Friday, February 21, 2014

“အတ္ထုပ္ပတိစာပေ ဖတ်ကြပါစို့” - (1)



        ကလေးငယ်လင်းကွန်းရဲ့မြင်းထိန်းကျွမ်းကျင်မှုအကြောင်းကို ဖတ်ရတာ ရယ်စရာကောင်းပါတယ်။ သူ့အစ်မတွေ မြေကြီးပေါ်လဲနေချိန်မှာ သူ မြင်းပုလေးကို တက်စီးနိုင်နေပါပြီ။

“သူတို့က မိန်းကလေးတွေကွ” လို့ပြောပြီး သူ့အဖေ သူ့ကို ဆုံးမတော့၊ သူ အော်ငိုပါတယ်။

         ချားလ်ဒါဝင် ရဲ့ငယ်ဘဝကို ဖတ်ရတာ ရယ်စရာလေးတွေပါတယ်။ ချားလ်ဒါဝင်လေး ချေးပိုးထိုးကောင်လေးတွေကို စုပါတယ်။ ရှားပါးချေးပိုးထိုးကောင်လေးကို ဘယ်တစ်ကောင်၊ ညာတစ်ကောင်ကိုင်ထားပြီး၊ တတိယတစ်ကောင်ကို မြင်တော့  ချားဒါဝင်လေး လုပ်လိုက်ပုံကြည့်ရတာ ရယ်စရာပါ။ သူ ဘာလုပ်ပါသလဲ။ ချက်ချင်း ချေးပိုးထိုးတစ်ကောင်ကို ပါးစပ်ထဲထည့်လိုက်ပြီး၊ တတိယအကောင်လေးကို ဖမ်းလိုက်ပါတော့တယ်။ ပါးစပ်ထဲမှာ မိနေတဲ့ကောင်လေးကအရည်တွေပန်းထုတ်လိုက်တော့ ဒါဝင်လေး ချောင်းတွေဆိုးပြီး၊ ချေးပိုးထိုးကောင် ၃ကောင်လုံး လွတ်သွားပါတော့တယ်။ 

          ဒီလိုနဲ့ဖတ်သွားရင်း စာမျက်နှာတစ်နေရာမှာ မိုက်ကယ်ပုနင်း အကြောင်းဖတ်ရပါတယ်။ မိုက်ကယ်ပုနင်း က အမေရိကားမှာ သူ့သူငယ်ချင်းသုံးယောက်ရှိတယ်လို့ လူဝင်မှုကြီးကြပ်ရေးအရာရှိကို ပြောလိုက်ပါတယ်။

“ဘယ်သူငယ်ချင်းတွေလဲကွ။”လို့ အရာရှိက ပြန်မေးတယ်။

ဘန်ဂျမင်ဖရန်ကလင်၊ အေဗရာဟန်လင်းကွန်းနဲ့ ဘီချာစတိုး…ပေါ့ဗျ။”လို့ ကောင်လေး ပြန်ပြောလိုက်ပါတယ်။

          ဘက်ထရီပန်းခြံမြေကွက်လပ်မှ သူ့ရဲ့လမ်းလျှောက်တက်လာပုံဟာ ရယ်စရာကောင်းပါတယ်။ သူ့နောက်ဆုံးပိုက်ဆံလေးကို ဆီးသီးခြောက်မုန်ပြားလေးဝယ်စားလိုက်ပါတယ်။ မုန့်ပြားလေးမှာ အပေါက်တွေချည်းဖြစ်နေပါတယ်။ သူ့ခေါင်းကဦးထုပ်ပြားလေးကို ဆွဲထားတဲ့လူရှုပ်လေးတွေ လက်ထဲမှ ထွက်ပြေးတာကို ဖတ်နိုင်ပါတယ်။ နောက်တော့လူရှုပ်လေးတွေဆီပြန်သွားပြီး၊ တစ်ယောက်ပြီး တစ်ယောက်ကို အနိုင်ယူတိုက်ခိုက်ပါတယ်။ 

