နယူးယောက်မြို့လမ်းတွေပေါ် ဥပဟိုမောင်းနှင်တဲ့ တက်ဆီဒရိုင်ဘာတိုင်းလိုလို
စကားသိပ်ပြောကြတာ အလေ့အကျင့်လိုဖြစ်နေပါတယ်။ ဒီဒရိုင်ဘာရဲ့ ကိုယ်ခန္ဓာက ခပ်တုတ်တုတ်ပါ။
လည်ပင်းခပ်ကြပ်ကြပ်၊ ဆွယ်တာအနွမ်းတစ်ထည်ကို ဝတ်ထားပါတယ်။
သူပြောတဲ့အကြောင်းအရာက
သူ့သားအကြောင်းပါ။ သူ့သားလေး ဂျင် မွေးလာတော့ အဖေ၊ အမေနှစ်ဦးလုံး၊ သားအတွက် ဂုဏ်သိက္ခာထွန်းပြောင်လိမ့်မယ်လို့
အိပ်မက်မက်ခဲ့ကြပါတယ်။ သူ့တို့သား သမ္မတအိမ်ဖြူတော်ရောက်မယ်လို့တောင် တွေးထားကြမယ်လို့
ကျွန်တော် ပြောရဲပါတယ်ဗျာ။
မိဘတွေ အလုပ်ကိုကြိုးစား၊
ငွေကိုချွေတာသုံးပြီး သားကို ကျောင်းထားခဲ့ကြတယ်။ အထက်တန်းမှတဆင့် တက္ကသိုလ်သို့ ပို့ခဲ့ကြပါတယ်။
တက္ကသိုလ်လေးတစ်ခုမှ ဘွဲ့ဝတ်စုံဝတ်၊ ဘွဲ့ဦးထုပ်ဆောင်းပြီး၊ သူ့သား ဘွဲ့တစ်ခုရခဲ့ပါတယ်။
ဂျင် အပြင်းအထန်ကြိုးစားပါတယ်။ သို့သော် ဂျင်အတွက် ပညာရေးဆိုတာ အရမ်းခက်ခဲလွန်းတယ်လို့
သူ့အဖေပြောပြပါတယ်။ အခုအသက် ၂၆နှစ်ရှိပြီဖြစ်တဲ့ သူ့သား စေ့စပ်ပြီးပါပြီ။ သို့သော်လည်း
လက်ထပ်ဖို့အခွင့်အရေးက မှေးမှီန်ဆဲပါ။
ဘွဲ့ရအလုပ်လက်မဲ့လူငယ်တွေ
အများကြီးပါပဲ။ ဂျင်လည်း အခုအထိအလုပ်မရသေးပါဘူး။ သူ့အဖေလို ဂျင် အငှားကား မမောင်းနိုင်ပါဘူး။
သူ့ဦးလေးရဲ့ စားသောက်ဆိုင်အသေးလေးမှာလည်း မလုပ်နိုင်ပါဘူး။ အနစ်နာခံစွန့်လွတ်ရမယ့်ကိစ္စတိုင်း
မလုပ်နိုင်ကြောင်း သူ ငြင်းခဲ့ပါတယ်။ မိဘတွေ ကော်လာဖြူလုပ်သားဖြစ်ဖို့ ပင်ပင်ပန်းပန်းပညာရေးကို
ထောက်ပံ့ပေးခဲ့တာပါ။ လခ ဘယ်လောက်ရရ ကော်လာဖြူလုပ်သားပဲ သူ လုပ်မှာပါ။
မီးပွိုင့်ရောက်လို့
ကားရပ်တဲ့အခါ ဒရိုင်ဘာကြီးက သူ့သားဓါတ်ပုံထုတ်ပြပါတယ်။ ကောင်လေးက ယဉ်ယဉ်ကျေးကျေးပုံစံနဲ့
လူငယ်လေးပါ။ ဦးထုပ်ဆောင်းပြီး၊ ဝတ်ရုံကို
ဝတ်ထားတယ်။ မထုံတက်တေးအမူအယာနဲ့ သူ့ရဲ့အဖိုးတန်ဒစ်ပလိုမာလက်မှတ်ကို ရင်ဘတ်မှာကပ်ထားပါတယ်။
ကောင်လေးရဲ့အမူအယာက ဓါတ်ပုံထဲမှာတောင် တွေဝေပြီး၊ ပင်ပန်းနွမ်းနယ်နေပုံပေါက်နေပါတယ်။
သူ့အတွက် သိပ်မြင့်လွန်းတဲ့တန်းတွေကို ခုန်ကျော်ဖို့ အခိုင်းခံရတဲ့မြင်းထီးတစ်ကောင်လိုပုံစံပါ။
