Sunday, March 23, 2014

သုံးရက်သာမြင်ခွင့်ရခဲ့လျှင် ( ၂ )



        သွားချင်သည့် နောက်ထပ်တစ်နေရာကတော့ အနုပညာပြတိုက်ဖြစ်ပါတယ်။ ရှေးခေတ်နိုင်းမြစ်ဝှမ်းမှ နတ်ဘုရား၊ နတ်ဘုရားမတို့ကို ကျွန်မရဲ့ လက်ချောင်းလေးတွေမှတဆင့် ရင်းရင်းနှီးနှီးထိတွေ့ဖူးခဲ့ပါပြီ။ ပါသီနွန်နတ်ဘုရားကျောင်းရဲ့ တိုင်ချောင်းတွေကို ပုံတူအရုပ်လေးတွေမှ တဆင့် ခံစားခဲ့ဖူးပါတယ်။ အေသင်စစ်သည်တော်ရဲ့ အချိုးအစားကျနသော အလှအပကိုလည်း ခံစားဖူးပါပြီ။ ပါးသိုင်းမွှေးထူထူ၊ အဆစ်အမြစ်ကြီးကြီး ဂရိစာဆိုတော်ကြီးဟိုးမားနဲ့လည်း ကျွန်မ ခင်မင်ရင်းနှီးပါတယ်။ စာဆိုတော်ကြီးဟာလည်း ကျွန်မလို မျက်စိမမြင်ခြင်းကို သိနားလည်ပါတယ်။ 

          အဲဒီလိုနဲ့ ဒုတိယနေ့တစ်နေ့လုံးကို အနုပညာမှတဆင့် လူသားရဲ့စိတ်ဝိဥာဉ်ထဲကို ကြည့်ရှူဖို့ ကျွန်မ ကြိုးစားချင်ပါတယ်။ ထိတွေ့မှုမှတဆင့် ကျွန်မနဲ့ ရင်းနှီးထားသောအနုပညာများကို ကြည့်မြင်ချင်ပါတယ်။  ကျွန်မအတွက် ပိုမိုကြီးကျယ်စွာခံစားစေမယ့်အရာကတော့ ခမ်းနားလှတဲ့ပန်းချီလောကကြီးကို မြင်တွေ့မိခြင်း ဖြစ်ပါတယ်။ စုတ်ချက်ခပ်သွက်သွက်နဲ့ ဆွဲထားတဲ့ အင်ပရက်ရှင်းပန်းချီကားတွေကို ကြည့်မြင်နိုင်ပါပြီ။ အနုပညာကို စစ်မှန်ပြီး၊ လေးနက်စွာခံစားနိုင်ဖို့အတွက် မျက်စိကို ပညာပေးလေ့ကျင့်ဖို့ လိုအပ်တယ်လို့ အနုပညာရှင်တွေက ပြောကြတယ်။ လိုင်း၊ ပုံသဏ္ဍန်နှင့် အရောင်တွေရဲ့ တန်ဖိုးကို ဆုံးဖြတ်ဖို့ အတွေ့အကြုံမှတဆင့် လေ့လာသင်ကြားရပါမယ်။ ကျွန်မသာ အမြင်အာရုံကို ရခဲ့မယ်ဆိုရင် ထိုသဘောတရားတွေကို ပျော်ရွှင်စွာလေ့လာသင်ကြားမိပါလိမ့်မယ်။ 

          ဒုတိယမြောက်နေ့ရဲ့ ညနေပိုင်းအချိန်ကိုတော့ ရုပ်ရှင်ရုံ (သို့မဟုတ်) ပြဇာတ်ရုံမှာ ကုန်ဆုံးရပါလိမ့်မယ်။ ဟမ်းမလက်ပြဇာတ်ထဲက စွဲမက်စရာရုပ်ပုံတွေ၊ အသံကျယ်ကျယ်ပြောတတ်တဲ့ သရုပ်ဆောင်တွေ၊ အရောင်အသွေးစုံတဲ့ အဲလိဇဘက်ပုံစံအဝတ်အစားတွေ၊ ရှူခင်းပုံတွေကို ကျွန်မ အရမ်းကြည့်ချင်ပါတယ်။ 

