇာတ်လမ်း အတိုလေးတွေကို ဆရာဖေမြင့်က ထုတ်နုတ်ပြီးစာအုပ်အဖြစ် ထုတ်ထားပါသေးတယ်။ စာရေးဆရာရဲ့ စာအုပ် ၃-အုပ်လောက်က ဇာတ်လမ်းကြောရိုး အတူတူပါပဲ။ ဆင်းဆင်းရဲရဲ ပညာသင်ခဲ့ပြီး ဆရာဝန် ဖြစ်လာတယ်။
    ဆရာဝန်ဖြစ်လာတော့ ကျောက်မီးသွေးတွင်းတွေ ရှိတဲ့နေရာမှာ တာဝန်ကျပြီး၊ ဆင်းရဲနုံချာတဲ့ ဘ၀တွေကိုတွေ့ရတယ်။ ထပ်ကြိုးစားလို့ ဘွဲ့လွန်ရကာ ဆရာဝန်ကြီးဖြစ်လာတယ်စတဲ့ အချက်တွေပါ။ ဒီစာအုပ်ရဲ့ ထူးခြားချက်က အောင်မြင်တဲ့စာရေးဆရာဘ၀ကိုပါ ထပ်မံတည်ဆောက်တာပါ။ ပြီးတော့ ကိုယ်တိုင်ရေးအတ္တုပတ္တိပါ။
    ဖတ်ခဲ့တာကြာပြီဆိုတော့ အချက်အလက်တွေကို မမှတ်မိလို့ မပြောနိုင်တော့ပါဘူး။ စနေ၊ တနင်္ဂနွေတွေမှာ နှင်းတွေကြားမှာဆိုင်ကယ်စီးပြီး မြို့ဆေးရုံလေးကိုသွားပြီး လက်တွေ့လုပ်ရတဲ့ဘ၀၊ ချမ်းချမ်းစီးစီး၊ စိုစိုစွတ်စွတ်၊ အိမ်က မိန်းမက ဘုရားတလျှက်။ Oral exam မှာ examiner ကို ဖတ်စာအုပ်ထဲက တွေ့ရှိမှုထက်စောတဲ့ တွေ့ရှိသူကို Latin စာလေ့လာရင်း ပြန်ငြင်းချက်ထုတ်မိ။ တပည့်ရဲ့ အယူအဆကို တလေးတစားနားထောင်တဲ့ Examiner၊ ချမ်းချမ်းစီးစီးနဲ့ ဆာလောင်မွတ်သိပ်မှု။ ရုန်းကန်မှုရဲ့ ရလာဒ်ကောင်း-စတဲ့ ရင်သိပ်ဖွယ်ကြိုးစား ရုန်းကန်သူတစ်ယောက်၊ မိမိဖြစ်ချင်တဲ့ အရာပေါ်မှာ တရှိုက်မက်မက် တမ်းတကာ အကောင်အထည်ဖော်မှု၊ အောင်မြင်မှုကို အဆုံးအထိ မခံစားလိုက်မှီ၊ နောက်ထပ်ပြောင်းလဲခဲ့သောဘ၀တစ်ခု အောင်မြင်တဲ့စာရေးဆရာဘ၀ကို ထပ်ပြီး တက်လှမ်းပုံ စတဲ့ ပုံရိပ်တွေပါ။
  ဆင်းဆင်းရဲရဲ ဘ၀ကနေပြီးတော့ တော်ဝင်သမားတော်ကြီးဖြစ်အောင် ကြိုးစားပုံ၊ နောက်ထပ် အောင်မြင်တဲ့ စာရေးဆရာဘ၀ စတာတွေက ဖတ်ရတာ အလွန် အားကျစရာ ကောင်းပါတယ်။ ဘ၀ကိုရုန်းကန်နေရတဲ့ ဆင်းရဲသားတွေရဲ့ဘ၀ကိုလည်း ဖော်ကြူးကာ ထည့်ထားပါတယ်။ သူ့ရဲ့ ဘာသာတရားကိုင်းရှိုင်းတဲ့ ခရစ်ယာန် တစ်ယောက် ဘ၀၊ ဘုရားသခင်ကို အကြွင်းမဲ့ယုံကြည်မှုတွေ ကိုလည်းဖတ်ရပါတယ်။
     ဇာတ်လမ်းအရ ကောင်းမွန်သလို၊ အရေးအသား တင်ပြမှုမှာ ကောင်းမွန်သောကြောင့် ဆွဲဆောင်မှုအား ကောင်းလှပါတယ်။ သူ့ရဲ့ အတ္တုပတ္တိ (Autobiography) ဖြစ်တာကြောင့် သူ့ရဲ့ ကြိုးစားမှုတွေ၊ အားမာန်တွေက စိမ့်ဝင်ကူးစက်လာပါတယ်။ ဒါကြောင့်လဲ နှစ်ပေါင်းများစွာ ကြာတာတောင် မှတ်မိနေတာပါ။ ဘ၀မှာ မိမိရဲ့ကြိုးစားမှုကို အရင်းတည်ကာ အောင်မြင်တဲ့ဘ၀(အလုပ်အကိုင်) နှစ်ခုကို တည်ဆောက်နိုင်ခဲ့သူ ဖြစ်တာကြောင့် အလွန်အားကျမိပါတယ်။ ဒီစာအုပ်ကို နောက်တစ်ခေါက် ပြန်ဖတ်ဖြစ်ရင် ပိုကောင်းတဲ့ အချက်အလက်တွေကို ထည့်နိုင်မှာပါ။ နောက်တစ်ခါ ဖတ်ပြီးရင် ဒီထက်ကောင်းတဲ့ အချက်အလက်တွေကို သူငယ်ချင်းတွေကို မျှဝေပေးပါမယ်။

No comments:

Post a Comment