          ခပ်ကပ်တပ်တပ်နွားလေးတစ်ကောင်ကို စပါးကျီထဲကို သွင်းဖို့ ကြိုးစားနေတဲ့ ရပ်ဝယ်ဒိုလ်အီမာဆင် တို့သားအဖကို မြင်ရတာ ရယ်စရာပါ။ ရပ်ဝယ်ဒိုလ် နွားလေးကို ရှေ့မှဆွဲ၊ သူ့သားက နောက်ကတွန်းလုပ်နေပါတယ်။ ဒါပေမဲ့နွားလေးက ခြေစုံကန်ပြီး ရုန်းနေပါတယ်။

          ခက်ခဲဒုက္ခရောက်နေတဲ့သူတို့အဖြစ်ကိုတွေ့တော့ အိုင်းရစ်အိမ်ဖေါ်မလေး တခစ်ခစ်ရယ်ပါတယ်။ ပြီးတော့ နွားလေးပါးစပ်ထဲကို လက်ညိုးလေးထိုးထည့်လိုက်တဲ့အခါ၊ လက်ညိုးလေးကို တပြွတ်ပြွတ်စုပ်ပြီး အနောက်မှလိုက်လာပါတယ်။ နွားကလေးကို အသာလေး စပါးကျီထဲဆွဲသွင်းလိုက်ပါတယ်။

         ထိုညမှာတော့ အီမာဆင် အခုလိုရေးသားလိုက်တော့တယ်။

“ကိစ္စတွေကို အောင်မြင်အောင်လုပ်နိုင်သူတွေကို ငါကြိုက်တယ်။” 

          အတ္ထုပ္ပတိတွေမှာ ရယ်စရာဇာတ်လမ်းတွေ၊ ဖြစ်ရပ်တွေတင် မဟုတ်ပါဘူး။  ဒီထက်ပိုတာတွေပါ ပါတယ်။ အောင်မြင်မှုကိုရှာဖွေတဲ့ ရယ်စရာအဖြစ်အပျက်တွေလည်း ဖတ်နိုင်ပါတယ်။ လူတစ်ယောက်ရဲ့ အမှန်တကယ်ကိုယ်ရည်ကိုယ်သွေးကိုလည်း ရှာဖွေတွေ့နိုင်ပါတယ်။ လူတစ်ယောက် ဘယ်မှာမွေးတယ်။ ဘယ်ကျောင်းကိုတက်တယ်။ ဘယ်လိုဆုတံဆိပ်တွေရခဲ့တယ်ဆိုတဲ့ အပြင်ပန်းအချက်အလက်တွေကို စိတ်မဝင်စားသူ သင့်အတွက်လည်း ဘာကြောင့်ဒီကိစ္စကိုဒီလိုလုပ်ရသလဲ။ အာဏာပါဝါကိုဘယ်လို ရလာသလဲ အစရှိသည့် အချက်အလက်တွေနောက်မှာ ဖုံးကွယ်ထားသည့်စိတ်ခံစားမှုပိုင်းတွေကို ဖတ်ရှူနိုင်ပါတယ်။

          အထက်ပါအချက်တွေကတော့ အတ္ထုပ္ပတိစာပေဖတ်ရှုခြင်းမှရရှိသည့် ပျော်စရာလေးတွေအနက် တစ်ခုပါ။ အခုတစ်ခါ အခြားပျော်စရာလေးတွေကို ပြောပါ့မယ်။ သူငယ်ချင်းအသစ်တွေ ရရှိနိုင်ပါတယ်။ သင့်အနေနဲ့ ဘေးအခန်းမှလူနှင့် မိတ်ဆွေဖွဲ့လို့ မရပါဘူး။ မိတ်ဆွေအဖြစ် ထိုက်တန်သူဖြစ်ချင်မှဖြစ်လိမ့်မယ်။ သို့သော် စာအုပ်ဆိုင်၊ ဒါမှမဟုတ် ပြည့်သူ့စာကြည့်တိုက်ကို သွားလိုက်ပါ။ ပေါစဘါတိုင်း ရေးသော အစီစီပြည်နယ်မှစိန့်ဖရန့်စစ်၏ဘဝစာအုပ် ကို မေးလိုက်ပါ။ ညနေခင်းနှစ်ခုစာအချိန်အတွင်း လူသားမျိုးနွယ်သမိုင်းရှိ အနှိမ့်ချဆုံး၊ ရှေးအဆန်ဆုံး၊ စိတ်ဝင်စားစရာအကောင်းဆုံးလူတစ်ဦးနှင့် ပုခုံးဖက်လျှောက်သွားနိုင်ပါပြီ။ 

