တက်စ်ဝီလီဆင်
၏ အပတ်စဉ်သတင်းစာတွင် ရံဖန်ရံခါပါလေ့ရှိသော စာမျက်နှာကော်လံအလွတ်များ၏ ပဟေဌိကို
နှစ်ပေါင်းများစွာတိုင်အောင် မည်သူမျှ မဖေါ်ထုတ်နိုင်ခဲ့ကြပေ။ တက်စ်ဝီလီဆင် ကို ခပ်ကြောင်ကြောင်ကောင်လို့ လူအများစု ထင်ခဲ့ကြပါတယ်။ ကျွန်တော့်အဖိုးလိုလူတွေကတော့
တက်စ် မှာ သေချာတဲ့အကြောင်းပြချက်တွေရှိမှာပဲလို့
ယုံကြည်ခဲ့ပါတယ်။
လူတိုင်း
တက်စ် ကို သဘောကျကြပါတယ်။ သူ့အရပ်ကပုပြတ်ပြတ်ပါ။
နားရွက်ကြီးကြီးနဲ့ အမြဲလိုလို အလုပ်များနေပါတယ်။ သူ့အပြုံးတွေကနူးညံ့ပြီး၊ ထူးထူးဆန်းဆန်းဆွဲဆောင်မှုရှိပါတယ်။
အနောက်အလယ်ပိုင်းသတင်းစာတစ်စောင်မှာ နှစ်ပေါင်း ၄၀လောက် သူလုပ်ကိုင်ခဲ့တယ်။ သူ့အသက်
၆၅နှစ်လောက်မှာ သူ့တသက်တာအိပ်မက်တွေကို အကောင်အထည်ဖေါ်ဖို့ လုံလောက်တဲ့အရင်းအနှီးကို
ရလို့အလုပ်မှ ထွက်လိုက်ပြီး၊ မြို့ငယ်လေးတစ်ခုရဲ့အပတ်စဉ်သတင်းစာလေးတစ်စောင်ကို ဝယ်ယူလိုက်ပါတယ်။
သူ့ရဲ့ရောင့်ရင်း ဝေါ့ကင်ဆယ် ကို စာရိုက်ရန်နှင့်
ကားပေါ်တင်ထားသောပုံနှိပ်စက်ကို စီမံဖို့ လွှဲအပ်လိုက်ပါတယ်။ တက်စ်က အခြားအလုပ်တွေဖြစ်တဲ့ အယ်ဒီတာ၊ သတင်းထောက်နှင့် စီးပွါးရေးမန်နေဂျာအလုပ်တွေကို
တစ်ယောက်ထဲလုပ်ကိုင်ပါတယ်။
သတင်းစာကို
တက်စ် ဝယ်ပြီး ဒုတိယနှစ်မှာ သတင်းစာရဲ့ဒုတိယစာမျက်နှာမှာ
ကော်လံအလွတ်တစ်ခု ပါလာတယ်။ အဲဒီနောက် တစ်ခါတလေ တစ်နှစ်မှာ နှစ်ခါလောက် ကော်လံစာမျက်နှာလွတ်တွေ
ပါတတ်ပါတယ်။ တခါတော့ စာမျက်နှာအလွတ်ကြီးကို သတင်းစာရဲ့ ရှေ့ဆုံးအရွက်မှာ တက်စ် ထည့်လိုက်ပါသေးတယ်။
မြို့လူထုက
စိတ်ဝင်စားပေမယ့်၊ အသေးစိတ်တော့ လိုက်စုံစမ်းမနေပါဘူး။ တက်စ် ဆီကလည်း ကျေနပ်လောက်တဲ့ဖြေကြားချက်ကို မကြားရပါဘူး။
“သတင်းစာရဲ့ကော်လံတိုင်းကို
အယ်ဒီတာ စာအပြည့်ဖြည့်ရမယ်ဆို့တဲ့ ဥပဒေမရှိဘူးဗျ။” လို့ တက်စ် ခပ်ပြတ်ပြတ်ပြောပါတယ်။
ငါးခုမြောက်ကော်လံအလွတ်ကို
သတင်းစာမှာပါပြီးချိန်မှာတော့ ထိုကော်လံအလွတ်တွေရဲ့နောက်ကွယ်မှာ