“ခင်ဗျား၊
ကောလိပ်ကျောင်း တက်ဖူးလားဗျ။” လို့ ဒရိုင်ဘာက ကျွန်တော့်ကို မေးပါတယ်။
“မတက်ဘူးပါဘူးဗျာ။ တကယ်တမ်းပြောရရင် ကျွန်တော်က ပညာတတ်တစ်ယောက်မဟုတ်ပါဘူး။”
လို့ ကျွန်တော်ပြန်ပြောလိုက်ပါတယ်။
“မေးခွန်းက ခင်ဗျားကို မထိခိုက်ဘူးလို့ထင်ပါတယ်ဗျာ။” လို့
ခပ်တိုးတိုး ဒရိုင်ဘာကပြောလိုက်တယ်။
“ကောလိမ်မတက်ခဲ့တာ ခင်ဗျားအတွက် ပိုတောင်ကောင်းသေးတယ်ဗျာ။”
သူ့မှာ ပညာရေးနှင့်ပတ်သက်ပြီး၊
တခုခု မကျေမချမ်းပြောချင်နေတယ်ဆိုတာ ကျွန်တော်တွေ့လိုက်ရပါတယ်။ ပညာရေးက သူ့ကို မျှော်လင့်ချက်အတုအယောင်တွေပေးခဲ့တယ်လေ။
သူ့သားအတွက် မှားယွင်းတဲ့ပညာရေးတစ်ခုကို ရွေးချယ်ပေးခဲ့မိတယ်ဆိုတာကို သူနားမလည်ပါဘူး။
ကဗျာဆရာတစ်ယောက်က
ရည်မှန်းချက်ဆိုတာ ကျွန်တော်တို့ရဲ့အမြင့်မြတ်ဆုံးအားနည်းချက်လို့ ပြောခဲ့တယ်။ ကျွန်တော်တို့အတွက်
ရည်မှန်းချက်လိုပါတယ်။ ရည်မှန်းချက်ဆိုတာ သဘာဝအတိုင်း ပြင်းရိထုံထိုင်းမှုထဲမှ ကျွန်တော်တို့ကို
ဆွဲထုတ်မဲ့နှင်တံတစ်ချောင်းပါ။ ရည်မှန်းချက်ကြောင့် အဆုံးစွန်အထိ အားထုတ်ခြင်းဖြစ်စေတာပါ။
သို့ပေမယ့်ရည်မှန်းချက်သည်
ဘဝ၏ရက်စက်သောနှင်တံတစ်ချောင်းလည်း ဖြစ်နိုင်ပါတယ်။
သဘာဝအရမဖြစ်နိုင်သည်ကို ရည်မှန်းချက်ကြောင့်
ညစ်ထုတ်လုပ်ကိုင်ခြင်းဖြင့် ကျွန်တော်တို့ အောင်မြင်မှုရရှိနိုင်စေပါသည်။ ရည်မှန်းချက်ကြောင့်
ဘဝတူလူသားတို့ကို ကျေးကျွန်အဖြစ်စေခိုင်းတတ်ပါသည်။ ရည်မှန်းချက်ကြောင့် လူသားတို့အား
ဘေးဆိုးကြီးများအတွင်း တွန်းပို့တတ်ပါသည်။
နပိုလီယံနှင့်
ဟစ်တလာတို့သည် ထိန်းချုပ်လို့မရသောရည်မှန်းချက်ရှိသည့်လူသားများပါ။ အောင်မြင်မှုဂုဏ်သိက္ခာအတွက် လူသန်းပေါင်းများစွာ သေကြေပျက်စီးခဲ့ပါသည်။
သူတို့ကိုယ်တိုင်လည်း ဂုဏ်သိက္ခာကင်းမဲ့စွာ သေဆုံးခဲ့ပါသည်။
ထိုနမူနာတွေက
အစွန်းရောက်အလွန်အကျွံဖြစ်ရပ်တွေပါ။ အတုအယောင်အောင်မြင်မှုစံနှုန်းများရဲ့ တိုက်တွန်းသွေးဆောင်မှုကြောင့်
ရိုးသားတဲ့ဘဝခရီးလမ်းတွေကို ကြေကွဲဖွယ်ရာဖြတ်သန်းခဲ့ကြရပြီ။ ဆုံးရှူံးမှုသားကောင်အဖြစ်