          စည်းချက်ကျကျလှုပ်ရှားမှုရဲ့ ဝံ့ကြွားတင့်တယ်ခြင်းကို ကျွန်မ မခံစားနိုင်ပါဘူး။ လက်တွေနဲ့ မထိတွေ့နိုင်ခဲ့ရင် ကျွန်မ မသိနိုင်ပါဘူး။ စည်းချက်ညီညာမှုကို ကျွန်မ အနည်းငယ်ခံစားနိုင်သော်လည်း ပါလိုဗါအလှရဲ့ခမ်းနားမှုကို ခပ်ရေးရေးသာ သိနိုင်ပါတယ်။ ကြမ်းပြင်ရဲ့တုန်ခါမှုမှတဆင့် ဂီတ၏စည်းချက်ကို ကျွန်မ ခံစားကြည့်မိပါတယ်။ စည်းချက်ကျကျလှုပ်ရှား ကခုန်ခြင်းဆိုတာ ကမ္ဘာပေါ်မှ ကျေနပ်စရာအကောင်းဆုံးမြင်ကွင်းတစ်ခုလို့ ကျွန်မ တွေးကြည့်မိပါတယ်။ စီတန်းထားတဲ့ မာဘယ်ကျောက်တုံးတွေကို ကျွန်မရဲ့လက်တွေနဲ့ ထိတွေ့ခံစားပြီး နားလည်ဖို့ ကြိုးစားပါတယ်။ ရွေ့လျားမှုမရှိတဲ့မာဘယ်ကျောက်တုံးတွေဟာ ဒီလောက်ချစ်စရာကောင်းခဲ့ရင် ရွေ့လျားနေတဲ့အလှတရားကို ကြည့်ရတာ ဘယ်လောက်စိတ်လှုပ်ရှားစရာကောင်းမလဲ စဉ်းစားကြည့်ပါတော့။ 

          နောက်တစ်နေ့မနက်ခင်းမှာ အာရုဏ်ဦးကို ကျွန်မ နုတ်ခွန်းဆက်ပါမယ်။ စိတ်လှုပ်ရှားစွာနဲ့ ပျော်ရွှင်မှုအသစ်ကို ရှာဖွေကြည့်ပါမယ်။ တတိယမြောက်နေ့မှာတော့ အလုပ်ကို လှုပ်ရှားသွားလာနေကြတဲ့ လူ့လောကကမ္ဘာကြီးနဲ့ အချိန်တွေ ကုန်ဆုံးချင်ပါတယ်။ ကျွန်မရဲ့ ဦးတည်ရာကတော့ မြို့ကြီးပြကြီးပါ။ 

          ပထမဆုံး ပျားပန်းခပ်လှုပ်ရှားနေတဲ့လမ်းထောင့်လေးမှာ ထိုင်ပြီး၊ လူတွေကို ကြည့်နေချင်ပါတယ်။ လမ်းထောင့်မှာ ထိုင်ကြည့်ပြီး၊ လူတွေရဲ့နေ့စဉ်ဘဝကို နားလည်ဖို့ ကြိုးစားကြည့်ပါမယ်။ အပြုံးတွေကို တွေ့ရင် ကျွန်မ ပျော်မိပါမယ်။ ရဲ့ဝံ့တဲ့ဆုံးဖြတ်ချက်တွေကို တွေ့ရင် ကျွန်မ ဂုဏ်ယူမိပါမယ်။ နာကျင်ခံစားမှုတွေကို တွေ့ရင် ကျွန်မ သနားမိပါလိမ့်မယ်။