တခုခုရှိတယ်ဆိုတဲ့ ပထမဆုံးသက်သေပြချက်ကို ဝေါ့ကင်ဆယ်
ရခဲ့ပါတယ်။ ဂွန်ဇယ်လ် ဆိုတဲ့လူတစ်ယောက်ဝင်လာတဲ့အချိန်မှာ
တက်စ် နဲ့ ဝေါ့လ် ရုံးခန်းကျဉ်းလေးထဲမှာ
နှစ်ယောက်ထဲ အလုပ်လုပ်နေချိန်ပါ။
ဂွန်ဇယ်လ် က အသက်ငယ်ပြီး၊ ရုပ်ရည်ကတော့ ခပ်ကြမ်းကြမ်းပါ။
သူ့မိသားစုကတော့ ခပ်ကြီးကြီးပါ။ ဆင်းရဲပေမယ့် ပျော်ပျော်ရွှင်ရွှင်ပါပဲ။ ဂွန်ဇယ်လ် ကြည့်ရတာ စိတ်ဆိုးနေပုံပေါ်ပါတယ်။
ရန်ပွဲတွေကြုံဖူးသူဆိုတာကို သံသယရှိစရာ မလိုပါဘူး။
“Barney
စတိုးဆိုင်က ကျုပ်အခုပဲ ပြန်လာတာဗျ။ ဝန်ထမ်းအချို့က ဒီနေ့ထုတ်သတင်းစာထဲက ကော်လံအလွတ်နဲ့
ပတ်သက်ပြီး၊ ခင်ဗျားကို လှောင်နေတယ်ဗျ။” လို့ ဂွန်ဇယ်လ် က တက်စ် ကို ပြောလိုက်ပါတယ်။
ဂွန်ဇယ်လ် က တက်စ် စားပွဲပေါ်ကို မှီလိုက်ပါတယ်။
“ တက်စ်, ခင်ဗျားထည့်နေတဲ့ သတင်းစာကော်လံအလွတ်တွေအကြောင်း
ကျွန်တော် ပြောချင်တယ်ဗျာ။ ခင်ဗျားကို လူတွေ ရူးတယ်ပြောတာမမှန်ဘူး မဟုတ်လားဗျ။”
“လူတွေ ငါ့ကို ရူးတယ်လို့ပြောပေမယ့် ငါမရူးဘူးဆိုတာကို ငါသိနေသမျှ
ကာလပတ်လုံး ဘာမှကိစ္စမရှိဘူးကွ။” လို့ တက်စ်
က ခပ်ပြုံးပြုံးနဲ့ ပြန်ပြောလိုတ်တယ်။
“ခင်ဗျားနဲ့ ကျွန်တော်၊ ဒါ့ပြင်လူတချို့တော့ ဘယ်လိုအကြောင်းရင်းလဲဆိုတာကို
သိတယ်ဗျာ။ ကျုပ်တို့လဲ အဲဒီအကြောင်းတွေကို ဘယ်သူ့ကိုမှ မပြောကြဘူး။ ခင်ဗျားလဲ မပြောဘူးလေ။”
လို့ စိတ်မကောင်းပုံနဲ့ ဂွန်ဇယ်လ် က ပြောတယ်။
အတင်းအဖျင်းပြောတဲ့မိန်းမကြီးတစ်ယောက် တက်စ် အကြောင်း ကောလဟာလတွေ မဖြန့်ခဲ့ရင် ဒီပဟေဌိကို
အဖြေထွက်ဖို့ မရှိပါဘူး။ သူ့သတင်းစာမှာ သက်ဆိုင်သူတွေအကြောင်းသတင်းတွေကို မထည့်ဖို့
တက်စ် ကို ပိုက်ဆံပေးရတယ်လို့ ကောလဟာလတွေ
ထွက်လာပါတယ်။ သတင်းစာကော်လံတွေကို အလွတ်တွေထည့်တာဟာ သတင်းနှင့်သက်ဆိုင်သူတွေကို တက်စ် ခြိမ်းခြောက်အကျပ်ကိုင်တာလို့ မိန်းမကြီး လိုက်အတင်းပြောပါတယ်။
အဲဒီကောလဟာလကို
ကျွန်တော့်အဖိုးကြားတဲ့အခါ တက်စ် ရဲ့ရုံးခန်းကို
ဒေါသတကြီးသွားပါတယ်။
