လူငယ်တိုင်း
ရက်အနည်းငယ် မျက်စိမမြင်၊ နားမကြားဖြစ်ခဲ့လျှင် ကောင်းမယ်ဟု တခါတရံ ကျွန်မတွေးမိပါသည်။
အမှောင်ထုကြီးကြောင့် မျက်စိအမြင်အာရုံကို ပိုမိုကျေးဇူးတင်မိပါလိမ့်မည်။ တိတ်ဆိတ်ငြိမ်သက်ခြင်းမှ
အသံများ၏ပျော်ရွှင်ဖွယ်ရာကို သင်ကြားပေးပါလိမ့်မည်။
မကြာခဏဆိုသလို
ကျွန်မ၏ မျက်စိအမြင်အာရုံရမိတ်ဆွေများကို မည်သည့်အရာများမြင်သနည်းဟု စမ်းသပ်ကြည့်မိပါသည်။
သိပ်မကြာသေးမှီက သစ်တောအတွင်း အချိန်ကြာမြင့်စွာလမ်းလျှောက်ခဲ့သော မိတ်ဆွေကို ဘာတွေ
တွေ့မြင်ခဲ့ရလဲဟု မေးမိပါသည်။
“ဘာမှ ထွေထွေထူးထူး
မဟုတ်ပါဘူး” ဟု သူမ ပြန်ပြောပါတယ်။
သစ်တောထဲမှာ
တစ်နာရီလမ်းလျှောက်ပြီး၊ ဘာမှမတွေ့ဘူးဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲလို့ တစ်ယောက်ထဲ ကျွန်မတွေးလိုက်မိပါသည်။
မျက်စိ မမြင်တဲ့ကျွန်မဆိုရင်တောင် သစ်တောထဲမှာ လမ်းလျှောက်ခဲ့ရင် အတွေ့အထိအာရုံနှင့်
စိတ်ဝင်စားစရာတွေ အများကြီးတွေ့နိုင်ပါသေးတယ်။ သစ်ရွက်တစ်ရွက်ရဲ့နူးညံ့တဲ့ပုံသဏ္ဍန်ကို
ကျွန်မ ခံစားနိုင်ပါတယ်။ ငွေရောင်သစ်ပင်ရဲ့နူးညံ့တဲ့ သစ်ခေါက်အပေါ် ကျွန်မလက်နဲ့ ဖြေးညှင်းစွာစမ်းမိလိမ့်မယ်။
ထင်းရှူးပင်ရဲ့ကြမ်းတမ်းပြီး၊ အထွတ်တွေ ဖြစ်နေတဲ့သစ်ခေါက်ကို လက်တွေနဲ့စမ်းကြည့်မိမယ်။
နွေဦးပေါက်မှာ သဘာဝရဲ့ပထမဆုံး ပြန်လည်နိုးထမှု သင်္ကေတဖြစ်တဲ့ သစ်ကိုင်းကြားမှ အဖူးလေးတွေ
ထွက်လာပြီလားဆိုတာ စမ်းမိလိမ့်မယ်။ တခါတရံ သစ်ပင်ငယ်လေးကို ကိုင်ထားပြီး၊ သစ်ပင်ပေါ်မှ
ငှက်ကလေးပျော်ရွှင်စွာတေးဆိုပြီး၊ လှုပ်ရမ်းနေတာလေးကို ခံစားကြည့်မိမယ်။
ဒီလိုအရာလေးတွေကိုမြင်ချင်လွန်းလို့
ကျွန်မ နှလုံးသားအကြိမ်ကြိမ်ငိုညဉ်းမိပါတယ်။ ကျွန်မရဲ့ အထိအတွေ့အာရုံလေးနဲ့ ဒီလောက်ပျော်ရွှင်ရင်၊
မျက်စိအမြင်အာရုံနဲ့ အလှတရားတွေကို မြင်တွေ့ရခဲ့ရင် ဘယ်လောက်တောင် ပျော်ရွှင်ရမလဲဆိုတာကို
မတွေးတတ်တော့ပါဘူး။ တကယ်လို့ ကျွန်မရဲ့ မျက်စိတွေကို သုံးရက်တာမြင်တွေ့ခွင့်ပေးခဲ့မယ်ဆိုရင်
ကျွန်မ ဘယ်အရာတွေကို ကြည့်ချင်မိမှလဲလို့ တွေးနေမိပါတယ်။
