Monday, May 19, 2014

ကျမ မျက်လုံးတွေပွင့်လာခဲ့ပြီ….( 1 )



ကျမရဲ့အိမ်ဖေါ်မလေး ခံစားနေရတဲ့အိမ်တွင်းအကြမ်းဖက်မှုကို မသိကျိုးနွံပြုခဲ့ပေမယ့် - နောက်ဆုံး အကြမ်းဖက်မှု ကျမအိမ်အထိ ရောက်လာခဲ့ပြီလေ…

          ကျမနဲ့ ကျမယောက်ျား ခီရှမ်း ဟာ ဒေလီဇာတိပါ။ ကျမယောကျာ်းက အထက်တန်းဘဏ်အရာရှိအဖြစ်လုပ်ကိုင်ပြီး၊ သုံးနှစ်တစ်ခါ မြို့အသစ်တစ်ခုကို ပြောင်းရပါတယ်။ ဒါကြောင့် ၂၀၀၆ ခုနှစ်မှာ ကျမတို့ ဘင်ဂလော မြို့မှာ နေထိုင်ပါတယ်။ ကျမတို့ ဘင်ဂလော မြို့ရောက်ပြီး မကြာခင် ဂီးတလို့ခေါ်တဲ့ အိမ်ဖေါ်မလေးတစ်ယောက် ငှားခဲ့ပါတယ်။
          သူမဟာ ရှက်တတ်ကြောက်တတ်ပါတယ်။ သို့ပေမယ့် သိပ်မကြာမှီ သူမဘဝကို ဖွင့်ဟပြောပါတယ်။ သူမဟာ ကြောက်စရာနှိပ်စက်မှုရဲ့သားကောင်ပါ။ ညတိုင်းလိုလို သူမယောက်ျား ရက်ရက်စက်စက် ရိုက်ပါတယ်။ သူမရှာဖွေသမျှကို အရက်သောက်တယ်။ လောင်းကစားလုပ်တယ်။ သူမမှာ ကျွေးမွေးဖို့ ကလေးသုံးယောက်ရှိပါတယ်။ 

          တစ်ညမှာတော့ ကျမရဲ့ ဆယ်ကျော်သက်သမီးနှစ်ယောက်နဲ့အတူ ညစာစားရင်း၊ အိမ်ဖေါ်မလေးရဲ့ဒုက္ခဆိုးကို ကျမယောက်ျားကို ပြောပြလိုက်တယ်။ လင်နဲ့မယားကြားမှာ ဘာတွေပဲဖြစ်ဖြစ် ဒါသူတို့ရဲ့ကိုယ်ပိုင်ကိစ္စလို့ ကျမယောက်ျား ပြန်ပြောပါတယ်။ အိမ်ဖေါ်မလေးကိစ္စကို စိတ်ဝင်စားမယ့်အစား သမီးတွေရဲ့ကျောင်းကိစ္စကို ပိုစိတ်ဝင်စားသင့်တယ်လို့ ကျမယောက်ျား ပြောပါတယ်။ ဒါဟာ ကျမ အကောင်းဆုံးလုပ်ရမယ့်ကိစ္စဆိုပြီး သဘောတူလိုက်ပါတယ်။ 

          နေ့တိုင်း ကျမတို့အိမ်ကို နှစ်နှစ်လုံးလုံး လာပြီး၊ အိမ်ဖေါ်မလေး အလုပ်လုပ်ပါတယ်။ သူမခံစားနေရတာ ကျမ မျက်မြင်ပါ။ သူမရဲ့မျက်နှာဟာ ရိုက်နှက်မှုကြောင့် အညိုအမဲစွဲ၊ ရောင်ကိုင်းနေပါတယ်။ သူမရဲ့အခြေအနေ ပိုပြီး ဆိုးဆိုးလာတာကို တွေ့ပါတယ်။ သနားပါတယ်လို့ တွေးမိပေမဲ့ ဘာမှ အရေးတယူ လုပ်မပေးမိပါဘူး။

          သူမကို ဆောင်ရွက်ပေးမဲ့အစား၊ ကျမဘဝရဲ့လုပ်ဆောင်စရာကိုပဲ ဆက်လုပ်မိပါတယ်။ ကျမယောက်ျား အလုပ်အခြေအနေကောင်းပါတယ်။ ကျမတို့ကြား ချစ်ချစ်ခင်ခင်ပါပဲ။ ချောမောတဲ့ သမီးနှစ်ယောက်အတွက်လဲ ဂုဏ်ယူမိပါတယ်။
          သို့ပေမဲ့ ဒီအခြေအနေလေးဟာ သိပ်မကြာပါဘူး။ ကျမသမီးကြီး ဒီပိကား သူ့မရဲ့စာနယ်ဇင်းဘာသာရပ်မှာ အတော်ကြိုးစားရတာ ကျမ သတိထားမိတယ်။ သမီးရဲ့ပရောဖက်ဆာကို ကျမ လာတွေ့တဲ့အခါ သတင်းဆိုးကြီးကို ကြားလိုက်ရပါတော့တယ်။ ကျမသမီး ဒီပိကား အတန်းမတက်တာ လေးလရှိပြီတဲ့။

          ကျမယောက်ျားနဲ့ကျမ မျက်နှာချင်းဆိုင်မေးတဲ့အခါမှာ ကျောင်းမှာတွေ့တဲ့ကောင်လေးနဲ့ ကျောင်းမတက်တော့ဘဲ၊ လက်ထပ်ဖို့ စီစဉ်နေတယ်လို့ သမီးပြောပါတယ်။ ဒီအခြေအနေနဲ့ လက်ထပ်ဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ ကျမတို့နှစ်ယောက် သမီးကိုပြောကြပါတယ်။ သူမ ဘွဲ့ရတဲ့အထိ ကျောင်းဆက်တက်ရမယ်။
          ကျမသမီး ခေါင်းမာနေပါတယ်။ သူမရည်းစားကောင်လေးက ကျောင်းထုတ်ခံထားရပြီး၊ အလုပ်မရှိပါဘူး။ အရက်လဲ အရမ်းသောက်ပါတယ်။ ဒါကြောင့် ကျမတို့ စိုးရိမ်မိတာပါ။ ကျမသမီး လက်ထပ်ဖို့ အချိန်ဆွဲထားလိမ့်မယ်လို့ ကျမထင်မိပါတယ်။ အဲဒီအချိန် သူ့စိတ်ကို ကျမတို့ ပြောင်းနိုင်မယ်လို့ ထင်ပါတယ်။ တကယ်မဖြစ်လာခဲ့ပါဘူး။ 

          ကျမသမီး ညဉ့်နက်ပိုင်းပါတီတွေ တက်ပါတယ်။ သူမကို စည်းကမ်းနဲ့ ထိန်းချုပ်ဖို့ ကြိုးစားတဲ့အခါ၊ သတ်သေမယ်လို့ ခြိမ်းခြောက်ပါတယ်။ ကျမယောက်ျား သမီးကို လက်ထပ်ဖို့ မကန့်ကွက်ခဲ့ချိန်မှာ အခြေအနေ သိပ်ဆိုးသွားပါပြီ။ အသဲကွဲရပါပြီ။ ကျမမှာ ရွေးစရာမရှိတော့ပါဘူး။ အရက်သမားတစ်ယောက်နဲ့ လက်ထပ်ဖို့ သဘောတူပေးလိုက်ရပါပြီ။


     

No comments:

Post a Comment