“ဟုတ်ပါတယ်။ ကျွန်တော်ကြားပြီးပါပြီ။” လို့ ခပ်အေးအေး တက်စ် ပြန်ပြောပါတယ်။
“ကျွန်တော့်အကြောင်းကောင်းကောင်းသိတဲ့လူတွေတော့
ဒီသတင်းကို ယုံမှာမဟုတ်ပါဘူး။ ဒီကော်လံအလွတ်တွေကြောင့် တစ်ယောက်ယောက် ဒုက္ခဖြစ်မယ်လို့
မယုံပါဘူးဗျာ။ ဒါတွေကို ကျွန်တော့်ရဲ့ စမ်းသပ်မှုတချို့လို့ ကျွန်တော်ယုံကြည်တယ်ဗျာ။
”
တက်စ် ကုလားထိုင်ပေါ်မှာ ကိုယ်ကို ခပ်မတ်မတ်လေးလုပ်လိုက်တယ်။
သူ့အမူအရာကို ကြည့်ရတာ ခေါင်းမာမယ့်ပုံပေါ်နေတယ်။
“ဒီကိစ္စနဲ့
ပတ်သက်ပြီး အခုအထိ ဘယ်သူ့ကိုမှ ကျုပ်ရှင်းမပြဘူးဗျာ။ လူကောင်းတွေကို ထိခိုက်ကုန်နိုင်တယ်ဗျာ။”
ကောလဟာလဆက်ပြီးဖြစ်နေပါတယ်။
တက်စ် လူတွေနဲ့ ခပ်ကင်းကင်းနေလာတယ်။ အရယ်အပြုံးနည်းလာပါတယ်။
သူ့ပုံစံကြည့်ရတာ ခင်မင်ရင်းနှီးမှုတွေ ဘဝမှာမရှိတော့သလိုပါပဲ။
ပီတာမိုးဒီ ဆိုတဲ့ အဖိုးကြီး ဒီကောလဟာလနှင့်
ဖြစ်ပျက်နေတာတွေကို ကြားသွားပါတယ်။ သူ့မိန်းမ မော်လီ
သေဆုံးပြီးနောက် ဝမ်းနည်းလို့ အဖိုးကြီး လူတွေနဲ့ကင်းကင်းနေတာကြာပါပြီ။ ဒီမြို့မှာ
ဒီသတင်းကိုကြားရတာ ပီတာ နောက်ဆုံးပါ။ မနက်ခင်းတစ်ခုမှာ
အိမ်နီးချင်းတစ်ယောက် သတင်းပြောပြချိန်မှာ သူ ကုန်စုံဆိုင်တစ်ခုကို ရောက်နေပါတယ်။
“သတင်းစာမှာ သတင်းတွေ မထည့်ဖို့ တက်စ် ပိုက်ဆံတွေယူတယ်ဗျ။”
“လွန်ခဲ့တဲ့လေးနှစ်က
သူ့အသက် ၇၀ မပြည့်မှီပေါ့” လို့ အဖိုးကြီးပီတာက
ပြောပါတယ်။
သိပ်မကြာခင်
သူ့နေရာကို လူငယ်တစ်ဦးဦးနဲ့ အစားထိုးတော့မယ်ဆိုတာကို အဖိုးကြီး သိနေပါတယ်။ သူ့မိန်းမမော်လီနဲ့သူ
ဘယ်လို့ဆက်ပြီး အသက်ရှင်သန်အောင်လုပ်ရမလဲလို့ အဖိုးကြီး စဉ်းစားလို့ မရပါဘူး။
အိမ်ထောင်သည်သမီးနှင့်လည်း
ပြောင်းပြီး အတူမနေချင်ဘူး။ သူ့သမီးက ဆင်းရဲတယ်။ မိသားစုလည်းကြီးတယ်။ အဖိုးကြီးပီတာမှာ
ငွေပိုငွေလျှံလည်း မရှိပါဘူး။ နှစ်ပေါင်းများစွာ ဒီသမီးကို ထောက်ပံ့ခဲ့ရတယ်။
အဖိုးကြီးပီတာ ကိရိယာထုတ်တဲ့ကုမ္ပဏီရဲ့ထောက်ပံ့ရေးအခန်းမှာ
