Saturday, May 17, 2014

မှတ်မိသမျှ- ကိုအောင်ဆန်း၏ ကျောင်းသားဘဝ - သခင်ကျော်စိန် - ( ၁ )

  ဗိုလ်ချုပ်အောင်ဆန်း (ဝါ) သခင်အောင်ဆန်း (ဝါ) ကိုအောင်ဆန်းနှင့် ကျောင်းနေဘက် နိုင်ငံရေးလုပ်ဖေါ်ကိုင်ဘက်တဦးဖြစ်၍ ကျောင်း၌နေစဉ်က မှတ်မိသမျှကို မှတ်တမ်းတင်လိုက်ပါသည်။
          ကိုအောင်ဆန်းသည် ကျွန်တော်တို့ထက် ၂နှစ်စော၍ တက္ကသိုလ်သို့ ရောက်ရှိနေပါသည်။ ကိုအောင်ဆန်းကို ကျွန်တော်တို့အတန်းဆင်းချိန်နှင့် သူအတန်းတက်ရန် သုတ်သီးသုတ်ပျာလာချိန်တို့တွင် “အင်းဝ” ဆောင်ရှေ့တွင် မကြာခဏ ဆုံစည်းမိတတ်ကြပါသည်။ နောက် ကိုအောင်ဆန်းနှင့် ကျွန်တော်တို့ ခင်မင်ရင်းနှီးလာခဲ့ကြပါသည်။ 

          ကိုအောင်ဆန်း၏ ကျောင်းသားဘဝ ဝတ်ပုံစားပုံမှာ ကျွန်တော်တို့အဖို့ အတော်ကြီး ထူးဆန်းနေသလို ဖြစ်ခဲ့ပါသည်။ ရှတ်အကျီကို ကြယ်သီးအပြည့်မတပ်ဘဲ ပင်နီအပေါ်အကျီကို ကပိုကရိုဝတ်၍ မန္တလေးလုံချည် အနွမ်းကိုပင် ဆင်မြန်းကာ ဆံပင်စုတ်ဖွါးနှင့် သင်ကြားပို့ချချက်များ လိုက်ရန် မှတ်စုစာအုပ်လက်တွင်ကိုင်ပြီး၊ စိုက်စိုက်စိုက်စိုက် သွားတတ်သည်ကို ယခုတိုင်ပင် မှတ်မိလျှက်ရှိပါသည်။

          ကျွန်တော်တို့ အသိမိတ်ဆွေသူငယ်ချင်းများနှင့်တွေ့လျှင် ကိုအောင်ဆန်းသည် ပြုံး၍သာ နှုတ်ဆက်ပြီး ရှေ့ဆက်စိုက်စိုက် စိုက်စိုက်သွားလေ့ရှိပါသည်။ တခုခုကို အစဉ် အာရုံစိုက်ပြီး နေသောအသွင်မှာ အမြဲထင်ရှား၍ နေပါသည်။ 

          ကိုအောင်ဆန်းသည် ကျောင်းတွင် သူငယ်ချင်းများနှင့် “ဟေးလား--ဝါးလား” စကားဖွဲ့လေ့ မရှိပါ။ သင်ကြားပို့ချသမျှကို အမြဲအာရုံစိုက်ပြီး နားထောင်မှတ်သားလေ့ရှိပါသည်။ ထို့ကြောင့် စာမေးပွဲတိုင်း ကောင်းစွာ အောင်မြင်သည်ချည်း ဖြစ်ပါသည်။
          ကိုအောင်ဆန်းနှင့် ခင်မင်ရင်းနှီးလာပြီး၊ သူ၏အခန်းသို့ သွားရောက်လည်ပတ်သောအခါ သူ၏အခန်းမှာ မသေသပ်ဆုံး အခန်းတခု အမြဲဖြစ်နေသည်ကို ကောင်းစွာ သတိပြုမိသည်။

          တခါတရံ ကိုအောင်ဆန်းသည် ညလုံးပေါက်စာဖါတ်လေ့ရှိပါသည်။ စာသင်ခန်းတွင် နှုတ်ဆိတ်သလောက် သူ၏အခန်းရောက်၍ စကားစမိလျှင် ကိုအောင်ဆန်းသည် အာဘောင်အာရင်း သန်သန်နှင့် စိတ်ပါလက်ပါ ပြောလေ့ရှိပါသည်။ 
မည်သည်ကို လေ့လာလေ့လာ နှိုက်နှိုက်ချွတ်ချွတ် အပင်ပန်းခံပြီး လေ့လာတတ်ပါသည်။ ထို့ကြောင့် ကိုအောင်ဆန်း စကားပြောလျှင် ပိုင်ပိုင်နိုင်နိုင် ပြောလည်း ပြောနိုင်ပါသည်။ သူ၏ပြောဟန်ထဲမှ “ဒီမယ်- ဒီမယ်” ဟု ပြောပုံများ “ကိုယ့်လူ- ကိုယ့်လူ”ဟု ပြောပုံများမှာ နားထဲတွင်စွဲ၍ ယနေ့တိုင် ရှိနေပါသေးသည်။