          ဖရန့်စစ်ဟက်စ် ရေးတဲ့ “သောမတ်ဂျက်ဖါဆန်၏ဘဝ” စာအုပ်ကို မေးဖတ်ကြည့်လိုက်ပါဦး။ တစ်ပါတ်အကြာမှာ သင့်ထက်အရပ်တစ်လက်မ ပိုမြင့်တဲ့လူထွားကြီးတစ်ယောက်နှင့် လမ်းလျှောက်နေရပါလိမ့်မယ်။ သူ့ခြေလှမ်းတွေကိုမှီဖို့ မနည်းလိုက်ပြီး၊ လျှောက်နေရပါလိမ့်မယ်။ ဒီလိုဖတ်ရခြင်းမျိုးကို ဂျော့ဂေါ်ဒွန်က သူ့ရဲ့ကိုယ်တိုင်ရေးအတ္ထုပ္ပတိစာအုပ်မှာ ဒီလိုရေးထားခဲ့ပါတယ်။

“ကမ္ဘာ့အကောင်းဆုံးလူမှုအသိုင်းအဝိုင်းမှာ နေရာပေးခြင်း” လို့ ရေးသားထားပါတယ်။

          အတ္ထုပ္ပတိစာပေဖတ်ပြီးနောက်ထပ် ပျော်ရွှင်စရာတစ်ခုကို ရနိုင်ပါတယ်။ ကျွန်တော်တို့ အားလုံးနိစ္စတူဝကြုံတွေ့ရတဲ့ကိစ္စလေးတွေကို သူတို့ဘယ်လိုရင်ဆိုင်ခဲ့သလဲ၊ ဘယ်လိုကျွမ်းကျင်စွာ ကိုင်တွယ်ခဲ့သလဲ၊ ဘယ်လိုမျိုးအနစ်နာခံပေးခဲ့ပါလဲ..စသည့်တို့ကို ဖတ်နိုင်ပါတယ်။

          ဥပမာအားဖြင့် ကလေးငယ်တွေကို ဘယ်လိုပျိုးထောင်မလဲဆိုတဲ့ကိစ္စလေးပါ။ အဲဒီကိစ္စဟာ အတော်ရှုပ်ထွေးပါတယ်။ ဒီကိစ္စကို ကလေးသူငယ်ပြုစုပျိုးထောင်ရေးအထူးပြုစာအုပ်တွေမှာ ဖတ်နိုင်ပါတယ်။ သို့သော် ဂျွန်ရပ်စကင်း ရဲ့အတ္ထုပ္ပတိပက်တရီတာကို ဖွင့်ဖတ်လိုက်ရင် မမေ့နိုင်စရာ ဖေါ်ပြချက်လေးကို တွေ့ပါလိမ့်မယ်။

          ငြိမ်းချမ်းခြင်း ဆိုသည့်စကားလုံးကို အတွေးအခေါ်အားဖြင့်၊ စကားလုံးအသိအားဖြင့်၊ လက်တွေ့လုပ်ရပ်အားဖြင့် သိစေဖို့ ကျွန်တော့်ကို သင်ကြားပေးခဲ့ကြပါတယ်။ ကျွန်တော့်အဖေနှင့်အမေ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် အော်ကြီးဟစ်ကျယ်မေးမြန်းသံကို ကျွန်တော် မကြားခဲ့ဖူးပါ။ ဒေါသနှင့် ခွန်းကြီးခွန်းငယ်စကားများသည်ကို မတွေ့ခဲ့ဘူးပါ။ တစ်ဦးကိုတစ်ဦး နာကျင်စေမည့် အမျက်မာန်စောင်ခြင်း အနည်းငယ်ကိုတောင် မတွေ့ခဲ့ဖူးပါ။ အိမ်စေတစ်ဦးကိုမျှ အော်ငေါက်သံမကြားဖူးပါ။ အိမ်ကိစ္စစီမံခန့်ခွဲမှုတွေ အစီအစဉ်မကျဖြစ်တာမျိုး၊ ပြာယာခပ်နေတာမျိုးတစ်ခါမှ ကျွန်တော် မတွေ့ခဲ့ဖူးပါ။ ကျွန်တော့်ကို ကတိပေးပြီး၊ မဖြစ်ခဲ့သောကိစ္စဟူ၍ မရှိခဲ့ပါ။ ကျွန်တော့်ကို စိတ်ထိခိုက်ခံစားစေမယ့် ခြိမ်းခြောက်မှုမျိုးကို မကြုံခဲ့ဖူးပါ။ ကျွန်တော့်ကို မည်သူတစ်ဦးမျှ မမှန်စကား မဆိုခဲ့ကြပါ။”