ဘဝခရီးလမ်း လမ်းဘေးထိုးကြခဲ့ရပြီ။ အသဲကွဲစရာစိတ်ပျက်မှု ရလဒ်တွေရခဲ့ကြပြီ။ ပျော်ရွှင်စရာဘဝတွေဟာ
ကျဆုံးမှုတွေကြောင့် စိတ်ဓါတ်ကျပြီး၊ အနုံ့စိတ်တွေဖြစ်ကုန်ရပြီ။
ကျွန်တော့်သူငယ်ချင်းက ထင်ရှားတဲ့တက္ကသိုလ်ကြီးမှ
ကျောင်းသားတစ်ယောက်ပါ။ ကျောင်းစာမှာတော်ပြီး၊ ထင်ရှားတဲ့ဘောလုံးသမားတစ်ဦးပါ။ သူ့သားကို
သူ့ခြေရာနင်းနိုင်မယ့်ဖြစ်ရမယ်လို့ စိတ်ပိုင်းဖြတ်ထားပါတယ်။
သူ့သားက သူ့အတွက် ချထားတဲ့လုပ်စရာတွေကို
ရဲရဲရင့်ရင့်လုပ်ပါတယ်။ သို့သော် သူမှာ ပြိုင်ပွဲတွေကို အောင်မြင်ဖို့ပါရမီ မပါလာပါဘူး။
တတ်နိုင်သလောက် အကောင်းဆုံးလုပ်မယ်ဆိုတဲ့ လူတစ်ယောက်ပါ။
သူချစ်တဲ့ဖခင် စိတ်ကျေနပ်အောင် အသည်းအသန်ကြိုးစားသော်လည်း၊
အောင်မြင်မှုတွေနဲ့ အလှမ်းကွာဆဲပါ။ ကောလိပ်ကျောင်းတွေ တစ်ကျောင်းပြီးတစ်ကျောင်း ပြောင်းခဲ့ရပါတယ်။
နောက်ဆုံးတော့ အနုံ့စိတ်နဲ့ စိတ်ကျဝေဒနာဖြစ်ပေါ်ပြီး၊ နာတာရှည်ဆေးရုံကိုရောက်သွားပါတော့တယ်။
သူတတ်နိုင်သလောက်လေးကိုသာ လုပ်ခွင့်ပြုခဲ့ရင်
သူဟာ ဝပ်ရှောဆရာကောင်းတစ်ယောက်၊ လယ်သမားကောင်းတစ်ယောက် (သို့) ကုန်စုံဆိုင်ပိုင်ရှင်ကောင်းတစ်ယောက်ဖြစ်လာနိုင်ပါတယ်။
အခုတော့ သူ့စိတ်အနာကို ကုသပေးလို့မရနိုင်တော့ပါဘူး။ နှလုံးသားမှာ အရှူံးကို အမြဲရင်ဝယ်ပိုက်ထားပြီး၊
သူ့အဖေထံမှာ အပြစ်ရှိသလိုအမြဲခံစားနေရပါတော့တယ်။
သူ့အဖေအနေနဲ့ သားကို ဘယ်လိုအပြစ်တင်ရမလဲဆိုတာကို
မသိတော့ပါဘူး။ အဖေက သားအပေါ် မဖြစ်နိုင်တဲ့တောင်းဆိုချက်တွေချမှတ်ခဲ့ပါတယ်။ သို့သော်လည်း
တောင်းဆိုချက်တွေမပြည့်ဝသည့်အပေါ် သားကို ဘယ်တော့မှခွင့်မလွတ်ပါဘူး။
ယခုလို နာကျင်ကြေကွဲဖွယ်ဖြစ်ရပ်တွေရဲ့နောက်ကွယ်မှာ
မှားယွင်းတဲ့အတွေးအခေါ်တွေရှိပါတယ်။ ဘယ်အရာတွေပြည့်စုံရင် အောင်မြင်တဲ့ဘဝကိုရမယ်ဆိုတဲ့
မှားယွင်းမှုတွေပါ။ အောင်မြင်မှုတဲ့ယောက်ျား၊ မိန်းမတွေလိုအပ်ပါတယ်။ သူတို့က ပျော်ပျော်ရွှင်ရွှင်နေပြီး၊
တည်ငြိမ်တယ်။ လူတွေနဲ့ လိုက်လျောညီထွေရှိတယ်။ ရောက်နေတဲ့ဘဝနှင့် အဆင့်အတန်းကို ယုံကြည်မှုရှိတယ်။
ရောက်ရှိနေတဲ့နေရာနဲ့ အံပုံဂွင်ကျမဖြစ်သော