          တညနေတွင် သထုံဆောင်၌နေသော ကိုကျော်ငြိမ်း(ယခု ဒုဝန်ကြီးချုပ်) ၊ ကိုအောင်ဆန်းနှင့် ကျွန်တော်တို့သုံးဦးသား တက္ကသိုလ်ရိပ်သာလမ်းနှင့် အင်းလျားလမ်းထောင့် (ယခုကုလားလဘက်ရည်ဆိုင်နား) တွင် ရောင်းချသော အကြောင်ဆိုင်၌ တဝစားကြပြီး အင်းလျားကန်ဘက်သို့ လျှောက်ကြပါသည်။ ဘင်္ဂါလီလူငယ်များ၏ ခြောက်လှန့်သတ်ဖြတ်ရေးဝါဒ ( Terrorism ) ကို သူရွံ့ရှာ မုန်းတီးပုံ အားရပါးရ ပြောပြီးလျှင် သူသည် တဦးချင်း လူစွမ်းကောင်းဝါဒကို မုန်းတီးကြောင်း၊ စုပေါင်း စည်းရုံးလုပ်ကိုင်ခြင်း ( organized action ) ကိုသာ ယုံကြည်ကြောင်း တနာရီကျော်ကျော်ခန့် ပြောနိုင်ခဲ့ပါသည်။

          ကိုအောင်ဆန်းစာဖါတ်ပုံမှာ အတော်ကြီးစနစ်ကျလှပါသည်။ ပထမစာအုပ်၏ မာတိကာကို ကောင်းစွာ မှတ်သားပါသည်။ နောက် တခန်းစီဖတ်လျက် ဖတ်ပြီးသားအခန်းများ၏ အချုပ်သဘောကို မှတ်စုစာအုပ်ဖြစ်စေ၊ စာရွက်လွတ်၌ ဖြစ်စေ မာတိကာခေါင်းစဉ်ချ၍ အတိုချုပ် ( Summary ) မိမိဘာသာမိမိ ရေးသားလေ့ရှိပါသည်။ ကိုအောင်ဆန်းသည် ကျောင်းစာနှင့် အပြင်စာ နှစ်ခုလုံးကို ကျေလည်အောင်ဖတ်နိုင်သော သတ္တိရှိသူဖြစ်လေသည်။

          ထိုခေတ်အခါက ပေါ်ပေါက်နေသော ပြဿနာများ၊ အခြေအနေများကို မကြာခဏဆိုသလို ကိုအောင်ဆန်းနှင့် ဆွေးနွေးကြပါသည်။ ကိုအောင်ဆန်းသည် အဖြီးအဖြန်းမပါဘဲ လိုရင်းချက်များကို ပြတ်ပြတ်သားသားတစ်တစ်ခွခွ ဖေါ်ထုတ်လေ့ရှိပါသည်။ စာရေးရာတွင်လည်း အင်္ဂလိပ်ဘာသာနှင့် ဖြစ်စေ၊ မြန်မာဘာသာနှင့်ဖြစ်စေ၊ ထိထိမိမိ ထင်ရှားပေါ်လွင်အောင် ရေးသားနိုင်ပါသည်။ ၂ ဘာသာစလုံးကို ကောင်းကောင်းကြီး ကျွမ်းကျွမ်းကျင်ကျင် ရေးနိုင်သူများ နည်းပါးသော်လည်း ကိုအောင်ဆန်းမှာ ထိုသို့ရေးနိုင်သူတဦး ဖြစ်ပါသည်။ 