          လူငယ်လေး ဘိုင်ရွန်ရဲ့အိမ်မှာ တွေ့ကြုံပုံတွေကို နှိုင်းယှဉ်ဖတ်ကြည့်ပါဦး။ အင်္ဂလိပ်ကဗျာဆရာရဲ့အမေ စိတ်ဂယောက်ကယက်ဖြစ်ပြီး၊ ဒေါသထွက် ထိုးနှက်ပုံကို တွေ့နိုင်ပါတယ်။ “ဒုက္ခိတလူဆိုးလေး” လို့ပြောပြီး၊ အခန်းထဲမှာ နောက်မှလိုက်ရိုက်ပါတယ်။ အခုဆိုရင်တော့ ကဗျာဆရာဘိုင်ရွန် ဘာကြောင့် ထိန်းမနိုင်သိမ်းမရ၊ စည်းကမ်းမဲ့စိတ်ဆန္ဒတွေဖြစ်စေရတာလဲဆိုတာ နားလည်သွားလောက်ပါပြီ။ အဲဒီစိတ်တွေကြောင့် သူ့ရဲ့ကိုယ်ခန္ဒာပျက်စီးလုလုဖြစ်ခဲ့ရပါတယ်။ ဒီအခြေအနေတွေကို သူ့အသက် ၃၆နှစ်မှာ အခုလိုရေးသားခဲ့ပါတယ်။

“ငါ့နေ့ရက်တွေဟာ ကြွေကျလုသစ်ရွက်ဝါတွေလိုပါပဲ၊

အချစ်ရဲ့အသီးအပွင့်တွေ ကြွေလွင့်သွားပါပြီ။

ပိုးကောင်တွေ၊ ရောဂါတွေ၊ ဝမ်းနည်းမှုတွေပဲ ကျန်ပါတော့တယ်။”

         အတ္ထုပ္ပတိစာပေမှာ ဒုက္ခိတတစ်ဦးရဲ့ဘဝရင်ဆိုင်ဖြတ်သန်းပုံ အတွေ့အကြုံတွေလည်း ဖတ်နိုင်ပါတယ်။ စာပေကိုဖတ်ရှုရင်း သင့်ဘဝရဲ့သက်သောင့်သက်သာရှိမှုကို ခံစားနိုင်ပါတယ်။ ကိုယ့်ကိုကိုယ် သနားမိတဲ့စိတ်ဖြစ်နေခဲ့ရင်တော့ ရှက်စိတ်ကို ခံစားရလိမ့်မယ်။

      နားမကြားဘူးလား… ဂီတသင်္ကေတတွေကို လုံးဝမကြားနိုင်တော့ချိန်မှာ ဘီသိုဗင် သူ့ရဲ့နဝမမြောက်ဆင်ဖိုနီကို ရေးဖွဲ့ခဲ့ပါတယ်။ 

        မျက်စိမမြင်ဘူးလား….ယာကီးစ်လေ့လာရေးအဖွဲ့ကြီးရဲ့ခေါင်းဆောင် ပရောဖက်ဆာ အက်ဒဝင်ဘီဖေါ့ရက် အကြောင်းကို ဖတ်ကြည့်လိုက်စမ်းပါ။ နှစ်ပေါင်းအစိတ်လောက် ကြယ်တွေအကြောင်း ကမ္ဘာ့လူသားတွေကို သူ ပြောခဲ့သော်လည်း၊ သူ မျက်စိမမြင်ပါဘူး။ သူ ချစ်တဲ့ကောင်းကင်ပြင်ကြီးကို မမြင်နိုင်ပါဘူး။ သူ သင်္ချာပညာကို သုံးပြီး၊ ကြယ်တွေအကြောင်း ပြောပြခဲ့တာပါ။

No comments:

Post a Comment