ကန္တာရဆန်သော အင်ဒီယားနားလမ်းမကြီးအတိုင်း ကားမောင်းလာစဉ်
“လတ်ဆတ်သောလီမွန်နစ်ဖျော်ရည်ရမည်” ဟူသောဆိုင်းဘုတ်ကို တွေ့လိုက်သောကြောင့် ကားကို ဆွဲကွေ့လိုက်ပါသည်။
ဓါတ်ဆီဆိုင် သို့မဟုတ် စတိုးဆိုင်လေးတစ်ဆိုင်တွေ့ရမည်ဟု ထင်မိသော်လည်း တကယ်တမ်းတွေ့လိုက်ရသည်မှာ
အိမ်လေးတစ်လုံးပါ။ စင်ဝင်အောက်တွင် အဖိုးကြီးတစ်ယောက်ထိုင်နေပါသည်။ ကျွန်တော် ကားထဲမှထွက်စဉ်
အနီးအနားတွင် မည်သူမျှ မတွေ့မိပါ။ အဖိုးကြီးက ကျွန်တော့်ကို လီမွန်နစ်တစ်ခွက်ထည့်ပေးပြီး၊
ထိုင်ခုံနေရာပေးပါသည်။ ထိုနေရာသည် ဂျုံခင်း၊ ကောင်းကင်ကြီး၊ နေရောင်ခြည်တို့နှင့် အလွန်သာယာလှပသောနေရာလေးပါ။
ကျွန်တော့်ခရီးစဉ်နှင့်
ရာသီဥတုအခြေအနေကို စကားစမြည်ပြောမိပါသည်။ ကျွန်တော့်မှာ မိသားစုရှိပါသလားဟု အဖိုးကြီးက
မေးပါတယ်။ ကျွန်တော်ကလည်း မင်္ဂလာဆောင်ပြီးတာ မကြာသေးကြောင်း မကြာမှီကလေးရမည်ဟု မျှော်လင့်ရကြောင်း
ပြန်ပြောမိသည်။ မိသားစုကို အလွန်အရေးပေးသောကျေနပ်မှုမျိုးဖြင့် အဖိုးကြီးသည် အလွန်ကျေနပ်နေပါသည်။
အဖိုးကြီးက သူ့ဘဝကို ကျွန်တော့်ကို ပြောပြပါသည်။ မှတ်သားလောက်သောကြောင့် ကျွန်တော်ပြန်ပြီး
မျှဝေပေးပါရစေ။
“မိသားစုနဲ့ပတ်သက်ရင်တော့
အမြဲတမ်းအရေးပါတာလေးတွေပါ။ မိန်းမရယ် ကလေးတွေရယ် မင်းပိုင်ဆိုင်တဲ့အိမ်ကလေးတစ်လုံးရယ်ပေါ့ကွာ။
မင်း အရွယ်တုန်းက အချိန်လေးတွေကို အမြဲသတိရနေသေးတယ်ကွာ” လို့ အဖိုးကြီး ပြောပါတယ်။
“မိသားစုဘဝကို
ရလာလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့မိပါဘူး။ ကျုပ်မှာ မိသားစုကြီးကြီးမားမား မရှိပါဘူး။
ဇွဲကောင်းကောင်းနဲ့ တည်ဆောက်ခဲ့ပါတယ်။ ကျွန်တော့်ကို နှစ်ဖက်မိဘတွေ ချစ်ခင်ကြပါတယ်။
အခုအချိန်မှာတော့ နှစ်ဖက်မိဘတွေရဲ့ ရည်ရွယ်ချက်တွေ ကောင်းမွန်ခဲ့တယ်ဆိုတာ သဘောပေါက်ခဲ့ပါပြီ။
အခက်အခဲတွေကို ကြံ့ကြံ့ခံခဲ့ရပါတယ်။ ညပေါင်းများစွာ အိပ်ယာထဲမှာ လှဲရင်း ကွာရှင်းပြတ်စဲခြင်းကို
စဉ်းစားခဲ့ရပါတယ်။”
ဇနီးမယားဆိုတာ
ဘာလဲ။ မိသားစုဆိုတာ ဘာလဲ။ ဘာကြောင့် ဒီလိုဖြစ်ရတာလဲ။ ငါ့ကလေးတွေကို အိမ်ထောင်ရေးအဆင်မပြေမှုကို
ဘယ်တော့မှ မကြုံတွေ့စေရဘူးလို့ ဆုံးဖြတ်လိုက်ပါတယ်။
“ကျုပ် ဆယ်ကျော်သက်အရွယ်တုန်းက စိတ်လှုပ်လှုပ်ရှားရှားဖြစ်ခဲ့ဖူးတယ်။
အချစ်ဆိုတာကို မယုံဘူး။ ပြင်းထန်တဲ့ စိတ်ခံစားမှုတစ်ခုလို့ ထင်ခဲ့တယ်။ သူမနဲ့ကတော့ သူငယ်ချင်းလိုပါဘဲ။
ရှစ်တန်းမှာ ကျုပ်တို့ ကြိုက်သွားကြတယ်။ ကျုပ်တို့ စကားတွေဖေါင်ဖွဲ့အောင်ပြောနေသော်လည်း