အလုပ်လုပ်ပါတယ်။ တစ်နေ့မှာတော့ သူ့နှလုံးသားကို မျှော်လင့်ချက်မဲ့အနာဂါတ်တင်းအောင်ရစ်ပတ်ထားလို့ မရိုးမသားအလုပ်တစ်ခုကို လုပ်မိခဲ့ပါတယ်။ အဖိုးကြီးပီတာ အဖိုးတန်ကိရိယာတစ်ခုကို ယူပြီး၊
အခြားမြို့မှာ သွားရောင်းပါတယ်။ နောက်တော့ သူ ဒီထက်ပိုပြီး ကိရိယာတွေကို ခိုးယူပါတော့တယ်။
ပီတာ ဒီအတိုင်းဆက်ပြီး၊ သတင်းပတ်ပေါင်းများစွာကြာအောင်
ဆက်လက်ခိုးယူနေခဲ့ပါတယ်။ နောက်ဆုံး သူ့အလုပ်ရှင် တွန်ဘရက် ရိပ်မိပြီး ထောင်ချောက်ဆင်ဖမ်းပါတော့တယ်။ အဖိုးကြီးပီတာကို မိသွားပါတော့တယ်။
ဘရက် ရဲစခန်းကို ဖုံးဆက်တဲ့အချိန်မှာ တက်စ် သတင်းအချက်အလက်စုဖို့ ရဲစခန်းကို ရောက်နေပါတယ်။
တက်စ် ရဲတွေနဲ့အတူ ကိရိယာထုတ်ကုမ္ပဏီကို
သတင်းယူရအောင်လိုက်သွားခဲ့ပါတယ်။
တက်စ် အနောက်ဖက်မှာ မှတ်စုကို တိတ်တိတ်လေးလိုက်ရေးနေပါတယ်။
အရမ်းရှက်နေတဲ့ ပီတာ က ခိုးမှုကိုဖြစ်စေသည့်
သူ့အကြောက်တရားကို တိုးတိုးရှင်းပြပါတယ်။ တက်စ်
ရုတ်တရက် စာအုပ်ကို ပိတ်လိုက်ပြီး၊ ပီတာ့ခြေထောက်နားကို
ကပ်သွားတယ်။
“ဒီမြို့မှာ
ပီတာ့မိန်းမ ဘုရားကျောင်းအလုပ်တွေ အများကြီးလုပ်ခဲ့တယ်ဗျ။”
လို့ ခပ်မြန်မြန် တက်စ် ပြောလိုက်တယ်။
“မော်လီက အရမ်းတော်တဲ့မိန်းမဗျာ။ ဒီလိုဂုဏ်သိက္ခာကင်းမဲ့မှုမျိုး
မရသင့်ဘူးဗျ။”
ဘရက် နှင့်ရဲသားကို
တက်စ် အခြားအခန်းတစ်ခုထဲကို ခေါ်သွားတယ်။
မိနစ်၂၀လောက်ကြာတော့ တက်စ် တစ်ယောက်တည်း
ပြန်ထွက်လာတယ်။ အဖိုးကြီးပီတာကို နောက်တစ်ကြိမ်အခွင့်အရေးပေးမယ်လို့
တက်စ် ပြောလိုက်တယ်။ တက်စ် ခိုးရာပါပစ္စည်းတွေ လက်ခံထားတယ်။ ဒါကြောင့်
တက်စ် ပိုက်ဆံပြန်ပေးမယ်လို့ ဆိုင်ရှင်ဘရက် နှင့် နားလည်မှုရတယ်လို့ အဖိုးကြီးပီတာကို ပြောပါတယ်။
တက်စ် အဖိုးကြီးပီတာကို ခပ်ထန်ထန်မျက်လုံးနဲ့
ကြည့်လိုက်တယ်။
“ပုံမှန်အတိုင်းဆိုရင်တော့
ခင်ဗျားခိုးမှုကို ကျုပ်သတင်းစာထဲထည့်ရေးရမယ်။ ဘာပဲဖြစ်ဖြစ် ဒီသတင်းကို သတင်းစာကော်လံမှာ
ရေးမှာပါ။ အဲဒီကော်လံက အလွတ်ဖြစ်နေမှာပါ။ ကော်လံအလွတ်ရဲ့အဓိပ္ပါယ်က ခင်ဗျားကို သတိပေးတာပါ။
