အီဗါရဲ့အိမ်က နန်းတော်ကြီးတစ်ခုလိုပါပဲ။ ရှေးဟောင်းနှစ်ထပ်အိမ်ကြီးပါ။
တစ်ခါတုန်းက ရဲဌာနချုပ်အဖြစ် သုံးခဲ့ပါသေးတယ်။
ဆူညံတဲ့မိရထားကုန်းတက်နားမှာ တည်ရှိပါတယ်။ အိမ်ထဲမှာ စိုစွတ်ထိုင်းမှိုင်းပြီး၊ မှောင်မည်းနေပါတယ်။
ကုလားထိုင်အဖုံးစတွေ အပြင်ကို တဝက်တပျက် ကျွတ်ထွက်နေပါတယ်။ မီးအိမ်တွေက အုတ်ဆောင်းတွေမရှိပါဘဲ
ပုံပျက်ပန်းပျက် နံရံမှာ တပ်ထားပါတယ်။
အရေးမကြီးတဲ့
ဆင်းရဲသားအိမ်တစ်လုံးပုံစံပါ။ ယောက်ျားလေးအယောက် ၅၀အတွက် အိပ်ဆောင် ၂ဆောင်၊ လုံလောက်အောင်ကျွေးမွေးဖို့အစားအစာရှိတဲ့မီးဖိုချောင်နှင့်
သူတို့အကျိုးစီးပွါးကို စိတ်ဝင်စားတဲ့ အဖိုးအိုတစ်ယောက် နေထိုင်ခြင်းဟာ အိမ်ကြီးရဲ့ထူးခြားမှုပါ။
သူ့ရဲ့အတွေ့အကြုံအရ ဘာကြောင့် အိမ်ပြေးလေးတွေဖြစ်ရတယ်ဆိုတာ သိပါတယ်။ အိမ်ပြေးလေးတွေ
ကြောက်တတ်တဲ့ကိစ္စတွေကို သူ သိပါတယ်။
အသက် ၁၄ နှစ်အရွယ်က အီဗါကိုယ်တိုင် အိမ်ပြေးလေးဖြစ်ဖူးပါတယ်။
ဘော်စတွန်မြို့မှကုန်တိုက်ရှိ တစ်ပါတ် ၅ ဒေါ်လာရအလုပ်လေးပြုတ်သောအခါ သူ့အိမ်ရှင် သူ့လုပ်ခငွေကို
ယူပြီး၊ သူ့ကို မောင်းချလိုက်ပါတော့တယ်။
ဇန်နဝါရီလရဲ့ညတစ်ည၊ အမှောင်ထဲမှာ အီဗါတစ်ယောက်
ပန်းခြံထဲမှ ခုံတန်းလေးပေါ် စတည်းချနေထိုင်ပါတယ်။ သူ့အပေါ်အကျီလေးကို စောင်အဖြစ်သုံးပြီး၊
ခြုံထားပြီး၊ အိပ်ဖို့ ကြိုးစားပါတယ်။ အပေါ်ယံခြုံလွှာလေးက အသုံးမဝင်လှပါဘူး။
ညတာရှည်လှတဲ့ထိုတစ်ညမှာ သူ ဘုရားသခင်ကို
ကတိပြုခဲ့ပါတယ်။ အကယ်၍ ဘုရားသခင် သူ့ကို အေးခဲ၊ အစာရေစာငတ်ပြီး မသေအောင် မစခဲ့မယ်ဆိုရင်၊
သူလို အိမ်ပြေးလေးတွေ ဒီလိုအဖြစ်မကြုံရအောင် သူ့ရဲ့ကျန်ဘဝကို မြုပ်နှံပါမယ်လို့ ကတိပြုခဲ့ပါတယ်။
မနက်မိုးလင်းတဲ့အခါ ပေါင်မုန့်တစ်လုံး ဝယ်စားလိုက်ပါတယ်။
အဲဒီနေရာမှာ သူခြောက်ရက်၊ ခြောက်ည နေထိုင်ခဲ့ပါတယ်။ ခုနှစ်ရက်မြောက်နေ့မှာ ကော်ဖီဆိုင်တစ်ဆိုင်မှာ
သူ အလုပ်ရပါတယ်။ တစ်ပါတ်အတွင်း တစ်နပ်စာပြည့်ပြည့်ဝဝစားရတဲ့နေ့တစ်နေ့ပါ။
စွယ်စုံကျမ်းရောင်းခြင်း၊ အခြားအလုပ်များလုပ်ကိုင်ခြင်းတို့ကို
လုပ်ကိုင်ပြီး၊ ၁၀နှစ်အကြာမှာ ဒေါ်လာ၄၀၀ စုဆောင်းနိုင်ခဲ့ပါတယ်။ သူ ဒေါ်လာ ၄၀၀ ကို ဘော်စတွန်ရှိဘုရားကျောင်းတွေကို