          ပဉ္စမရိပ်မြိုင်လမ်းမကြီးတစ်လျှောက် ကျွန်မ ဖြေးဖြေးချင်းလမ်းလျှောက်သွားနေပါတယ်။ ကျွန်မ မျက်လုံးတွေနဲ့ ဘယ်အရာကိုမှ စူးစိုက်ပြီး မကြည့်တော့ပါဘူး။ အမြဲရွေ့နေတဲ့အရောင်တွေ၊ ပုံရိပ်တွေကိုပဲ ကြည့်နေမိပါတယ်။ လူအုပ်ကြီးထဲမှ မိန်းမတွေရဲ့ဝတ်စုံအရောင်အသွေးတွေဟာ ကျွန်မ မမောတမ်း ကြည့်နေချင်တဲ့အရာတွေဖြစ်လိမ့်မယ်လို့ အသေအချာပြောနိုင်ပါတယ်။ ကျွန်မမှာ အမြင်အာရုံပိုင်ဆိုင်ခဲ့ရင် အခြားအမျိုးသမီးတွေလိုပဲ ဖြစ်ပါလိမ့်မယ်။ လူထုကြီးထဲမှ စတိုင်တွေ၊ အရောင်တွေရဲ့ ခမ်းနားတောက်ပခြင်းတွေကို ကျွန်မ အထူးသတိထားစောင့်ကြည့်မိမှာတော့ အသေအချာပါဘဲ။ 

          ပဉ္စမရိပ်မြိုင်လမ်းမကြီးမှတဆင့် မြို့တော်ကြီးထဲကို ကျွန်မ လျှောက်ကြည့်ပါမယ်။ ဆင်းရဲသားရပ်ကွက်တွေကို သွားပါမယ်။ စက်ရုံတွေကို သွားပါမယ်။ ကလေးတွေကစားနေတဲ့ ကစားကွင်းတွေအထိ သွားကြည့်ပါမယ်။ နိုင်ငံခြားသားတွေရဲ့ ရပ်ကွက်ထဲမှ အိမ်တစ်အိမ်မှာ သွားရောက်ပြီး နေထိုင်ချင်ပါသေးတယ်။ ပျော်ရွှင်မှုတွေ၊ ဝမ်းနည်းကြေကွဲမှုတွေကို တွေ့မြင်နိုင်ဖို့ ကျွန်မ မျက်လုံးတွေကို အမြဲခပ်ကျယ်ကျယ် ဖွင့်ထားပါမယ်။ လူတွေရဲ့ အလုပ်လုပ်ပုံ၊ နေထိုင်ပုံတွေကို ကျွန်မ ပိုပြီး နက်နက်ရှိုင်းရှိုင်း မြင်တွေ့ချင်ပါတယ်။ ကျွန်မရဲ့ သိရှိနားလည်းခြင်းထဲကို ထပ်မံပေါင်းထည့်လိုပါတယ်။ 

          ကျွန်မ မျက်စိမြင်ခွင့်ရတဲ့ သုံးရက်အချိန်မှာ ပြည့်လုနီးပါပြီ။ ကျန်ရှိတဲ့နာရီအနည်းငယ် အချိန်လေးမှာ အခြားအရေးတကြီးလုပ်ကိုင်စရာတွေ အများကြီးရှိနိုင်ပါသေးတယ်။ နောက်ဆုံးနေ့ရဲ့ ညနေခင်းလေးမှာ ကျွန်မ ပြဇာတ်ရုံကို တစ်ခေါက်ပြေးသွားချင်ပါသေးတယ်။ ပြဇာတ်ရုံမှာ ဟာသပြဇာတ်တစ်ပုဒ်ကို ကျွန်မ ကြည်ချင်ပါသေးတယ်။ လူသားရဲ့စိတ်ဝိဥာဏ်ရှိ ဟာသဥာဏ်လေးကို ကျွန်မဂုဏ်ပြုချင်လို့ပါ။ 

          ည သန်းခေါင်အချိန်မှာတော့ ကျွန်မအတွက် ထာဝရ အမှောင်ထုကြီးပြန်ရောက်လာပါပြီ။ သုံးရက်ဆိုသည့်ထိုအချိန်ပိုင်းလေးအတွင်းမှာ ကျွန်မ ကြည့်ချင်တာအားလုံးကို ကြည့်နိုင်ဖို့ မဖြစ်နိုင်ပါဘူး။ ထာဝရအမှောင်ထုကြီး ကျွန်မ အပေါ်ပြန်ဖုံးလွှမ်းချိန်မှာ ကျွန်မ မကြည့်လိုက်ရတာ ဘယ်လောက်များပြားသလဲဆိုတာကို သိလိုက်ရပါပြီ။ 

