Saturday, March 1, 2014

သက်ဆုံးတိုင် မခွဲဘဲ….



       ချစ်သူစုံတွဲအများစုကတော့ တစ်ယောက်နဲ့တစ်ယောက် သေအတူ၊ ရှင်မကွဲ မခွဲဘဲနေလိုကြပါတယ်။ သို့သော် ကျွန်တော်ကြားဖူးတဲ့ အစီဒေါစထရောက်တို့စုံတွဲရဲ့ သစ္စာတရားနဲ့ ချစ်ခြင်းကိုတော့ အခြားသူတွေမှီဖို့ ခဲယဉ်းပါလိမ့်မယ်။

          ၁၉၁၂ ခုနှစ်မှာ တိုက်တင်းနစ်သင်္ဘောကြီးရဲ့ ကံမကောင်းတဲ့ခရီးစဉ်ကို စတင်ပါတယ်။  စထရောက်တို့ ဇနီးမောင်နှံ သင်္ဘောကြီးပေါ်လိုက်ပါခဲ့ပါတယ်။ သင်္ဘောနဲ့အတူ နစ်မြုပ်ခဲ့တဲ့ အမျိုးသမီး အရေအတွက် သိပ်မများပါဘူး။ တချို့တလေပါပဲ။ ထိုခြွင်းချက်ထဲမှာပါတဲ့ မစ္စစထရောက် တစ်ယောက်ကတော့ ရိုးရှင်းတဲ့အကြောင်းပြချက်ကြောင့် သင်္ဘောကြီးနဲ့အတူ နစ်မြုပ်ခဲ့တာပါ။ သူမ ယောက်ျားကို မခွဲခဲ့နိုင်လို့ပါ။

          ဒီအကြောင်းအရာလေးကို မစ္စစထရောက် ရဲ့အိမ်အကူအမျိုးသမီး မေဘယ်ဘတ် ပြန်ပြောပြခဲ့တာပါ။ 

        “တိုက်တင်းနစ်သင်္ဘောကြီး စနစ်မြုပ်ချိန်မှာ ကြောက်လန့်နေတဲ့အမျိုးသမီးတွေ၊ ကလေးတွေကို အသက်ကယ်လှေပေါ်ကို ပထမဆုံးတင်ပေးကြပါတယ်။” စထရောက် တို့လင်မယားက အရမ်းကို တည်ငြိမ်ပြီး၊ အခြားသူတွေ လှေပေါ်ရောက်အောင် ကူညီပေးကြပါတယ်။ ခရီးသည်တွေကို နှစ်သိမ့်အောင် ဖြောင်းဖြကြပါတယ်။ 

“သူတို့ မကူညီရင် ကျွန်မလဲ ရေနစ်သေမှာပါ။ ကျွန်မရဲ့အသက်ကယ်လှေက လေး၊ ငါးစီးမြောက်လှေပါ။ မစ္စစထရောက် ကျွန်မကို လှေပေါ်ကူတင်ပေးပြီး၊ အနွေးထည်အထူကြီး ကျွန်မကို ဝတ်ပေးပါတယ်။”

       မစ္စတာစထရောက် သူ့မိန်းမကို သူ့ရဲ့အိမ်အကူအမျိုးသမီးနှင့်အတူ လှေပေါ်ကိုတက်ဖို့ပြောပါတယ်။ မစ္စတာစထရောက် လှေပေါ်ကို စတက်ပါတယ်။ လှေပေါ်ကို ခြေတစ်ဖက်တင်အပြီး၊ ရုတ်တရက် စိတ်ပြောင်းသွားပါတယ်။ ပြန်လှည့်ပြီး၊ နစ်နေတဲ့သင်္ဘောပေါ်ကို ပြန်ဆင်းလိုက်ပါတယ်။
“အချစ်ရယ် မင်း လှေပေါ်ကိုပြန်တက်ပါကွယ်” လို့ သူ့ယောက်ျားက ပြောပါတယ်။ 

        သူ့ယောက်ျားမျက်လုံးကို သူ စိုက်ကြည့်နေပါတယ်။ သူ့ဘဝအချိန်အများစုမှာ အတူရှိနေခဲ့သူပါ။ အကောင်းဆုံးမိတ်ဆွေ၊ အကောင်းဆုံးနှလုံးသားအဖေါ်မွန်ဖြစ်ပြီး သူ့စိတ်ဆန္ဒကို အမြဲကျေနပ်နှစ်သိမ့်မှု ပေးခဲ့သူပါ။ သူ့ရဲ့ လက်မောင်းကို ဖမ်းလိုက်ပြီး၊ ကိုယ်ကိုဆွဲဖက်ထားလိုက်ပါတယ်။
“မလိုက်ဘူး။ ကျွန်မ လှေပေါ်ကို မလိုက်ဘူး။ ကျွန်မတို့ နှစ်ပေါင်းများစွာ အတူရှိနေခဲ့ပြီးပြီ။ အခု အသက်တွေကြီးပြီလေ။ ကျွန်မ ရှင့်ကို ခွဲပြီး မသွားနိုင်ဘူး။ ရှင်သွားတဲ့နောက်ကို ကျွန်မလိုက်မယ်။” လို့ ပြောပါတယ်။

          အဲဒီလို တွေ့လိုက်တာနောက်ဆုံးအကြိမ်တွေ့လိုက်ခြင်းပါ။ ကုန်းပတ်ပေါ်မှာ လင်မယားနှစ်ယောက် လက်ချင်းခိုင်ခိုင်မြဲမြဲချိတ်လျှက်၊ ယောက်ျားဖြစ်သူ မိန်းမကို မြဲမြဲမြံမြံကာကွယ်ပြီး၊ ရေအောက်ကို သင်္ဘောနှင့်အတူ နစ်မြုပ်သွားခဲ့ပါတယ်။ ထာဝရအတူ မခွဲမခွါဘဲ…..

(Chicken Soup for the Couple’s Soul စာအုပ်မှ Till Death Us Do Part by Barbara De Angelis, Ph.D .ကို ဘာသာပြန်ခြင်းဖြစ်ပါသည်။  )

No comments:

Post a Comment