( Zawgyi )
            ဗိုလ္ခ်ဳပ္ေအာင္ဆန္း (ဝါ) သခင္ေအာင္ဆန္း (ဝါ) ကိုေအာင္ဆန္းႏွင္႔ ေက်ာင္းေနဘက္ ႏိုင္ငံေရးလုပ္ေဖၚကိုင္ဘက္တဦးျဖစ္၍ ေက်ာင္း၌ေနစဥ္က မွတ္မိသမွ်ကို မွတ္တမ္းတင္လိုက္ပါသည္။
          ကိုေအာင္ဆန္းသည္ ကၽြန္ေတာ္တို႔ထက္ ၂ႏွစ္ေစာ၍ တကၠသိုလ္သို႔ ေရာက္ရိွေနပါသည္။ ကိုေအာင္ဆန္းကို ကၽြန္ေတာ္တို႔အတန္းဆင္းခ်ိန္ႏွင္႔ သူအတန္းတက္ရန္ သုတ္သီးသုတ္ပ်ာလာခ်ိန္တို႔တြင္ “အင္းဝ” ေဆာင္ေရွ႕တြင္ မၾကာခဏ ဆုံစည္းမိတတ္ၾကပါသည္။ ေနာက္ ကိုေအာင္ဆန္းႏွင္႔ ကၽြန္ေတာ္တို႔ ခင္မင္ရင္းႏွီးလာခဲ႔ၾကပါသည္။ 

          ကိုေအာင္ဆန္း၏ ေက်ာင္းသားဘဝ ဝတ္ပုံစားပုံမွာ ကၽြန္ေတာ္တို႔အဖို႔ အေတာ္ႀကီး ထူးဆန္းေနသလို ျဖစ္ခဲ႔ပါသည္။ ရွတ္အက်ီကို ၾကယ္သီးအျပည္႔မတပ္ဘဲ ပင္နီအေပၚအက်ီကို ကပိုကရိုဝတ္၍ မႏၱေလးလုံခ်ည္ အႏြမ္းကိုပင္ ဆင္ျမန္းကာ ဆံပင္စုတ္ဖြါးႏွင္႔ သင္ၾကားပို႔ခ်ခ်က္မ်ား လိုက္ရန္ မွတ္စုစာအုပ္လက္တြင္ကိုင္ၿပီး၊ စိုက္စိုက္စိုက္စိုက္ သြားတတ္သည္ကို ယခုတိုင္ပင္ မွတ္မိလွ်က္ရိွပါသည္။

          ကၽြန္ေတာ္တို႔ အသိမိတ္ေဆြသူငယ္ခ်င္းမ်ားႏွင္႔ေတြ႔လွ်င္ ကိုေအာင္ဆန္းသည္ ၿပံဳး၍သာ ႏႈတ္ဆက္ၿပီး ေရွ႕ဆက္စိုက္စိုက္ စိုက္စိုက္သြားေလ႔ရိွပါသည္။ တခုခုကို အစဥ္ အာရုံစိုက္ၿပီး ေနေသာအသြင္မွာ အၿမဲထင္ရွား၍ ေနပါသည္။ 

          ကိုေအာင္ဆန္းသည္ ေက်ာင္းတြင္ သူငယ္ခ်င္းမ်ားႏွင္႔ “ေဟးလား--ဝါးလား” စကားဖြဲ႔ေလ႔ မရိွပါ။ သင္ၾကားပို႔ခ်သမွ်ကို အၿမဲအာရုံစိုက္ၿပီး နားေထာင္မွတ္သားေလ႔ရိွပါသည္။ ထို႔ေၾကာင္႔ စာေမးပြဲတိုင္း ေကာင္းစြာ ေအာင္ျမင္သည္ခ်ည္း ျဖစ္ပါသည္။
          ကိုေအာင္ဆန္းႏွင္႔ ခင္မင္ရင္းႏွီးလာၿပီး၊ သူ၏အခန္းသို႔ သြားေရာက္လည္ပတ္ေသာအခါ သူ၏အခန္းမွာ မေသသပ္ဆုံး အခန္းတခု အၿမဲျဖစ္ေနသည္ကို ေကာင္းစြာ သတိျပဳမိသည္။

          တခါတရံ ကိုေအာင္ဆန္းသည္ ညလုံးေပါက္စာဖါတ္ေလ႔ရိွပါသည္။ စာသင္ခန္းတြင္ ႏႈတ္ဆိတ္သေလာက္ သူ၏အခန္းေရာက္၍ စကားစမိလွ်င္ ကိုေအာင္ဆန္းသည္ အာေဘာင္အာရင္း သန္သန္ႏွင္႔ စိတ္ပါလက္ပါ ေျပာေလ႔ရိွပါသည္။ 
မည္သည္ကို ေလ႔လာေလ႔လာ ႏႈိက္ႏိႈက္ခၽြတ္ခၽြတ္ အပင္ပန္းခံၿပီး ေလ႔လာတတ္ပါသည္။ ထို႔ေၾကာင္႔ ကိုေအာင္ဆန္း စကားေျပာလွ်င္ ပိုင္ပိုင္ႏိုင္ႏိုင္ ေျပာလည္း ေျပာႏိုင္ပါသည္။ သူ၏ေျပာဟန္ထဲမွ “ဒီမယ္- ဒီမယ္” ဟု ေျပာပုံမ်ား “ကိုယ္႔လူ- ကိုုယ္႔လူ”ဟု ေျပာပုံမ်ားမွာ နားထဲတြင္စြဲ၍ ယေန႔တိုင္ ရိွေနပါေသးသည္။

