Tuesday, March 25, 2014

ကျေးဇူးတင်ပါတယ်...


        သုံးတန်းတက်နေတဲ့ကျမသားလေး မတ်ခ် က သူ့မုန့်ဖိုးလေးတွေကိုစုနေတာ ၂လရှိနေပါပြီ။
သူချစ်ခင်တဲ့လူတွေ ကို ဒီဇင်ဘာ ကျောင်းပိတ်ရက်လက်ဆောင်အဖြစ် ဝယ်ပေးဖို့ပါ။ သူစုထားတာ
ဒေါ်လာ ၂၀ရပါပြီ။ ဒီဇင်ဘာလရဲ့တတိယမြောက်အပါတ်စနေနေ့မှာတော့ သားကသူလက်ဆောင်ဝယ်ပေးမယ့်လူစာရင်းကိုလုပ်ပြီးသွားပြီ။ ပိုက်ဆံလဲအိတ်ထဲမှာ အဆင်သင့်ရှိပြီလို့ ပြောပါတယ်။ 

      five-and-dime လို့ခေါ်တဲ့ ဒေသတွင်း ဆေးဆိုင်လေးကိုကျမ ကားမောင်းပြီး လိုက်
 ပို့ပေး လိုက်ပါတယ်။ ဆွဲခြင်းလေးကို ကိုယ်တိုင်ဆွဲပြီးဆိုင်ထဲမှာ မတ် လျှောက်သွားနေပါတယ်။
ကျမသူ့ကိုစောင့်ရင်း စတိုးဆိုင်ရှေ့ပိုင်းမှာ အချိန်ဖြုန်းတဲ့ အနေနဲ့ စာအုပ်တစ်အုပ် ဖတ်နေလိုက်ပါတယ်။
သူ့ရဲ့လက်ဆောင်လေးတွေ ရွေးဝယ်နေတာ ၄၅မိနစ်လောက်ကြာပါတယ်။ ပိုက်ဆံရှင်းမယ့်
ကောင်တာနားကို သူ ရောက်လာတော့ မျက်နှာတစ်ခုလုံး ဝင်းပလျှက်ရှိပါတယ်။အရောင်းစာရေးလေးက
သူ့ပစ္စည်းလေးတွေ ဆွဲယူလိုက်ချိန်မှာ ကျမ အလိုက်သတိ မျက်နှာကိုတစ်ဖက်လှည့်ပေးလိုက်ပါတယ်။
သူ့ပစ္စည်းလေးတွေအတွက် ကုန်ကျငွေက သူ ခန့်မှန်းထားတဲ့ငွေနဲ့လုံလောက်မှု ရှိပါတယ်။ သူ့ပိုက်ဆံရှင်းဖို့ အိတ်ထဲကို နှိုက်လိုက်ပါတယ်။ 

       ပိုက်ဆံတွေ မတွေ့တော့ပါဘူး။ သူ့အိတ်မှာ အပေါက်ကိုတွေ့လိုက်ပါတယ်။ စတိုးဆိုင်ရဲ့ အလယ်ခေါင်မှာ မတ် သူ့ဆွဲခြင်းလေးကို ကိုင်ပြီး မတ်တပ်ရပ်နေပါတယ်။ ပါးပြင်ပေါ်မျက်ရည်တွေ
တစက်ချင်း စီးကျနေပါတယ်။ ငိုရှိုက်မှုကြောင့် သူ့ ကိုယ်လေး တသိမ့်သိမ့်ဖြစ်နေပါတယ်။
ထိုအချိန်မှာ မမျှော်လင့်တဲ့ အဖြစ်အပျက်တစ်ခု ဖြစ်လာပါတယ်။ စတိုးဆိုင်ထဲက ဈေးဝယ်သူတစ်ဦးမတ်ထံကို လျှောက်လာပါတယ်။ မတ် ကိုစကားပြောဖို့ သူမ ဒူးထောက်
လိုက်ပါတယ်။မတ်ကို သူမရဲ့လက်နဲ့ ကိုင်ထားရင်း ယခုလို ပြောလိုက်ပါတယ်။ 

"သားရဲ့ပျောက်သွားတဲ့ပိုက်ဆံကိုအန်တီ အစားပေးဖို့ သား ခွင့်ပြုမလားဟင်။ ဒီလိုခွင့်ပြုခဲ့ရင်
တော့သားက အန်တီကို အကြီးအကျယ် မျက်နှာသာပေးလိုက်တာပါပဲကွယ်။ အဲဒီလို သား
ခွင့်ပြုရင်အန်တီကို အကောင်းဆုံးလက်ဆောင်ပေးလိုက်တာပါပဲ။ ဒီလိုကူညီမှုကို သားလက်ဆင့်ကမ်းပေးဖို့
တစ်ခုကိုသာ အန်တီတောင်းဆိုချင်တာပါ။ သား ကြီးလာတဲ့တစ်နေ့မှာသားကူညီပေးရမယ့်လူ
တစ်ယောက်ယောက်ကို တွေ့ရပါလိမ့်မယ်။ အခြားလူတစ်ဦးကို သားကူညီပေးလိုက်ချိန်မှာ
အန်တီ အခုသားကို ကူညီပေးလို့ခံစားရတဲ့ ဝမ်းသာမှုမျိုးကို သား ခံစားရပါလိမ့်မယ်ဆိုတာကို
အန်တီ သိနေပါတယ်ကွယ်။"

        မတ် ပိုက်ဆံကို ယူလိုက်ပါတယ်။ မျက်ရည်တွေကိုခြောက်အောင်လုပ်ပြီး ငွေရှင်းကောင်တာဆီကို
ခပ်သွက်သွက်ပြေးသွားပါတယ်။ မတ် ကျမတို့ကို လက်ဆောင်တွေပေးရလို့ပျော်ရသလို
ကျမတို့အားလုံးလဲ မတ်ရဲ့ လက်ဆောင်လေးတွေအတွက် ပျော်ကြရမယ်လို့ ထင်ပါတယ်။
အံ့သြစရာကောင်းတဲ့ ထိုအမျိုးသမီးကို ကျမ ကျေးဇူးတင်မိပါတယ်။ နောက်လေးနှစ်အကြာမှာ
အုတ်ကလန်မြို့မှ မီးဘေးသင့်သူတွေအတွက် စောင်တွေ ကုတ်အကျီတွေကို မတ်တစ်အိမ်တက်ဆင်း
လိုက်ပြီး စုဆောင်းပါတယ်။ ထိုအကြောင်းလေးတွေကို ကျမ ထိုအမျိုးသမီးကို
ပြောပြချင်ပါတယ်။ ထိုအမျိုးသမီးကို မတ်လဲ တွေးနေမိခဲ့ပါတယ်။ အိုးမဲ့အိမ်မဲ့မိသားစုတစ်စုကို
အစားအသောက်တွေ ကျမ ပေးပြီးတိုင်း ထိုအမျိုးသမီးကို တွေးမိပါတယ်။ ကျမ ထိုအမျိုးသမီးကို
ကတိစကားတစ်ခု ပေးချင်မိပါတယ်။ မတ် တစ်ယောက်ကတော့ကျေးဇူးတင်စရာအလုပ်တွေကို
ဆင့်ကဲဆင့်ကဲ လက်ဆင့်ကမ်းဖို့ မမေ့ဖူးဆိုတာသည့် ကတိစကားလေးပါ။ 

( A very belated Thank you by Laurie Pines ကို ဘာသာပြန်ဆိုခြင်းဖြစ်ပါသည်။ )

No comments:

Post a Comment