Monday, March 24, 2014

အဝေးကြီးက လာခဲ့ရတာပါ


         “တစ်ဆယ့်ခြောက်ပါ။”လို့ ကျမ ဖြေလိုက်ပါတယ်။


          ကျမ နှစ်တန်းတက်နေတုန်းက ဆရာမဂျိုက်စ်ကူးပါး မေးခဲ့တဲ့မေးခွန်းကို
အခုအချိန်မှာ မမှတ်မိတော့ပါဘူး။ ကျမရဲ့အဖြေကိုတော့ မှတ်မိနေပါတယ်။ ဗါဂျီးနီးယားပြည်နယ်၊
နော်ဖို့မြို့မှ စမောလ်ဝှတ်ထ်မူလတန်းကျောင်းလေးမှာ ကျမ တက်ပါတယ်။ ကျမအဖြေကို တခန်းလုံး
ဝိုင်းရယ်ကြပါတယ်။ ကမ္ဘာပေါ်မှာ အတုံးဆုံးကျောင်းသားတစ်ယောက်လို ကျမ ခံစားရပါတယ်။

          မစ္စစ်ကူးပါးရဲ့ခပ်တင်းတင်းအကြည့်မှာ ရယ်သံတွေ ရပ်သွားပါတယ်။


          “ငါတို့ အားလုံးလေ့လာဖို့ ဒီကိုလာကြတာကွယ့်” လို့ ဆရာမက ပြောလိုက်ပါတယ်။


          စာသင်ချိန်နောက်တစ်ချိန်မှာ စာတစ်ပိုဒ်ရေးခိုင်းပါတယ်။ ဘဝမှာ ဘာဖြစ်ချင်သလဲဆိုသည့် အကြောင်းအရာပါ။

“မစ္စစ်ကူးပါး လို ကျောင်းဆရာမဖြစ်ချင်ပါသည်” လို့ ကျမ ရေးလိုက်ပါတယ်။



“မင်းဟာ ထင်ရှားတဲ့ကျောင်းဆရာမတစ်ယောက်ဖြစ်လာမှာပဲ။ ဘာကြောင့်လဲဆိုတော့
မင်း ဆုံးဖြတ်ချက်ချပြီးပြီ။ ပြီးတော့ အလုပ်ကိုလဲ ကြိုးစားတယ်လေ။”

          ဒီစကားလုံးလေးတွေကို ကျမရဲ့နှလုံးသားမှာ နှစ်ပေါင်း နှစ်ဆယ့်ခုနှစ်နှစ်လုံးလုံး သိမ်းထားခဲ့ပါတယ်။ ၁၉၇၆ ခုနှစ်မှာ အထက်တန်းစာမေးပွဲကို ကျမ အောင်မြင်ပါတယ်။ ထိုနှစ်မှာ စက်ပြင်ဆရာဘင် နဲ့ လက်ထပ်ခဲ့ပါတယ်။ သိပ်မကြာမှီ သမီးလေး လတိုညာ ကို မွေးဖွါးခဲ့ပါတယ်။


       တစ်နေ့တစ်နေ့ အလျှင်မှီဖို့ မနည်းကြိုးအစားရပါတယ်။ ကောလိပ်တက်ဖို့၊ စာသင်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်တဲ့အရာပါ။ 

          သို့သော်လည်းကျောင်းတစ်ကျောင်းမှာ သန့်ရှင်းရေးလက်ထောက်အဖြစ် လုပ်ကိုင်ပါတယ်။ လယ်ရီမိုးမူလတန်းကျောင်းမှ စာသင်ခန်း ၁၇ ခန်းကို နေ့တိုင်း သန့်ရှင်းရေးလုပ်ရပါတယ်။ မစ္စစ်ကူးပါးရဲ့ စာသင်ခန်းလည်း ပါဝင်ပါတယ်။ စမောဝှတ်ထ် မူလတန်းကျောင်း ပိတ်လိုက်ပြီးနောက် လယ်ရီမိုးကျောင်းကို ဆရာမပြောင်းလာခဲ့တာပါ။