အဇ္ဈတအတွင်းပြစ်မှုတွေကြောင့် စိတ်ကဈဉ့်ကလျားဖြစ်ပြီး၊ မပျော်ရွှင်သူတွေကို ကျွန်တော်တို့
မလိုချင်ပါဘူး။ အဲဒီသူတွေက လက်ရှိဘဝကို အမြဲတမ်းမကျေမနပ်ဖြစ်နေတာပါ။
တှိုင်းပြည်မှာ ဆရာဝန်၊ ရှေ့နေ၊ ဘဏ်လုပ်ငန်းရှင်၊
ကျောင်းဆရာ စသည့် ပရော်ဖက်ရှင်တွေ လိုအပ်ပါတယ်။ သို့သော်လည်း ပိုက်ဆက်ဆရာ၊ စက်ပြင်ဆရာ၊
ပန်းပုဆရာနှင့် လမ်းသန့်ရှင်းရေးလုပ်သားတွေလည်း အရေးတကြီးလိုနေပါတယ်။ အလုပ်သမားကောင်းတွေ
အပြန်ပြန်အလှန်လှန်လိုအပ်နေပါတယ်။ ဘယ်အလုပ်ဖြစ်ဖြစ် ထူးချွန်ဖို့လိုအပ်တာပါ။ မည်သည့်အလုပ်ကို
လုပ်သည်ဖြစ်စေ၊ အောင်မြင်မှုနှင့်လုပ်ငန်းတွင်းလေးစားမှုကို ရနိုင်သည့်အခွင့်အရေးမှာ
အတူတူပင်ဖြစ်သည်။
ကျွန်တော် အခုလိုကန့်ကွက်ပြောသည်မှာ အခြေအမြစ်မရှိသောရည်မှန်းချက်ကို
ဆိုလိုပါသည်။ မိမိကိုယ်ကိုတန်ဖိုးတွက်မှုမှားယွင်းခြင်းမှ ပေါ်လာသည့် ရည်မှန်းချက်ကို
ပြောလိုခြင်းပါ။ ထိုသူများသည် ခေါင်းမာစွာဘဝခရီးလမ်းကို ပြင်ဆင်မှုမရှိဘဲ စတင်တတ်ကြသည်။
လူငယ်တွေက ကျွန်တော့်အလုပ်အကိုင်သည် ငွေကြေးနှင့်အောင်မြင်မှုရရန်
လွယ်ကူသည်ဟု ထင်ကြပါသည်။
“ကျွန်တော်လည်း
စာရေးဆရာဖြစ်ချင်လိုက်တာဗျာ” လို့ ပြောတတ်ကြပါသည်။
“မင်းက စာရေးဆရာလုပ်မလို့လား”
လို့ ကျွန်တော်မေးလိုက်တဲ့အခါ သူတို့ အခံရခက်သွားပါတယ်။ တံခါးကို ထုလိုက်ပြီး၊ လူငယ်တွေကိုလန့်အောင်လုပ်တယ်လို့
ထင်ကြပါတယ်။
သူတို့ လက်နှိပ်စက်ကို ထုရိုက်မိတဲ့အချိန်၊ နှလုံးသားတွေ တစစီဖြစ်အောင်နာကျင်ခံစားရတဲ့အချိန်မှာ
ကျွန်တော့်သတိပေးချက်ကို နားလည်လာပါလိမ့်မယ်။ သူတို့ဖြစ်ချင်တဲ့အရာဟာ စိတ်ဆန္ဒရှိရုံနဲ့
ဖြစ်လာမှာ မဟုတ်ပါဘူး။
ကျွန်တော်တို့ပိုင်ဆိုင်တဲ့အစွမ်းအစတွေအောက်မလျှော့သည့် ရည်မှန်းချက်ပန်းတိုင်ကို
ချမှတ်သင့်ပါတယ်။ လူတိုင်းတွင် ရောက်ရှိနေသည့်နေရာထက်ပိုမြင့်အောင် အားထုတ်ရမည့်အခွင့်အရေးနှင့်
တာဝန်ရှိပါသည်။ ရည်မှန်းထားသည့်နေရာသို့ မရောက်ခဲ့လျှင်လည်း စိတ်မပျက်ဘဲ၊ ဆက်လက်ကြိုးစားနေရမှာပါ။
တခါတရံမှာတော့ ကျွန်တော်တို့ စိတ်ဓါတ်ကျတတ်ကြပါသည်။