          တညေနတြင္ သထုံေဆာင္၌ေနေသာ ကိုေက်ာ္ၿငိမ္း(ယခု ဒုဝန္ႀကီးခ်ဳပ္) ၊ ကိုေအာင္ဆန္းႏွင္႔ ကၽြန္ေတာ္တို႔သုံးဦးသား တကၠသိုလ္ရိပ္သာလမ္းႏွင္႔ အင္းလ်ားလမ္းေထာင္႔ (ယခုကုလားလဘက္ရည္ဆိုင္နား) တြင္ ေရာင္းခ်ေသာ အေၾကာင္ဆိုင္၌ တဝစားၾကၿပီး အင္းလ်ားကန္ဘက္သို႔ ေလွ်ာက္ၾကပါသည္။ ဘဂၤါလီလူငယ္မ်ား၏ ေျခာက္လွန္႔သတ္ျဖတ္ေရးဝါဒ ( Terrorism ) ကို သူရြံ႕ရွာ မုန္းတီးပုံ အားရပါးရ ေျပာၿပီးလွ်င္ သူသည္ တဦးခ်င္း လူစြမ္းေကာင္းဝါဒကို မုန္းတီးေၾကာင္း၊ စုေပါင္း စည္းရုံးလုပ္ကိုင္ျခင္း ( organized action ) ကိုသာ ယုံၾကည္ေၾကာင္း တနာရီေက်ာ္ေက်ာ္ခန္႔ ေျပာႏိုင္ခဲ႔ပါသည္။

          ကိုေအာင္ဆန္းစာဖါတ္ပုံမွာ အေတာ္ႀကီးစနစ္က်လွပါသည္။ ပထမစာအုပ္၏ မာတိကာကို ေကာင္းစြာ မွတ္သားပါသည္။ ေနာက္ တခန္းစီဖတ္လ်က္ ဖတ္ၿပီးသားအခန္းမ်ား၏ အခ်ဳပ္သေဘာကို မွတ္စုစာအုပ္ျဖစ္ေစ၊ စာရြက္လြတ္၌ ျဖစ္ေစ မာတိကာေခါင္းစဥ္ခ်၍ အတိုခ်ဳပ္ ( Summary ) မိမိဘာသာမိမိ ေရးသားေလ႔ရိွပါသည္။ ကိုေအာင္ဆန္းသည္ ေက်ာင္းစာႏွင္႔ အျပင္စာ ႏွစ္ခုလုံးကို ေက်လည္ေအာင္ဖတ္ႏိုင္ေသာ သတၱိရိွသူျဖစ္ေလသည္။

          ထိုေခတ္အခါက ေပၚေပါက္ေနေသာ ျပႆနာမ်ား၊ အေျခအေနမ်ားကို မၾကာခဏဆိုသလို ကိုေအာင္ဆန္းႏွင္႔ ေဆြးေႏြးၾကပါသည္။ ကိုေအာင္ဆန္းသည္ အၿဖီးအျဖန္းမပါဘဲ လိုရင္းခ်က္မ်ားကို ျပတ္ျပတ္သားသားတစ္တစ္ခြခြ ေဖၚထုတ္ေလ႔ရိွပါသည္။ စာေရးရာတြင္လည္း အဂၤလိပ္ဘာသာႏွင္႔ ျဖစ္ေစ၊ ျမန္မာဘာသာႏွင္႔ျဖစ္ေစ၊ ထိထိမိမိ ထင္ရွားေပၚလြင္ေအာင္ ေရးသားႏိုင္ပါသည္။ ၂ ဘာသာစလုံးကို ေကာင္းေကာင္းႀကီး ကၽြမ္းကၽြမ္းက်င္က်င္ ေရးႏိုင္သူမ်ား နည္းပါးေသာ္လည္း ကိုေအာင္ဆန္းမွာ ထိုသို႔ေရးႏိုင္သူတဦး ျဖစ္ပါသည္။ 

        

No comments:

Post a Comment