          ကျမစာသင်ပြချင်ကြောင်း ဆရာမကို ပြောရင်တော့ ကျမကို လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ကျမစာအုပ်ထဲမှာ ရေးခဲ့တဲ့အတိုင်း ပြန်ပြောဦးမယ်ထင်ပါတယ်။ သို့သော်လည်း ငွေရှင်းပြေစာတွေ ကျမကို အမြဲစောင့်မျှော်လျှက်ရှိပါတယ်။
          ၁၉၈၆ ခုနှစ်အတွင်း တစ်ရက်မှာတော့ စဉ်းစားဖြစ်ပါတယ်။ ကလေးတွေကို ကျမ ဘယ်လောက်ပြင်းပြင်းပြပြ ကူညီချင်နေမိတယ်ဆိုတာကိုတွေးနေမိပါတယ်။ ကျမရဲ့အိပ်မက်တွေအတွက် မနက်ပိုင်းမှာ ဆရာမအဖြစ် ကျောင်းကို ရောက်နေရမှာပါ။နေ့လည်ပိုင်း သန့်ရှင်းရေးလုပ်သူဖြစ်နေလို့ မရပါဘူး။ 



          ကျမယောကျ်ားဘင် နဲ့ သမီးလေး လတိုညာ ကို ကျမလုပ်ချင်တာတွေကို ဖွင့်ပြောပါတယ်။ အဖြေရှာပါတယ်။ အိုးဒိုမီနီယံ တက္ကသိုလ်မှာ ကျမ စာရင်းသွင်းလိုက်ပါတယ်။
ခုနှစ်နှစ်လုံးလုံး မနက်ပိုင်း အလုပ်မသွားမှီ ကျောင်းတက်ပါတယ်။ အလုပ်မှ အိမ်ပြန်ရောက်ချိန်မှာ
စာကြည့်ပါတယ်။ နေ့ပိုင်း အတန်းတက်စရာ မရှိသည့်ရက်တွေမှာ ဆရာမ မစ္စစ်ကူးပါး ထံမှာ စာသင်လက်ထောက်အဖြစ် လုပ်ကိုင်ပါတယ်။ 

          ကျမလုပ်ချင်တာတွေကိုပြီးမြောက်အောင်လုပ်ကိုင်ဖို့ ကျမမှာခွန်အားတွေရှိပါ့မလားလို့ တခါတရံမှာ တွေးမိပါတယ်။ ပထမဆုံးအကြိမ်အဖြစ် စာမေးပွဲကျတဲ့အခါ ကျောင်းထွက်လိုက်ဖို့ ကျမ ပြောပြီးတိုင်ပင်ဖြစ်ပါတယ်။ ကျမညီမ ဟယ်လင် က ကျောင်းထွက်ဖို့ကို ခါးခါးသီးသီးငြင်းဆန်ပါတယ်။



“အစ်မ ဆရာမဖြစ်ချင်တာလေ။ အခုရပ်ဖို့လုပ်လိုက်ရင် အစ်မရဲ့အိပ်မက်ကို ဘယ်တော့မှ အကောင်အထည်ဖေါ်နိုင်တော့မှာ မဟုတ်ဘူး။”

           နောက်ဆုတ်အရှူံးမပေးဖို့ဆိုတဲ့ အကြောင်းအရာကိုဟယ်လင် ကောင်းကောင်းသိပါတယ်။ သူမ ဆီးချိုရောဂါကို အမြဲတိုက်ခိုက်နေရလို့ပါ။ ကျမတို့တစ်ဦးဦး ဆုံးရှူံးမှုတွေ တွေ့ကြုံခဲ့ချိန်မှာ “အစ်မ အဲဒါကို ဆက်လုပ်ရမယ်။ ငါတို့ အဲဒါကိုဆက်လုပ်ရမယ်” လို့ ဟယ်လင် အမြဲပြောဆိုခဲ့တာပါ။ 

          ၁၉၈၇ ခုနှစ်မှာ ကျမညီမ ဟယ်လင် ကျောက်ကပ်ပျက်စီးပြီး သေဆုံးခဲ့ပါတယ်။
သေဆုံးချိန်မှာ အသက် ၂၄နှစ်ပဲ ရှိသေးပါတယ်။ ဆီးချိုကြောင့် ကျောက်ကပ်တွေပျက်စီးခဲ့တာပါ။
ကျမတို့နှစ်ယောက်အတွက် အောင်မြင်မှုကိုဖန်တီးဖို့အတွက် ကျမတာဝန်ဖြစ်လာပါပြီ။

