Friday, May 9, 2014

မြတ်စွာဘုရားချီးမွမ်းသည့် သူနာပြုလုပ်ငန်း



{ မြတ်စွာဘုရား၏ လူသားဆန်သောအပြုအမူနှင့် လက်တွေ့ကျသည့်လူမှုရေးတရားများကို သိစေရန် ကူယူဖေါ်ပြခြင်း ဖြစ်ပါသည်။ }

မြတ်စွာဘုရားချီးမွမ်းသည့် သူနာပြုလုပ်ငန်း 

          သူနာပြုလုပ်ငန်းများနှင့် ပတ်သက်ပြီးတော့ မြတ်စွာဘုရားရှင် သက်တော်ထင်ရှားရှိစဉ်က ဇေတဝန်ကျောင်းဝိုင်းကြီးရဲ့အစွန်အဖျား ကျောင်းငယ်လေးတစ်ခုမှာ ဦးတိဿဆိုတဲ့ ရဟန်းကြီးတစ်ပါးဟာ တစ်ကိုယ်လုံးအနာတွေ ပေါက်လို့ပြည်တရွဲရွဲစိုနေပြီး၊ ပုတ်စော်ညှီစော်နံနေတယ်။ အနာတွေလဲ တစ်ကိုယ်လုံးပွနေတော့ မထနိုင်၊ မထိုင်နိုင်ဘဲ အိပ်ယာထဲမှာ လူးလိမ့်နေရှာတယ်။ အိပ်ယာပေါ်မှာဘဲ ချေးသေးပါပြီး၊ အိပ်ယာထဲမှ မထနိုင်ဘူးဖြစ်နေပါတယ်။ အနာပြည်တွေဟာ သင်္ကန်းနဲ့ ကပ်နေပြီး၊ ပြည်တွေ ခြောက်တဲ့အခါ သင်္ကန်းနဲ့ ကိုယ်နဲ့ ခွါလို့မရဖြစ်နေပါတယ်။ ဒီအကြောင်းကို မြတ်စွာဘုရားရှင် ကြားသိတော်မူသည့်အခါ၊ အာနန္ဒာကို ခေါ်ပြီး၊ ကျောင်းစဉ် လှည့်ကြည့်တော်မူတယ်။ 

          တိဿရဟန်းကြီးရဲ့ ကျောင်းကို ရောက်တဲ့အခါ မြတ်စွာဘုရားကိုယ်တော်တိုင် ရေနွေးကြိုပြီး၊ အနာပြည်စေးတွေကို ရေနွေးနှင့် ဖန်ရည်ဆေးပေးတော်မူတယ်။ ချေး၊ သေး အညစ်အကြေးတွေကို သုတ်သင်ရှင်းလင်းပေးပါတယ်။ အနာပြည်တွေ စိုလာတဲ့အခါ သင်္ကန်းကို ခွါယူပြီး၊ လျှော်ဖွတ်ပေးပါတယ်။
စသည်ဖြင့် နေထိုင်မကောင်းသည့်ရဟန်းအား မြတ်စွာဘုရားရှင် ကိုယ်တော်တိုင်ပြုစုလုပ်ကိုင်၊ သန့်ရှင်းစေခဲ့ပါတယ်။ 

          သူနာကို ပြုစုခြင်းသည် ငါ ဘုရားကို ပြုစုရာရောက်ကြောင်း မြတ်စွာဘုရားရှင်မှ သူနာပြုစုရန် တိုက်တွန်းဟောကြားတော်မူခဲ့ပါတယ်။ မြတ်စွာဘုရားရှင်မှ သူနာပြုများတွင် လိုအပ်သည့် အရည်အချင်းများကို အောက်ပါအတိုင်း ဟောကြားတော်မူခဲ့ပါသေးတယ်။

၁) ဆေးဖျော်၊ ဆေးစပ် ကျွမ်းကျင်၍ ဆေးဝါးအကြောင်း နားလည်ရမည်။
၂) သင့်- မသင့် အစားအစာ ရွေးချယ် ကျွေးတတ်ရမည်။
၃) ငွေကြေးလာဘ်လာဘ မငဲ့မကွက် ရွေးချယ် ကျွေးတတ်ရမည်။
၎) ကျင်ကြီး၊ ကျင်ငယ်၊ တံတွေး အန်ဖတ်များကို မရွံတတ်ရ။
၅) လူနာ၊ စိတ်ဓါတ် တက်ကြွအောင် အားပေးစကားပြောကြားတတ်ရမယ်- လို့ ဟောကြားတော်မူခဲ့ပါတယ်။

No comments:

Post a Comment