တကယ်လို့နောက်တစ်ကြိမ် ခင်ဗျား မော်လီကို ဂုဏ်သိက္ခာမဲ့အောင်လုပ်မယ်ဆိုရင် ကျုပ် တကယ်ထည့်ရေးရပါလိမ့်မယ်”
လို့ တက်စ် အဖိုးကြီးပီတာကို ပြောလိုက်တယ်။
တက်စ် ရဲ့မျက်နှာ နည်းနည်းဝမ်းနည်းနေပုံတော့
ပေါက်ပါတယ်။
“လူတွေ
ကျုပ်ကို သတင်းစာကော်လံအလွတ်တွေကြောင့် ရူးတယ်လို့ထင်တယ်ဗျ။ ဒါပေမယ့် ခင်ဗျားလိုလူအတွက်
သတင်းစာကော်လံအလွတ်ဆိုတာ သတိပေးစာဘဲ။ မိသားစုနှင့်မိတ်ဆွေတွေရဲ့ လေးစားမှုကို နောက်တစ်ကြိမ်မရတော့ဘူးဆိုတဲ့
သတိပေးစာဘဲ။ ကျုပ်အတွက် ယုံကြည်မှုကိုပြတဲ့အထိမ်းအမှတ်တစ်ခုပေါ့ဗျာ။ ခင်ဗျားဟာ လူကောင်းတစ်ယောက်၊
လူရိုးတစ်ယောက်။ ခင်ဗျားကို ကျုပ်ယုံကြည်တယ်တဲ့အထိမ်းအမှတ်တစ်ခုပေါ့။”
ပီတာ သူ့အလုပ်ကိုပြန်ရတဲ့အခါ ပီတာနှင့်မော်လီကို ထောက်ပံ့ပေးခဲ့ပါတယ်။ မော်လီ ရဲ့ဆုရယိုစုံ
ထုတ်လုပ်ရောင်းဖို့ တက်စ် ကူညီပေးခဲ့ပါတယ်။
ဂုဏ်သိက္ခာရှိစွာဖြင့် မော်လီ သေဆုံးခဲ့ပါတယ်။
ထိုအတွက် တက်စ် ကို အမြဲကျေးဇူးတင်ခဲ့ပါတယ်။
သတင်းစာကော်လံလွတ်တွေရဲ့
နောက်ခုံဇာတ်လမ်းကိုလူတွေ သိရတဲ့အခါ တက်စ် ကို
ဂုဏ်ယူဝမ်းမြောက်စွာ ချစ်ခင်ကြပါတယ်။ တက်စ်
မသေခင်ထည့်ခဲ့တဲ့ တက်စ် ရဲ့သတင်းစာကော်လံ
အလွတ်စုစုပေါင်း(၁၁)ခု ရှိပါတယ်။ မြို့လူထုခန့်မှန်းချက်ချက်အရ ပဟေဌိအဖြစ်ကျန်ရှိနေတဲ့
ကော်လံအလွတ်(၈)ခု ရှိပါတယ်။
ကော်လံအလွတ်မှာ
ပါဝင်ပတ်သက်သူတွေအားလုံး ထို အယ်ဒီတာတက်စ်
ရဲ့ယုံကြည်မှုနှင့် အကြင်နာတရားကို ခံစားရလိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။
“သတင်းထောက်တစ်ယောက်အနေနှင့်
အမြဲလှည့်လည်ခရီးသွားနေရလို့ ကျုပ်မှာ မိသားစုကိုယ်ပိုင်၊ အိုးအိမ်ကိုယ်ပိုင်ဆိုတာ
မရှိပါဘူး။ ဒီလူထုကို ကျုပ်ရဲ့နောက်ပိုင်းချန်ရစ်ထားခဲ့ရမယ့် မိသားစုတွေလို့တွေးချင်မိတယ်ဗျာ”
လို့ ရှက်နေသည့်ပုံစံဖြင့် တက်စ် ကျွန်တော့်ကို
ရှင်းပြခဲ့ပါတယ်။
( The Mystery of the Blank
Newspaper Columns by Pamela Hennell ကို ဘာသာပြန်ဆိုပါသည်။ )
No comments:
Post a Comment