Friday, May 9, 2014

ကိုယ်ချင်းစားတရားနှင့် ကိုယ်ကျင့်သီလ



၆၅။  မေး။  ။ ကိုယ်ချင်းစာတရားနှင့် ကိုယ်ကျင့်သီလဟာ ဆက်စပ်မှု ရှိပါသလား။

       ဖြေ။  ။ ကိုယ်ချင်းစာတရားနှင့် ကိုယ်ကျင့် သီလဟာ ဆက်စပ်မှု ရှိရုံမျှမက ကိုယ်ကျင့်သီလဆိုတာ ကိုယ်ချင်းစာတရားအပေါ်မှာ အခြေခံပြီး တည်ဆောက်ထားတာပါ။ သီလရဲ့ အကျဉ်းချုပ်ကတော့ ကိုယ်မကြိုက်တဲ့အမှုကို သူတစ်ပါးအပေါ်မှာ မပြုမိဖို့ပါပဲ။ မိမိကို သူတစ်ပါးက သတ်ဖြတ်ညဉ်းဆဲတာကို မကြိုက်ရင် သူတစ်ပါးလည်း ငါလိုရှိမှာပဲလို့ ကိုယ်ချင်းစာတရားထားပြီး သူတစ်ပါးကို သတ်ဖြတ်ညဉ်းဆဲခြင်း မပြုဘဲ နေသင့်ပါတယ်။ ကိုယ့်ပစ္စည်း ခိုးဝှက်ယူငင်နေတာကို မကြိုက်ရင် သူတစ်ပါးလည်း ငါလိုရှိမှာပဲလို့ ကိုယ်ချင်းစာတရားထားပြီး ခိုးမှု၊ လုယက်မှု၊ အနိုင်အထက်ပြုလုပ်မှု၊ လိမ်ညာမှုများကို ရှောင်ကြဉ်သင့်ပါတယ်။ 

          ကိုယ့်သားမယား ဖျက်ဆီးတာ၊ ကိုယ့်သားပျို သမီးပျို ဖျက်ဆီးတာကို မကြိုက်ရင် သူတစ်ပါးလည်း ငါလိုရှိမှာပဲလို့ ကိုယ်ချင်းစာပြီး ကာမေသု မိစ္ဆာစာရမှ ရှောင်ကြည်သင့်ပါတယ်။ ကိုယ့်အပေါ်မှာ လိမ်ညာလှည့်ဖြားတာကို မကြိုက်ရင် သူတစ်ပါးလည်း ငါလိုရှိမှာပဲလို့ ကိုယ်ချင်းစာတရား လက်ကိုင်ထားပြီး မုသာဝါဒမှ ရှောင်ကြည်သင့်ပါတယ်။ မိမိမိတ်ဆွေနှင့် ကွဲအောင် ကုန်းတိုက်စကားပြောကြားမှုကို မကြိုက်ရင် ကုန်းတိုက်စကားပြောခြင်းမှ ရှောင်ကြဉ်သင့်ပါတယ်။ သူတစ်ပါးမှ မိမိအပေါ် ဆဲရေးတိုင်းထွာပြီး ငေါက်ငမ်းပြောဆိုတာကို မကြိုက်ရင် မိမိလည်း သူတစ်ပါးအပေါ် ထိုသို့ပြောဆိုခြင်းမှာ ရှောင်ကြဉ်သင့်ပါတယ်။ 

          အလားတူပဲ မိမိလိုလားကြိုက်နှစ်သက်တဲ့ အပြုအမူ၊ အပြောအဆိုတွေကို သူတစ်ပါးအပေါ် ပြုမူပြောဆိုဆက်ဆံလို့ရှိရင် ကိုယ်ချင်းစာတရားကို လက်ကိုင်ထားရာ ရောက်ပါတယ်။
          ဒါကြောင့်အကျဉ်းချုပ်အားဖြင့် လူတွေဟာ ကိုယ်ချင်းစာတရား လက်ကိုင်ထားကြမယ်ဆိုရင် လက်ငင်းပစ္စုပ္ပန်မှာလည်း လူသားထုတစ်ရပ်လုံး ချမ်းသာကြမယ်။ ကိုယ်ချင်းစာတရားကို ကျင့်သုံးကြမယ်ဆိုရင် ဒီဘဝမှာလည်း ဝဝလင်လင် ကောင်းကောင်းစား၊ လှလှပပဝတ်ပြီး၊ မိသားစု၊ မိတ်ဆွေများနှင့် ပျော်ပျော်ရွှင်ရွှင်နေနိုင်ကြောင်းကို “ဝေဌုဒွါရေယျသုတ်” မှာ မြတ်စွာဘုရားဟောကြားခဲ့ပါတယ်။

{ မောင်အံ့(မဟာဝိဇ္ဇာ-ဘုံဘေ) ရေးသားသော “ဗုဒ္ဓ၏လူမှုရေးလမ်းညွှန်ချက်များ” စာအုပ်မှ ကောက်နုတ်ဖေါ်ပြပါသည်။  }

No comments:

Post a Comment