Thursday, March 27, 2014

ပထမဆုံးအနမ်းရဲ့နောက်ဆက်တွဲ..



ဆယ်ကျော်သက်ဘဝမှာ ကျမတော်တော်ရှက်တတ်ပါတယ်။ ကျမရဲ့ပထမဆုံးကောင်လေးလဲ ကျမလိုပဲ ရှက်ပါတယ်။ ကျမတို့ ချိန်းတွေ့ကြတာ ၆ လလောက်ရှိပါပြီ။ ဒါပေမဲ့ ချွေးစိုနေတဲ့လက်လေးပဲ ကိုင်ဖြစ်တာများပါတယ်။ အမှန်တော့ ရုပ်ရှင်ကြည့်တယ်။ ဟိုဟိုဒီဒီစကားတွေ ပြောကြတယ်။ ကျမတို့ တစ်ယောက်နဲ့တစ်ယောက် နမ်းမိမလို မကြာခဏဖြစ်ကြပါတယ်။ နမ်းချင်နေမှန်း နှစ်ယောက်စလုံး သိကြပါတယ်။ သို့သော်လည်း ပထမဆုံးအနမ်းကို နမ်းဖို့အတွက် ကျမတို့နှစ်ယောက်လုံး သတ္တိမရှိကြပါဘူး။
          နောက်ဆုံး ကျမရည်းစားက ဧည့်ခန်းက ခုံရှည်ကြီးပေါ်မှာ သွားထိုင်ကြရအောင်လို့ပြောလို့ ကျမတို့ သွားထိုင်ကြပါတယ်။ ကျမတို့ ရာသီဥတုအကြောင်းကိုပြောကြရင်း၊ သူက ရှေ့ကိုကိုင်းလိုက်ပါတယ်။ ခေါင်းအုံးနဲ့ ကျမမျက်နှာကို ကာပြီး၊ သူကို့ တားလိုက်ပါတယ်။ သူ ခေါင်းအုံးကို နမ်းလိုက်ရပါတယ်။ ကျမလည်း အနမ်းခံချင်တာ အရမ်းပါပဲ။ သို့သော်လည်း သူ ကျမ အနားကပ်လာမှာကို ကြောက်နေပါတယ်။ ဒါကြောင့် သူ ကပ်လာရင် အဝေးကိုအမြဲရှောင်နေမိပါတယ်။ သူ ပိုပြီး ကပ်လာပါတယ်။ ရုပ်ရှင်တွေအကြောင်း ကျမတို့ပြောကြပါတယ်။ သူ ရှေ့ကိုကိုင်းလာပြန်ပါတယ်။ ကျမလည်း သူ့ကို တားလိုက်ပြန်တယ်။

          ခုံတမ်းရှည်ရဲ့အစွန်ကို ကျမရွှေ့သွားပါတယ်။ ကျမတို့ စကားပြောရင်း၊ သူလိုက်ရွှေ့လာပါတယ်။ သူ ရှေ့ကို ကိုင်းလိုက်ချိန်မှာ ကျမ မတ်တပ်ရပ်လိုက်ပါတယ်။ အိမ်ရှေ့တံခါးနားကို ကျမ လမ်းလျှောက်သွားပြီး၊ နံရံကိုမှီပြီး ရပ်နေပါတယ်။ ကျမ လက်ပိုက်ပြီး သူ့ကို စိတ်မရှည်သလို ပြောလိုက်ပါတယ်။ 


“ရှင် ကျမကို နမ်းမှာလား၊ မနမ်းဘူးလား။”

“နမ်းမှာပေါ့” လို့ သူပြောပါတယ်။

          ဒါကြောင့် အဲဒီနေရာမှာ ဆက်ပြီး မျက်လုံးတွေပိတ်ပြီး မှတ်တပ်ရပ်နေပါတယ်။ နှုပ်ခမ်းတွေကို စုထားပါပြီး၊ မျက်နှာကို ရှေ့ကိုလှည့်ထားပါတယ်။

          ကျမ အဆင်သင့်စောင့်နေပါတယ်။

          သူ ကျမကို ဘာလို့ မနမ်းသေးတာလဲ။

          ဒါကြောင့် ကျမ မျက်လုံးကိုပြန်ဖွင့်လိုက်တယ်။ သူ ကျမ တည့်တည့်ကို လာနေပါပြီ။ ကျမ ပြုံးလိုက်မိတယ်။ သူ နမ်းလိုက်တာ ကျမရဲ့သွားတွေကိုပါ။ ငါတော့ သေတော့မှာပဲလို့ တွေးလိုက်မိတယ်။ သူ ကျမနားမှ ထွက်သွားပါပြီ။

          ကျမတို့ သတင်းတွေ ကျောင်းထဲမှာ ပျံ့သွားပါတယ်။ အထက်တန်းကျောင်းတက်နေတုန်း ကျမ နောက်တစ်ခါချိန်းမတွေ့ဖြစ်တော့ပါဘူး။ ကောလိပ်မှာ တစ်နှစ်ကျောင်းသွားတက်ပါတယ်။ လှလှပပနဲ့ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိစွာ ဘယ်လိုနမ်းမလဲဆိုတာကို လေ့လာဖို့ ကျမဆုံးဖြတ်လိုက်ပါတယ်။ ကျမ လေ့လာနိုင်ခဲ့ပါပြီ။

          နွေဦးပေါက်မှာ သူငယ်ချင်းတွေနဲ့တွေ့ဖို့ ကျမ အိမ်ပြန်ပါတယ်။ မကြာခဏရောက်ဖြစ်ခဲ့တဲ့ နေရာတွေကို ကျမ လမ်းလျှောက်ပါတယ်။ ဘယ်သူ့ကိုတွေ့မယ်လို့ မင်း ထင်သလဲ။ အရက်ဆိုင်တစ်ဆိုင်မှာ ထိုင်နေတဲ့ ကျမရဲ့အနမ်းရည်းစားကို ပြန်တွေ့ပါတော့တယ်။ ကျမ ဘယ်လောက်တိုးတက်လာသလဲ ဆိုတာကို ပြရသေးတာပေါ့။ သူ့ရဲ့ထိုင်ခုံဆီကို ကျမ လျှောက်သွားပြီး၊ ပုခုံးကို ပုတ်လိုက်ပါတယ်။ ချက်ချင်း သူ့ကို ကျမဆွဲဖက်လိုက်တယ်။ သူ့ခုံကို ထိအောင်တွန်းထားလိုက်ပြီး ကျမရဲ့မက်မောပြင်းပြတဲ့အနမ်းတွေနဲ့ ကျွမ်းကျင်စွာ နမ်းလိုက်ပါတော့တယ်။

“ကဲ..ဘယ်လိုလဲ” လို့ သူ့ကို ကျမ မေးလိုက်တယ်။

          သူနဲ့ ကပ်လျှက် မိန်းမကိုလက်ညိုးထိုးပြီး၊ အခုလို ပြောလိုက်ပါတယ်။

“မေရီဂျိန်း၊ မင်းကို ငါ့မိန်းမနဲ့ တွေ့ပေးချင်တယ်ကွာ။”

( My First Kiss, and Then Some by Mary Jane West-Delgado ကို ဘာသာပြန်ဆိုခြင်း ဖြစ်ပါသည်။    )

No comments:

Post a Comment