သုံးရက်ကြာအချိန်လေးကို
ကျွန်မ သုံးပိုင်းပိုင်းပါမယ်။ ပထမဆုံးနေ့မှာတော့ ကျွန်မရဲ့ဘဝကို နေပျော်အောင် အကြင်နာမေတ္တာပေးပြီး၊
အဖေါ်အဖြစ်နေထိုင်ပေးခဲ့သူ မိတ်ဆွေတွေကို တွေ့ချင်မိပါတယ်။ စိတ်ဝိဥာဉ်ရဲ့ပြတင်းပေါက်ဖြစ်တဲ့မျက်လုံးမှတဆင့်
မိတ်ဆွေရဲ့နှလုံးသားထဲကို ဘယ်လိုကြည့်ရမယ်ဆိုတာ ကျွန်မ မသိပါဘူး။ နှလုံးသားကိုတွေ့မြင်ဖို့အတွက်
မျက်နှာပုံစံလေးကို လက်ထိပ်လေးနဲ့စမ်းပြီး ကျွန်မ သိမြင်ရတာပါ။ လက်ထိပ်လေးမှ မိတ်ဆွေရဲ့
ရယ်မောခြင်း၊ ဝမ်းနည်းခြင်း နှင့် အခြားစိတ်ခံစားမှုတွေကို သိရတာပါ။ မျက်နှာကို လက်ထိပ်လေးနဲ့စမ်းပြီး၊
သူတို့ကို ကျွန်မ မိတ်ဆွေဖြစ်ခဲ့ရတာပါ။
မျက်စိမြင်သူတွေအတွက်
မိတ်ဆွေဖြစ်ဖို့၊ မိတ်ဆွေတွေရဲ့ခံစားမှုတွေ သိမြင်ဖို့ အရမ်းကို လွယ်ကူပါတယ်။ အရမ်းကိုကျေနပ်စရာကောင်းပါတယ်။
လူတစ်ဦးရဲ့ ကိုယ်ရည်ကိုယ်သွေး၊ စိတ်နေစိတ်ထားကို အရမ်းညင်သာတဲ့ ခြေဟန်လက်ဟန်လှုပ်ရှားပုံလေးကို
ကြည့်ပြီးသိနိုင်ပါတယ်။ ကျွန်မတို့ မိတ်ဆွေတွေရဲ့ပုံပန်းသဏ္ဍန်ကို မြင်တွေ့ရုံမဟုတ်ပဲ
မှတ်မှတ်သားသားရှိပါရဲ့လား။ တွေ့ပြီးနောက် မေ့မေ့ပျောက်ပျောက်ဖြစ်သွားပြီလား။
ဥပမာအားဖြင့်
မင်းရဲ့အကောင်းဆုံးမိတ်ဆွေငါးဦးရဲ့ပုံပန်းကို သေသေချာချာပြောပြနိုင်ပါလား။ ကျွန်မ
မေးခွန်းတွေမေးမိပါတယ်။ ယောက်ျားတွေကို သူတို့မိန်းမတွေရဲ့မျက်လုံးအရောင်ကို ပြောနိုင်ပါသလားလို့
မေးမိပါတယ်။ ယောက်ျားအများစုက စိတ်ရှူပ်ထွေးပြီး၊ နောက်ဆုံးမှာ မသိပါဘူးလို့ ဖြေကြပါတယ်။
တကယ်လို့
ကျွန်မသုံးရက်သာမြင်ဖို့ စွမ်းရည်ရှိခဲ့ရင် ထိုအရာတွေကို ကြည့်ရှူမှတ်သားပါမယ်။
ပထမဆုံးနေ့မှာ
ကျွန်မ အလုပ်အရှူပ်ဆုံးဖြစ်ပါလိမ့်မယ်။ ကျွန်မရဲ့အခင်မင်ဆုံးသူငယ်ချင်းတွေကို အနားကိုလာဖို့
ခေါ်ထားပြီး၊ သူတို့မျက်နှာတွေကို အကြာကြီးကြည့်မိပါလိမ့်မယ်။ သူတို့ရဲ့အပြင်ပိုင်းဆိုင်ရာ
အလှတရားကို စိတ်ထဲမှာစွဲမှတ်နေအောင်ကြည့်ရှူထားပါမယ်။ ကလေးငယ်တစ်ဦးရဲ့မျက်နှာကို ကျွန်မ
