“အဲဒီအချိန်အလှတရားကို မင်းမြင်ရဲ့လား။ နှစ်တွေကုန်သွားသော်လည်း
အချစ်တွေပိုပိုပြီး တိုးလာတယ်။ တခါတလေတော့လဲ ရန်ဖြစ်တာပေါ့ကွာ။ ဒါပေမဲ့ အချစ်တော့ မပျက်ဘူးကွ။”
“ကျုပ် မိန်းမကို ချစ်တဲ့အချစ်ကို ဘယ်လိုရှင်းပြရမလဲ မသိဘူး။
အချစ်တွေက ထာဝရပဲ။ ပိုလို့တောင် ခိုင်မာလာသေးတယ်။
ကျုပ်ဘဝမှာ အမှားတွေ အများကြီး လုပ်ခဲ့တယ်။ ဒါပေမယ့် လက်ထပ်တာမှားတယ်လို့တော့ ဘယ်တော့မှ
မခံစားခဲ့ပါဘူး။” လို့ အဖိုးကြီး ခေါင်းလေး တငြိမ့်ငြိမ့်နဲ့ ပြောပြပါတယ်။
“ဘဝဆိုတာ အရမ်းကို ခက်ခဲလွန်းပါတယ်ကွာ။ ကျုပ်အတွက် အခုခေတ်လူ့လောကကြီးက
တကယ့်ကို နားလည်ရခက်တယ်ကွာ။ ကျုပ်ဘဝကို ပြန်စဉ်းစားလိုက်ရင် သေချာတာတစ်ခုတော့ရှိတယ်။
ဘဝမှာ စွမ်းအားအကြီးဆုံးက ငွေကြေးမဟုတ်ဘူး။ လောဘမဟုတ်ဘူး။ ဒေါသမဟုတ်ဘူး။ ချစ်ခြင်းတရားပါ။
ချစ်ခြင်းတရားကို စကားလုံးတွေနဲ့ ဖေါ်ကျူးလို့ မရဘူး။ ကဗျာဆရာတွေ၊ စာရေးဆရာတွေက ကြိုးစားပြီး
ချစ်ခြင်းတရားကို ပုံဖေါ်ကြတယ်။ မရပါဘူးကွာ။ အချစ်ဆိုတာ တစ်ယောက်နဲ့တစ်ယောက် မတူဘူးကွ။
ကျုပ် မိန်းမကို အရမ်းချစ်တယ်။ မင်း မြင်တဲ့အတိုင်းပဲကွာ။ သေရင်တောင်မှ အုတ်ဂူနှစ်ခုယှဉ်ပြီးထားမယ်ကွာ။”
ကျွန်တော့် ဖန်ခွက်အလွတ်ကို အဖိုးကြီးကြည့်လိုက်တယ်။
“မင်းထင်တာထက် ပိုကြာကြာ ကျုပ်ပြောနေမိပြီထင်တယ်။” လို့ အဖိုးကြီး
တောင်းပန်စကားဆိုပါတယ်။
“လင်မနစ်ဖျော်ရည်ကို မင်းကြိုက်မယ်ထင်ပါတယ်ကွာ။ မင်း ပြန်သွားတဲ့အခါ
မင်းမိန်းမ၊ မင်းကလေးတွေကို ချစ်ပါ။ မင်းဘဝရဲ့နေတိုင်း သူတို့ကို ချစ်ပါကွာ။ သူတို့နဲ့
ဘယ်တော့ ခွဲခွါရမလဲဆိုတာကို ဘယ်သူသိနိုင်မှာလဲကွာ။”
ကျွန်တော့်ကားဆီသို့ လမ်းလျှောက်သွားချိန်မှာ အဖိုးကြီးရဲ့စကားလုံးအင်အားတွေကို
ခံစားနေရပါတယ်။ အဖိုးကြီး သူ့မိန်းမ ဆုံးသွားတာနှစ်ပေါင်းများစွာကြာပြီး။ သို့သော်လည်း
အဖိုးကြီးက ဆက်ပြီး ချစ်နေတာဖြစ်မယ်လို့ ကျွန်တော် ထင်မိပါတယ်။ လစ်မနစ်ဆိုင်လေးနဲ့
တစ်ခါတရံရောက်လာတတ်တဲ့ ဧည့်သည်တွေကို စကားပြောနေရတဲ့ အဖိုးကြီးကို သနားမိပါတယ်။
လမ်းမပေါ်ပြန်ရောက်သော်လည်း၊ အဖိုးကြီး ကျွန်တော့်စိတ်ထဲမှ
မထွက်ပါဘူး။ ရုတ်တရက် လီမွန်နစ်ဖျော်ရည်ဖိုး ကျွန်တော် မပေးမိဘူးဆိုတာကို သတိရလိုက်ပါတယ်။
ကားကို ပြန်ကွေ့ပြီး မောင်းလာခဲ့ပါတယ်။ အိမ်နားကို ကားရောက်လာတဲ့အခါ ကားတစ်စင်းရပ်ထားတာ
တွေ့လိုက်ရပါတယ်။ အခြားကားတစ်စင်းကို တွေ့လိုက်လို့ ကျွန်တော် ရုတ်တရက် အံ့သြသွားပါတယ်။
ကျွန်တော် ကားရပ်ပြီး၊ စင်ဝင်အောက်ကို လမ်းလျှောက်သွားပါတယ်။
ဘယ်သူမှ မတွေ့ပါဘူး။ ကုလားထိုင်ပေါ်မှာပိုက်ဆံကို တင်ပေးထားပြီး၊ ပြတင်းပေါက်မှ လှမ်းပြီးကြည့်လိုက်ပါတယ်။
ဧည့်ခန်းအလယ်မှာ အဖိုးကြီး သူ့မိန်းမနဲ့ ဖြေးဖြေးလေး ကနေပါတယ်။
ကျွန်တော် သဘောပေါက်နားလည်သွားပါတယ်။ အဖိုးကြီး သူ့မိန်းမကို
ထာဝရမဆုံးရှူံးပါဘူး။ နေ့လည်ခင်းတစ်ခု အပြင်ထွက်သွားတာပါ။
ထိုအဖြစ်အပျက်ကိုကြုံတွေ့ခဲ့ပြီး၊ နှစ်ပေါင်းများစွာကြာသော်လည်း
ကျွန်တော် အဖိုးကြီးနှင့် သူ့မိန်းမ အကြောင်းကို စဉ်းစားမိနေတုန်းပါ။ သူတို့နေထိုင်ဖြတ်သန်းတဲ့ဘဝမျိုးကို
ကျွန်တော် လိုချင်မိပါတယ်။ သူတို့လို ကလေးတွေ၊ မြေးတွေအထိ ချစ်နေချင်မိပါတယ်။ သူ့မိန်းမနဲ့အတူ
ကနေတဲ့အဖိုးကြီးဖြစ်ချင်မိပါတယ်။ တကယ်တော့ အချစ်ထက်ကြီးမားတဲ့ဆုမွန်ကောင်းမရှိပါဘူး။
( Chicken Soup for the Couple’s Soul စာအုပ်မှ Lemonade
and a Love Story by Justin R.Haskin ကို ဘာသာပြန်ခြင်းဖြစ်ပါသည်။ )
No comments:
Post a Comment