လှူဒါန်းပြီး၊ အိမ်မဲ့ယာမဲ့ကလေးတွေအတွက် ခိုလှုံရာတစ်ခုဖန်တီးဖို့ အဆိုပြုကမ်းလှမ်းပါတယ်။
သူ့အဆိုပြုချက် ငြင်းပယ်ခံရပါတယ်။
ဘုရားကျောင်းတစ်ခုက ခြွင်းချက်တစ်ခုထားပြီး
လက်ခံပါတယ်။ အဲဒီခြွင်းချက်ကို အီဗါ လက်မခံနိုင်ပါဘူး။ ကောင်လေးတွေကုန်ကျစရိတ်တချို့ကို
ကျခံရမယ်ဆိုသည့် ခြွင်းချက်ပါ။ စိတ်ဝိဥာဉ်တွေကို ကယ်တင်နိုင်ပါတယ်။ ကိုယ်ခန္ဓာတွေကိုတော့
မကယ်တင်နိုင်ပါဘူးလို့ လူတချို့ သူ့ကို ပွင့်ပွင့်လင်းလင်း ပြောကြတယ်။ နောက်ဆုံး နယူးယောက်မြို့သွားသင့်တယ်လို့
ဘုန်းတော်ကြီးတစ်ပါး သူ့ကို ပြောပါတယ်။
ဘုန်းတော်ကြီးရဲ့အကြံပေးချက်ကို အီဗါ လက်ခံပါတယ်။ နယူးယောက်ကို ရောက်တဲ့အခါ၊
အိမ်ခန်းသုံးခန်းပါ အိမ်တစ်လုံးကို သူ ငှားပါတယ်။ အဲဒီနေ့မှာ သူ ထီးရောင်းတဲ့အလုပ်ကို
ရပါတယ်။ ညရောက်ချိန်မှာ သူရဲ့ ပထမဆုံးအိမ်ပြေးကောင်လေးကို တွေ့ပါတယ်။ ယူနီယံရင်ပြင်မှာ
ကောင်လေး အိပ်နေတာကို တွေ့ခဲ့တာပါ။
မြေအောက်ရထားလမ်းဆောက်ဖို့ထားတဲ့
ပိုင်တိုင်၊ သစ်လုံးတွေ ကြားမှာ အိပ်နေတဲ့ကောင်လေးတစ်ယောက်ကို မိနစ်အနည်းငယ်အကြာမှာ
ထပ်တွေ့ပါတယ်။ အဲဒီတစ်ညမှာ သူ ကောင်လေး ၆ ယောက် ခေါ်ထားပြီးပါပြီ။ သုံးပါတ်အတွင်း ကောင်လေး
၁၂ ယောက် သူ့ထံ ခိုလှုံနေပါတယ်။
နေ့ပိုင်းမှာ
သူ ထီးရောင်းပါတယ်။ စတိုးဆိုင်ပိတ်ချိန်မှာ အိမ်ပြန်ပြေးပြီး၊ ကောင်လေးတွေအတွက် ထမင်းချက်ပါတယ်။
ကောင်လေးတွေရဲ့အဝတ်တွေကို ဖါထေးချုပ်လုပ်ပါတယ်။ ပြီးတော့ နောက်ထပ်ကောင်လေးတွေ ထပ်ပြီး
လိုက်ရှာပါတော့တယ်။
နှစ်ပေါင်းများစွာကြာသော်လည်း
အီဗါ့လုပ်ကိုင်ဆောင်ရွက်မှုတွေ ဘာမှသိပ်မပြောင်းလဲပါဘူး။ အချိန်တွေကုန်လာသော်လည်း အီဗါ့ရှာဖွေမှုတွေ
ဆက်လုပ်နေဆဲပါ။ ခရီးသွားကူညီရေးအဖွဲ့လို အခြားအဖွဲ့အစည်းတွေ အီဗါ့ဆောင်ရွက်မှုတွေကို
သိရှိလာပြီး၊ အိမ်ပြေးကောင်လေးတွေကို ပုံမှန်လာပို့ပေးပါတယ်။
အိမ်မှာ
၁၀ရက်မှ ၂ပါတ်အထိ ကောင်လေးတွေ နေထိုင်ပါတယ်။ အိမ်ပြန်ဖို့လိုအပ်တယ်လို့ ထင်တဲ့ကောင်လေးတွေအိမ်ကို
အီဗါ ဖုန်းဆက်ပါတယ်။ ခရီးသိပ်မဝေးဘူးဆိုရင် ကောင်လေးကို လမ်းစရိတ်ထုတ်ပေးပါတယ်။
No comments:
Post a Comment