အကြာကြီးကြည့်နေချင်ပါတယ်။ ဘဝရဲ့ရှူပ်ထွေးမှုပြဿနာတွေကြောင့် မပျက်စီးမှီ၊ နူးညံ့အပြစ်ကင်းစင်တဲ့မျက်နှာလေးကို
မြင်ချင်မိပါတယ်။ ကျွန်မ ဖတ်ပြီးသား ကြီးကျယ်ထင်ရှားသည့် စာအုပ်ကြီးများကိုလည်း မျက်စိဖြင့်တွေ့လိုပါတယ်။
သစ္စာရှိပြီးယုံကြည်စိတ်ချရတဲ့ ကျွန်မ ခွေးနှစ်ကောင်ရဲ့ မျက်လုံးများကိုလည်း ကြည့်ချင်မိပါတယ်။
သေးငယ်တဲ့စကော့ခွေးလေးနှင့် သန်မာတဲ့ဂရိတ်ဒိန်းခွေးကြီးရဲ့ မျက်လုံးတွေပါ။
နေ့လည်ပိုင်းမှာတော့
သစ်တောထဲမှာ အကြာကြီးလမ်းလျှောက်ပြီး၊ သဘာဝရဲ့အလှအပတွေကို မျက်လုံးနဲ့ တွေ့မြင်ခံစားလိုပါတယ်။
အရောင်အသွေးစုံလင်လှတဲ့နေဝင်ချိန်ရဲ့ ခန့်ညားလှပပုံကို တွေ့မြင်ချင်လို့ ဆုတောင်းမိပါတော့တယ်။
ဒီတစ်ညမှာတော့ ကျွန်မ အိပ်နိုင်မယ် မဟုတ်တော့ပါဘူး။
နောက်တစ်နေ့
အာရုံဦးအချိန်လေးမှာ ကျွန်မ အိပ်ယာထပြီး၊ အလင်းရောင်မထွက်သေးချိန်မှာ ညတာမှနေ့တာသို့ ကူးပြောင်းသွားတဲ့ စိတ်လှုပ်ရှားဖွယ်အံ့ဖွယ်ဘနန်းဖြစ်ရပ်လေးကို
ကြည့်မြင်ချင်ပါတယ်။ အလင်းရောင် ရောင်ခြည်လေးတွေ တဖြည်းဖြည်းသန်းလာပြီး၊ နေမင်းကြီးမှ
သတ္တလောကကြီးကို လှုပ်နိုးလိုက်သည့် အလင်းရောင်လေးကို ကျွန်မ အံ့သြရင်ခုန်စွာ စောင့်ကြည့်ချင်ပါတယ်။
ထိုနေ့မှာ
ကမ္ဘာလောကကြီးရဲ့ အတိတ်မှ ပစ္စုပ္ပန်ကို ပြိုးပြိုးပြက်ပြက် မြန်မြန်ဆန်ဆန် ပြောင်းလဲပုံကို
ကြည့်ချင်ပါသေးတယ်။ ထို့ပြင် ပြတိုက်ကိုသွားပြီး လူသားတို့၏ တိုးတက်လာမှုဖြစ်စဉ်ကိုကြည့်ချင်ပါတယ်။
ကျွန်မရဲ့မျက်လုံးတွေမှတဆင့် ကမ္ဘာမြေကြီးရဲ့ သမိုင်းမှတ်တမ်းအကျဉ်းချုပ်ကို ကြည့်ချင်ပါတယ်။
သတ္တဝါတွေ၊
လူသားမျိုးနွယ်တွေကို သူတို့ရဲ့ သဘာဝပတ်ဝန်းကျင်မှာ မှတ်တမ်းပြုလုပ်ထားပါတယ်။ လူသားတို့
မပေါ်ထွန်းမှီ ကမ္ဘာကြီးကို စိုးမိုးခဲ့သော ကြီးမားလှသည့် ဒိုင်နို့ဆောကြီးများအကြောင်းကို
သိချင်မိသလို၊ သေးငယ်သောကိုယ်ခန္ဓာနှင့် အစွမ်းထက်သည့် ဦးနှောက်ကို သုံး၍ သတ္တဝါလောကကို
စိုးမိုးထားသည့် လူသားတို့အကြောင်းကိုလည်း ပိုမိုသိချင်ပါသည်။
No comments:
Post a Comment