ရင်ထဲရှိတာတွေကို သိုဝှက်ပြီး မသိအောင် သိမ်းထားကြတယ်။ သူမက အကောင်းဆုံးအဖေါ်မွန်ပါပဲ။
အထက်တန်းကျောင်း တက်တုန်းကာလတွေမှာ ကျုပ်တို့နှစ်ယောက်က စွယ်တော်ရွက်လိုပါ။” လို့ အဖိုးကြီးက
ပြောပါတယ်။
“သူမ မိသားစုမှာ ပြဿနာတွေဖြစ်ကြတယ်ကွ။ ကျုပ် သူမကို ကူညီတယ်ကွာ။
အကောင်းဆုံးဂရုစိုက်တယ်ကွာ။ သူမက သိပ်ကိုလှတယ်။ စမတ်ကျတယ်။ အခြားကောင်တွေလဲ သူ့ကို
လိုချင်ကြတယ်။ ကျုပ်ကလဲ သူ့ကို ဘယ်လက်လွှတ်ခံနိုင်မှာလဲ။” လို့ အဖိုးကြီးက တွေတွေလေးလေး
ပြောပါတယ်။
“ကျုပ်တို့တစ်ခါအတူတူ အပြင်ထွက်ဖို့ ကြိုးစားတယ်ကွာ။ ဒါပေမယ့်
မထင်မှတ်တဲ့ ပြဿနာတွေ တက်လာပြီး၊ ၉လလုံးလုံး စကားမပြောကြဘူး။ ဒါပေမယ့် ကျုပ်လဲ စာတိုလေးရေးပြီး
ပြန်ဆက်ဖို့ လုပ်တယ်ကွာ။ စာပြန်လာတယ်ကွ။ အခြေအနေတွေ တဖြည်းဖြည်းပြန်ကောင်းလာတယ်ကွာ။
အဲဒီနောက် သူ ကောလိပ်ဆက်တက်တယ်။”
အဖိုးကြီး လီမွန်နစ် ထပ်ထည့်ပေးပါတယ်။
“သူ့အဖေနေတဲ့ မင်နီဆိုတားမှာ သူ ကျောင်းသွားတက်တယ်။ ကျုပ်က
ဘေ့စ်ဘော ကစားချင်တယ်။ ကျောင်းတွေ တစ်ကျောင်းပြီး တစ်ကျောင်း ကျုပ်ကို ပယ်ချတယ်ကွ။
နောက်ဆုံးမှ မင်နီဆိုတာပြည်နယ် ကျောင်းအသေးလေးက ကျုပ်ကို လက်ခံလိုက်တယ်။ တော်တော့ကို
ခက်ခဲတယ်ကွာ။ အဲဒီအကြောင်းတွေ ပြောပြတော့ သူ ငိုတယ်ကွ။” လို့ အဖိုးကြီးက သူ့ရဲ့ပျော်ရွှင်စရာအချိန်လေးတွေကို
ပြုံးရင်းပြောပါတယ်။
“ကျုပ်တို့ စပြီး၊ ချိန်းတွေ့ကြတယ်။ ငါ့အခန်းထဲမှာ သူ့ကို
ပထမဆုံးအနမ်းပေးခဲ့ချိန်လေးကို သတိရနေတုန်းပေါ့ကွာ။ ကျုပ် နှလုံးသား အရမ်းကို ခုန်နေပြီး
ငြင်းလိုက်မလားလို့ အရမ်းစိုးရိမ်နေတယ်ကွာ။ ဒါပေမယ့် ကျုပ်တို့ရဲ့အချစ်တွေ ဆက်လက်ကြီးထွားလာခဲ့ပါတယ်။
ကောလိပ်ကျောင်းပြီးတော့ ကျုပ် ဘေ့စ်ဘော ဆက်ပြီး ကစားခဲ့တယ်။ ကျုပ်တို့ ဘုရားကျောင်းခုံတွေကြားမှာ
သူ့လက်လေးကို ကိုင်ပြီး၊ လက်တွဲလမ်းလျှောက်ရမယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့မိပါဘူး။”
“အဖိုးတို့ ကလေးတွေရခဲ့ကြပါသလား” လို့ ကျွန်တော်မေးမိပါတယ်။
အဖိုးကြီးက ပြုံးပြီး ပြန်ပြောတယ်။
“လေးယောက်ရတယ်လေ။”
“ကလေးတွေကို ကျောင်းထားတယ်။ ဘဝကို အကောင်းဆုံးနေထိုင်ဖို့
ကျုပ်တို့သိသလောက် သင်ပေးတယ်ကွာ။ အခုတော့ ကလေးတွေလဲ အိမ်ထောင်ရက်သားကြပြီး သားသမီးတွေ
ကိုယ်စီနဲ့ပေါ့။ သူတို့ကလေးတွေနဲ့ ပျော်ပျော်ရွှင်ရွှင်တွေ့ရင် အရမ်းဂုဏ်ယူတယ်။ ဘဝဆိုတာ
နေပျော်စရာကြီးပါကွ။”
“ကလေးတွေ အိမ်ခွဲသွားတော့ မိန်းမနဲ့ ကျုပ်နဲ့ ခရီးတွေထွက်ကြတယ်။
ငယ်ငယ်တုန်းကလို တစ်ယောက်ရဲ့လက်ကို တစ်ယောက်က ဆုပ်ကိုင်ထားရင်းပေါ့။”
No comments:
Post a Comment