          ၁၉၉၃ ခုနှစ် မေလ ၈ ရက်နေ့ဟာ ကျမရဲ့အိပ်မက်တွေထဲကနေ့ရက်အမှန်ဖြစ်လာပါတယ်။ ထိုနေ့မှာ ကျမ ဘွဲ့ယူပါတယ်။ ကောလိပ်ကျောင်းမှ ဘွဲရခဲ့ပါပြီ။စာသင်ကြားဖို့တရားဝင်လိုင်စင်လည်း ရရှိပါပြီ။ ကျမ ဆရာမတစ်ယောက်ဖြစ်ဖို့အတွက် အရည်အသွေးပြည့်မှီသွားပါပြီ။ 

         ကျမကျောင်း ၃ ကျောင်းကို အင်တာဗျူးဝင်ခဲ့ပါတယ်။ 
“မင်းရဲ့မျက်မှာကို တော်တော်ရင်းရင်းနှီးနှီးတွေ့ဖူးတယ်” လို့ ကိုးလမင်းပလေ့ မူလတန်းကျောင်းမှ
ကျောင်းအုပ်ကြီးက ကျမပြောပါတယ်။ လယ်ရီမိုးမူလတန်းကျောင်းမှာ လွန်ခဲ့တဲ့ ၁၀နှစ်က ကျောင်းအုပ်ကြီး
အလုပ်လုပ်ခဲ့ဖူးပါတယ်။ ကျမ သူမရဲ့အခန်းကို သန့်ရှင်းရေးလုပ်ခဲ့ရပါတယ်။ သူမ ကျမကို မှတ်မိသွားပါတယ်။ 

        အခုအချိန်အထိ ကျမကို သေချာတဲ့ကမ်းလှမ်းမှုတွေမလုပ်သေးပါဘူး။ သန့်ရှင်းရေးအကူအဖြစ် ၁၈နှစ်မြောက် အလုပ်ကန်ထရိုက်ကို ရေးထိုးပြီးချိန်မှာဆရာမအလုပ်အတွက် ဖုန်းခေါ်ဆိုမှုကို လက်ခံရပါတယ်။ ကိုးမင်းပလေ့မူလတန်းကျောင်းမှာ ပဉ္စမတန်းကိုစာသင်ကြားဖို့ ကျမအလုပ်ရရှိပါတယ်။ 

         ကျမ စာသင်ကြားချိန် သိပ်မကြာမှီ ဖြစ်ရပ်လေးတစ်ခုဖြစ်ပွါးပါတယ်။ ထိုဖြစ်ရပ်လေးကြောင့် အတိတ်ကာလဆီကို ကျမပြန်ရောက်သွားပါတယ်။ ကျောက်သင်ပုန်းမှာ သဒ္ဒါအမှားတွေအများကြီး
ပါဝင်တဲ့စာကြောင်းတစ်ကြောင်းကို ကျမ ရေးလိုက်ပါတယ်။ ထိုနောက် ကျောင်းသားတွေကို အခန်းရှေ့ထွက်ပြီး၊ စာကြောင်းအမှားကို ပြင်ပေးဖို့ခေါ်လိုက်ပါတယ်။ 

          မိန်းကလေးတစ်ဦး ထွက်လာပါတယ်။ အတန်းရှေ့ကိုမရောက်မှီ လမ်းတစ်ဝက်မှာ ကြောင်တောင်တောင်ဖြစ်ပြီး၊ ရပ်နေပါတယ်။ အခြားကလေးတွေ အားလုံး
သူမကို ဝိုင်းရယ်ကြပါတယ်။ သူမ ပါးပြင်ပေါ်ကို မျက်ရည်တွေ စီးကျလာပါတယ်။ သူမကို ကျမ ဖက်လိုက်ပြီး၊ ရေတစ်ခွက်သောက်ဖို့ ပြောလိုက်ပါတယ်။ ဆရာမ မစ္စစ်ကူးပါးကို ကျမ သတိရလိုက်ပါတယ်။ ကျမ ခပ်တင်းတင်းကြည့်ပြီး၊ကျောင်းသားတွေကို တိတ်အောင်လုပ်လိုက်ပါတယ်။

“ငါတို့ အားလုံးလေ့လာဖို့ ဒီကိုလာကြတာကွယ့်” လို့ ကျမ ပြောလိုက်ပါတယ်။

( “We have come a Long Way by Pat Bonney Shepherd” ကို ဘာသာပြန်ဆိုခြင်းဖြစ်ပါသည်။  ) 

No comments:

Post a Comment