နယူးယောက်ပြည်နယ် အပေါ်ပိုင်းလယ်ကွင်းထဲတွင်နေထိုင်သည့် အဖွါးအိုသည်
အသက် ၇၈နှစ်တွင် ပန်းချီစဆွဲပါသည်။ ပန်းချီပညာ၏အခြေခံအကျဆုံးနည်းလမ်းလေးကိုတောင် သင်ပေးမဲ့သူမရှိခဲ့ပါ။
အဖွါးအိုသည် ငွေကြေး၊ ဂုဏ်ဒြပ်တို့အတွက် ပန်းချီဆွဲခဲ့သည် မဟုတ်ပါ။ ကိုယ့်ပျော်ရွှင်မှုအတွက်
ကင်းဗတ်စပေါ်မှာ ပန်းချီဆွဲခဲ့တာပါ။ သူမချစ်တဲ့ ကြမ်းကြမ်းတမ်းတမ်း ကျေးလက်ရှူခင်းတွေကို
မြင်သည့်အတိုင်း ရေးဆွဲခဲ့တာပါ။ အဖွါးမော့စ်၏ပန်းချီကားတွေသည် ယခုအခါစုဆောင်းသူများ
အမြတ်တနိုးစုဆောင်းရာဖြစ်နေပါပြီ။ သူမ၏ရှူခင်းပုံပန်းချီကားများသည် ကျော်ကြားသောပန်းချီကားများတွင်
ချိတ်ဆွဲထားပါပြီ။
သူမ၏ ပန်းချီကားထဲမှချစ်စရာအကောင်းဆုံးပန်းချီကားကို အသက်၈၀ ကျော်ကာလများမှာ
ရေးဆွဲခဲ့ပါသည်။ ထိုပန်းချီကား၏ဈေးနှုန်းသည် တတ်နိုင်သည့်ဈေးနှုန်းအတွင်းရှိသောကြောင့်
ကျွန်တော့်ဧည့်ခန်းထဲတွင် ချိတ်ဆွဲထားပါသည်။ နှင်းကျနေသောပုံလေးဖြစ်ပါသည်။ ငယ်ရွယ်ခြင်း၊
မျှော်လင့်ခြင်းနှင့် ဘဝကိုပျော်ရွှင်မှုများရောယှက်ပြီး၊ ရွှင်လန်းနေပါသည်။ ပန်းချီကားလေးသည်
ကျွန်တော့်စိတ်ကို သက်သောင့်သက်သာဖြစ်စေပါသည်။
အမြဲပိုကောင်းအောင် ကြိုးစားအတွက် နောက်ကျသည်ဟူ၍မရှိဆိုသောအတွေးကို
ပန်းချီကားလေးမှ ပေးပါသည်။
သို့သော်လည်း အကောင်းဆုံးဆိုသည်မှာ ကျွန်ုပ်တို့၏အကောင်းဆုံးကို
ဆိုလိုပါသည်။ အောင်မြင်မှု၊ လောဘတရား၊ ဂုဏ်သိက္ခာတို့အတွက် အကောင်းဆုံးကိုဆိုလိုခြင်းမဟုတ်ပါ။
မည်သည့်အလုပ်ကိုလုပ်သည်ဖြစ်စေ၊ မိမိနေထိုင်သည့်လူမှုအသိုင်းအဝိုင်းကို မျှဝေပေးနိုင်သည်ဆိုလျှင်
အလုပ်ကောင်းဟု ဆိုနိုင်ပါသည်။
အငှားယာဉ်မောင်း၏သား အမေရိကန်ပြည်ထောင်စု၏သမ္မတဖြစ်လာနိုင်ပါသည်။
ကျန်းမာသော၊ ဒီမိုကရေစီစိတ်ဓါတ်ပြည့်ဝသော၊ တက်ဆီဒရိုင်ဘာကောင်းဟူသောဂုဏ်ယူစိတ်ဖြင့်
အမေရိကန်သမ္မတ အိမ်တော်ရှေ့မှကားမောင်းသွားခြင်းသည်လည်း ကျွန်တော့်အတွက် ထပ်တူအရေးကြီးပါသည်။
( All Horses Can’t Jump by
I.A.R. Wylie- ကိုပြန်ဆိုပါသည်။ )
No comments:
Post a Comment