          သင်လည်း နောက်သုံးရက်အကြာတွင် မျက်စိအမြင်မရနိုင်တော့ကြောင်း သိရှိရခဲ့လျှင် ကျွန်မကဲ့သို့ အစီအစဉ်ဆွဲနိုင်ပါသည်။ ထိုအစီအစဉ်သည် ကျွန်မ၏အစီအစဉ်နှင့် ကွဲပြားနိုင်ပါသည်။ ထိုကဲ့သို့ သင် တွေ့ကြုံရတော့မည်ဆိုလျှင် သင်၏မျက်လုံးကို ယခင်အချိန်များနှင့် လုံးဝမတူအောင် အသုံးချတော့မည်ဟု ကျွန်မ သေချာပေါက်ပြောလိုပါသည်။ သင် တွေ့မြင်သမျှအရာရာကို ချစ်ခင်မိပါလိမ့်မည်။ သင်၏မြင်ကွင်း အတွင်းရောက်လာသည့် အရာရာတိုင်းကို တွေ့ထိမြင်သိပါလိမ့်မည်။ နောက်ဆုံးတွင် အလှတရားဖြင့်ပြည့်နေသည့် ကမ္ဘာသစ်တစ်ခု သင့်အမြင်တွင် ပေါ်ပေါက်လာပါလိမ့်မည်။ 

          မျက်စိအမြင်အာရုဏ်မရှိသည့် ကျွန်မ အနေဖြင့် အမြင်အာရုဏ်ပိုင်ဆိုင်ထားသောလူများကို အကြံဥာဏ်တစ်ခုလောက်ပေးချင်ပါသည်။ မနက်ဖြန်တွင် မျက်စိကွယ်တော့မည်ဟု သဘောထားပြီး မျက်လုံးများကို သုံးစွဲပါ။ အခြားသောအာရုဏ်ခံစားမှုများအတွက်လည်း ထိုကဲ့သို့နည်းလမ်းဖြင့် အသုံးပြုနိုင်ပါသည်။ စကားသံတို့၏ဂီတကို နားဆင်ပါ။ ငှက်ကလေးတစ်ကောင်၏ တေးဆိုသံကို နားဆင်ပါ။ တီးဝိုင်းကြီး၏အားအင်ကြီးမားသည့်ဂီတကို နားဆင်ပါ။ ထိုအသံတို့ကို မနက်ဖြန်တွင် အကြားအာရုဏ်ချို့တဲ့တော့မည်ဟု စိတ်ထဲတွင် ထားပြီး နားဆင်ခံစားပါ။ 

          မနက်ဖြန်တွင် ထိတွေ့ခံစားမှုအာရုဏ်ဆုံးရှူံးတော့မည်ဟု သဘောထားပြီး၊ အရာရာကို ထိတွေ့ ခံစားပါ။ ပန်းပွင့်တို့၏ မွှေးရနံ့ကို ခံစားပါ။ အစားအစာတိုင်း၏ အရသာကို မက်မောစွာ ခံစားစားသုံးပါ။ မနက်ဖြန်တွင် ထိုအာရုဏ်တို့ မခံစားနိုင်တော့ဘူးဟု စိတ်ထဲတွင်ထားပြီး သေချာစွာ ခံစားပေးပါ။

          အာရုဏ်ခံစားမှုတိုင်းကို အစွမ်းကုန်ထက်မြက်အောင် ကြိုးစားပါ။ သဘာဝတရားအရကမ္ဘာကြီးမှ သင့်အတွက်ရရှိသော ပျော်ရွှင်မှုသုခတရား၊ အလှတရားတို့အတွက် ဂုဏ်ယူလိုက်စမ်းပါ။ ကျွန်မ သေချာပေါက် ပြောနိုင်သည့်အချက်တစ်ခုကတော့ အာရုဏ်ခံစားမှုများအနက် အမြင်အာရုဏ်ကို ခံစားရခြင်းသည် ဝမ်းမြောက်စရာ အကောင်းဆုံးဖြစ်ပါသည်။ 

( Three Days to See by Helen Keller ကို ဘာသာပြန်ဆိုခြင်း ဖြစ်ပါသည်။  တင်ဝင်းထွန်း 

No comments:

Post a Comment